bap-logo
Politics

၁ နှစ်နီးပါး ပိတ်ဆို့ခံထားရတဲ့ အနန်းကွင်းဗျူဟာရဲ့ ဗျူဟာမှူး လဲဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ အခြေအနေ

SpKW6E4tUwFYa4GQ2cXdo-image

လွန်ခဲ့သော ၃ ရက် က

 

BAP၊ ဇန်နဝါရီ ၂။

 

ကရင်ပြည်နယ်၊ ကေအဲန်ယူ၊ တပ်မဟာ(၆) နယ်မြေ၊ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းမကြီးပေါ်မှာရှိတဲ့ အနန်းကွင်း စစ်ဗျူဟာစခန်းကို သိမ်းပိုက်ရရှိရေးအတွက် KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာ တစ်နှစ်ပြည့်တော့မဲ့အချိန်မှာ စစ်ကောင်စီဘက်က ဗျူဟာမှူးပြောင်းလဲဖို့ ကြိုးစားလာနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

စစ်ကောင်စီအနေနဲ့ အဆိုပါအနန်းကွင်းဗျူဟာမကျစေဖို့ မြေပြင်စစ်ကူ၊ လေကြောင်း တိုက်ခိုက်မှုတွေ ထောက်ပံ့မှုတွေနဲ့ လက်နက်ကြီးပစ်ကူတွေသုံးပြီး ယနေ့တိုင် ခုခံနေဆဲဖြစ်ပါတယ်။

 

အနန်းကွင်းမကျဖို့ ဒီကောင်တွေ စစ်ကြောင်းထိုးတာ ခဏခဏပဲ။ စစ်ကြောင်းတွေ စခန်းနဲ့ မပူးပေါင်း နိုင်အောင်လို့ ကျနော်တို့အမြဲပိတ်ဆို့တိုက်ခိုက်နေပါတယ်” လို့ ရှေ့တန်းရဲဘော်တစ်ဦးက ဆိုပါတယ်။

 

မကြာသေးခင်ရက်ပိုင်းကလည်း စစ်ကောင်စီက လွတ်ရှမ်းရွာဘက်ကနေ စစ်ကူအင်အား ရာနဲ့ချီကာ စစ်ကြောင်းထိုးပြီး ဗျူဟာကို ဝင်ရောက်ဖို့ ကြိုးစားခဲ့သေးတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

အခုလည်း စစ်ကြောင်းထိုးနေတာရှိပါတယ်။ တိုက်ပွဲကတော့ မကြာ မကြာဖြစ်ပွါးနေတာမျိုးပါ စစ်ကောင်စီအနေနဲ့ အနန်းကွင်းဗျူဟာမှူး ပြောင်းဖို့ပဲလား အင်အားဖြည့်ဖို့လာတော့ မသိရသေးဘူး။ ဟိုနေ့ကပဲ တိုက်ပွဲဖြစ်တာ အလောင်းနဲ့ လက်နက်တွေရလိုက်တယ်” လို့ ရှေ့တန်းရဲဘော်တစ်ဦးက BAP ကို ပြောပါတယ်။

 

ဒီဇင်ဘာလကုန်မှာဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်းမှာဆိုရင် စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးကာ ၄၀ နီးပါး ထိခိုက်ဒဏ်ရာရကာ လက်နက်ခဲယမ်းအချို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းဆည်း ရခဲ့တာပါ။

 

လက်ရှိ အနန်းကွင်းစစ်ဗျူဟာကို ဗျူဟာမှူးဗိုလ်မှူးကြီးဝဏ္ဏလှိုင်က ဦးဆောင်လျက်ရှိပြီး စခန်းအတွင်း မှာ စစ်ကောင်စီ အင်အား (၇၀) ဝန်းကျင်ခန့် ကျန်ရှိနေတယ်လို့လည်း ဆိုပါတယ်။

 

ဗျူဟာကို လာရောက်တဲ့ စစ်ကြောင်းတွေထံနေ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ပူးပေါင်းခဲ့တဲ့ စစ်ကောင်စီတပ်သား တွေကလည်း ၁၀ ဦးထက်မနည်းရှိခဲ့ပါတယ်။

 

အနန်းကွင်းရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးဝဏ္ဏလှိုင်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့နှစ် အမျိုးသားနေ့မှာ သူရဘွဲ့တံဆိပ်ပေးခဲ့ပါသေးတယ်။

 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ မဟာမိတ်တပ်တွေ စတင်ပိတ်ဆို့ခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လကနေ ယနေ့အထိဆိုရင် လက်ရှိ ဝဏ္ဏလှိုင်ဟာ ဒုတိယမြောက်ဗျူဟာမှူးဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဝဏ္ဏလှိုင်မတိုင်ခင် ဗျူဟာမှူးတုန်းက တိုက်ပွဲကြားမှာပဲ ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားတယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်က လက်နက်၊ ရိက္ခာတွေကို လေကြောင်းထောက်ပံ့ပို့ဆောင်မှု တွေသာ လုပ်ဆောင် နိုင်နေသေးပြီး ဗျူဟာထဲအထိ လူနာကောက်တာ အင်အားတိုးချဲ့တာတွေ မလုပ်ဆောင်နိုင်သေးဘူးလို့ လည်း မြေပြင်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

 

အနန်းကွင်းဗျူဟာကို တော်လှန်ရေးပူးပေါင်းတပ်တွေ ပိတ်ဆို့ထားချိန်မှာ သံဖြူဇရပ်မြို့၊ ဝဲကလီ တန်းမြင့်စစ်သင်တန်းကျောင်းဝန်းကျင်ကနေပြီး ဝင်းရေးမြို့နယ်အတွင်းသို့ လက်နက်ကြီးတွေ နေ့စဉ် ပစ်ခတ်နေလို့ အရပ်သားသေဆုံးတာတွေလည်းရှိနေပါတယ်။

 

စစ်ကောင်စီတပ်အနေနဲ့ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်၊ ဇီးနှစ်ပင်ကျေးရွာတွေမှာ အခြေပြုပြီး နေ့စဉ် ဆိုသလို ဒရုန်းနဲ့ဗုံးကြဲတာ ၊ လက်နက်ကြီးပစ်တာ စစ်ကြောင်းထိုးတာတွေကို ဆောင်ရွက်လျက် ရှိတယ်လို့ မြေပြင်သတင်းတွေကဆိုပါတယ်။

 

ပုံစာ - ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လက စစ်ကောင်စီက အနန်းကွင်းကျေးရွာကို လေကြောင်းမှ ဗုံးကြဲခဲ့စဉ်

 

Burma Associated Press

 

အနန်းကွင်း
ကရင်
KNLA

Share With
bap-logo