bap-logo
Data

ကရင်နီစစ်ဘေးရှောင် ၇၀ ရာခိုင်နှုန်း ဆန်လိုအပ်နေ

SxftACaoRdQs8k9ELwma1-image

လွန်ခဲ့သော တစ်နှစ် က

BAP၊ ဇူလိုင် ၁၈။

 

 

ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ဆန်ပြတ်လပ်မှု မြင့်တက်နေပြီး စစ်ဘေးရှောင် ၇၀ ရာခိုင်နှုန်းက ဆန်လိုအပ်နေသည်ဟု ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် တာဝန်ရှိတစ်ဦးက ဆိုသည်။

 

 

တချို့စစ်ဘေးရှောင်စခန်းတွေမှာ အလှူရှင် ၅ လ ၆ လလောက်မရောက်တာရှိလို့ နေရာတိုင်းလိုလိုမှာ ဆန် ပြတ်လပ်နေပြီး စစ်ဘေးရှောင်ရဲ့ ၇၀ ရာခိုင်နှုန်းလောက် လိုအပ်တယ်လို့ ပြောလို့ရတယ်” ဟု BAP သို့ ပြောသည်။

 

 

လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဆန်သယ်ယူသည့်အခါ အခက်ခဲများနှင့် ကြုံတွေ့နေရပြီး ဆန်ဈေးနှုန်း မြင့်တက်လာကာ ယခင်က ဆန်နှစ်အိတ် ဝယ်ရသည့်အခြေနေတွင် လက်ရှိ တစ်အိတ် လောက်သာ ရတော့သည့် အခြေနေဖြစ်နေသည်ဟုလည်း ဆိုသည်။

 

 

ဒီမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း တိုက်ပွဲဖြစ်တဲ့ တောင်ငူဘက်လမ်းက လမ်းပိတ်ထားတာ တစ်လဝန်းကျင် ရှိနေပြီ၊ ဆန်သယ်ရမယ့် လမ်းကြောင်းတွေမရှိတော့ ဆန်ဈေးက မြင့်တက်လာတယ်၊ ခုတစ်အိတ်ဆို ၈ သောင်း၊ ၉ သောင်းကနေ တစ်သိန်းထိ မြင့်တက်နေတာရှိတယ်” ဟု ၎င်းက ပြောသည်။

 

 

လမ်းပန်းဆက်သွယ်ရေးအရ ၆ သောင်းမှ ၇ သောင်းဝန်းကျင်ရှိ ဆန်များ မရောက်လာနိုင်တော့သည့် အပြင် တစ်သိန်းထိ ဈေးနှုန်းမြင့်တက်နေသည့် ဆန်များကိုလည်း အိတ်ရာနဲ့ချီ မရနိုင်ဘဲ ပြတ်လပ်နေသည်ဟု သိရသည်။

 

 

အလှူရှင်နည်းပါးလာသည့်အတွက် ဆန်အဓိကလိုအပ်သည့် စစ်ဘေးရှောင်များအတွက်သာ စာရင်း လုပ်ပြီး လိုက်လံဝေမျှနေရသဖြင့် အခက်အခဲ အများကြီး ရှိလာသည်ဟု ဆိုသည်။

 

လက်ရှိ မိုးရာသီကာလဖြစ်၍ ကရင်နီစစ်ဘေးရှောင်စခန်းများတွင် ဆန်အပြင် မိုးကာနှင့် ခြင်ထောင်များ၊ အနွေးထည်များ၊ စောင်များ အစရှိသည့် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသည်ဟုလည်း အသိပေးသည်။

 

 

စစ်ဘေးရှောင် ၁၀ ရာခိုင်နှုန်းကပဲ သွပ်နဲ့ မိုးနိုင်ပြီးတော့ ကျန် ၉၀ ရာခိုင်နှုန်းက မိုးကာနဲ့ပဲ မိုးနေရတဲ့ အခြေနေရှိတယ်၊ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးမကောင်းတာ၊ ဆေးဝါးတွေ ဈေးနှုန်း မြင့်တက် လာတာတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ ခက်ခဲနေကြတယ်” ဟု ၎င်းက ပြောသည်။

 

စစ်အာဏာသိမ်းပြီးနောက်တွင် ကရင်နီဒေသတွင် စစ်ဘေးရှောင်ဦးရေ ၂၇၀,၀၀၀ (နှစ်သိန်းခုနှစ်သောင်း) နီးပါးရှိလာပြီဖြစ်သည်။

 

ပုံစာ- ကရင်နီဒေသက စစ်ဘေးရှောင်စခန်းတစ်ခုကို တွေ့ရစဉ်

 

Burma Associated Press

 

ကရင်နီ
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ
ဒုက္ခသည်စခန်း

Share With
bap-logo