bap-logo
War

သေဆုံးသူ ရာဂဏန်းကျော်လာသည့် ဟားမက်စ်-အစ္စရေး တိုက်ပွဲများနှင့် နိုင်ငံတကာ၏ တုံ့ပြန်မှုများ

SmnUNeTKGJAVEWF7SsgCX-image

လွန်ခဲ့သော တစ်နှစ် က

သူတို့က သစ်ပင် တစ်ပင်နဲ့ တစ်ပင် ကူးပြီး ပစ်ကြတာ။

- အစ္စရေးပွဲတော်သို့သွားစဉ် တိုက်ခိုက်မှုကြုံတွေ့ရသူ၏ ပြောကြားချက်

 

Gili Yoskovich သည် အစ္စရေးတောင်ပိုင်း ဂါဇာကမ်းမြှောင်အနီး သေနတ်သမားများက စနေနေ့မနက် အစောပိုင်း ပစ်ခတ်တိုက်ခိုက်ခြင်းခံရသည့် အကဂီတပွဲတော်သို့ သွားရောက်ခဲ့သည့် လူငယ်ရာဂဏန်းထဲမှ တစ်ဦးဖြစ်သည်။

 

သူမက သစ်ပင်တစ်ပင်အောက်တွင် ပုန်းကွယ်ကာ သေနတ်သမားများ ဝင်ရောက်လာပြီး ပစ်ခတ်ခဲ့ပုံများကို တွေ့မြင်ရသမျှ BBC သို့ ပြောကြားခဲ့သည်။

 

သူတို့က မောင်းပြန်သေနတ်တွေနဲ့ နေရာအနှံ့ ရောက်လာတယ်။

 

နေရာအနှံ့လူတွေ သေလုမျောပါးဖြစ်နေကြတာ ကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မ အရမ်းငြိမ်နေခဲ့ရတယ်။ ကျွန်မ မငိုခဲ့ဘူး။ ကျွန်မ ဘာမှလည်း မလုပ်နိုင်ဘူး"

 

ကျွန်မ အသက်ရှူတယ်။ 'အိုကေ၊ ငါသေတော့မယ်။ အိုကေ။ အသက်ရှူစမ်း၊ မျက်စိပိတ်ထားလိုက်'”

 

သူမက သုံးနာရီကြာ ပုန်းအောင်းနေခဲ့ပြီး အစ္စရေးစစ်သားများ ရောက်ရှိလာကာ ကယ်တင်ခဲ့သည်။

 

ကျွန်မ အဲဒီက ထွက်လာနိုင်တဲ့သူတွေမှာ ပထမဆုံးပဲ။ တခြားသူတွေ ထွက်လာဖို့ နောက်ထပ် နှစ်နာရီ၊ သုံးနာရီ လောက် ကြာတယ်။ လမ်းတစ်လျောက်မှာ လူတွေ သေလုမျောပါးဖြစ်နေကြတယ်။ လမ်းပေါ်တစ်လျောက်ပဲ။ လူငယ်တွေ၊ လူငယ်တွေအတွက် ပွဲတော်မှာ ဖြစ်တာကိုး။”

 

လမ်းပေါ်မှာ သေလုမျောပါး လူတွေ အများကြီးမှ အများကြီးပဲ”

 

ဓားစာခံကယ်တင်ရေး မြေပြင်စစ်ဆင်ရေး စစ်နွှဲရန် လိုအပ်နိုင်

 

ညတွင်းချင်းပင် အရပ်သားများကို အိမ်တွင်းမှ သေနတ်ချိန်၍ ဆွဲထုတ်သွားပုံများ၊ ဂါဇာသို့ ခေါ်ဆောင်သွားပုံများ၊ ကင်မရာရှေ့မှာပင် အရှက်တကွဲဖြစ်စေရန် ပြုမူမှုများကို အစ္စရေးများသည် ဆိုရှယ်မီဒီယာပေါ်မှ ကြည့်ရှုခဲ့ကြရသည်။

 

၎င်းမှာ အစ္စရေးနိုင်ငံအတွင်း ပြင်းထန်သည့် တုန်လှုပ်ဖွယ်ရာဖြစ်သည်။ ၎င်းဓားစာခံများ၏ လုံခြုံရေးနှင့် ပြန်လည်ကယ်ဆယ်ရေးမှာ လူတိုင်း၏ စိတ်ထဲတွင် အရေးတကြီးဦးစားပေးစဉ်းစားနေကြမည်ဖြစ်သည်။

 

အတိတ်တွင် ဟားမက်စ်များသည် ဓားစာခံများ ဖမ်းဆီးလေ့ရှိပြီး ညှိနှိုင်းခြင်းဖြင့် အဆုံးသတ်လေ့ရှိပြီး တခါတရံ နှစ်များစွာ ကြာမြင့်လေ့ရှိသည်။ ပါလက်စတိုင်း အကျဉ်းသားထောင်ပေါင်းများစွာကို အကျဉ်းသားလဲလှယ်မှု ပြုလုပ်ခဲ့ကြသည်။

 

ယခုလည်း ဟားမက်စ်တို့သည် ၎င်းနည်းလမ်းအတိုင်း ပြုလိုခြင်းဖြစ်နိုင်သည်။ အစ္စရေးအကျဉ်းထောင်များ အတွင်းမှ ပါလက်စတိုင်း စစ်သွေးကြွများကို ဓားစာခံများနှင့် လဲလှယ်ရေး ကြိုးပမ်းမည်ဖြစ်သည်။

 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုက ဓားစာခံများ ထိခိုက်မှုရှိပါက ပြင်းထန်သည့် အကျိုးဆက်များ ကြုံတွေရမည်ဟု ဟားမက်စ်များကို သတိပေးထားသည်။

 

မြေပြင်စစ်ဆင်ရေးမပြုလုပ်ဘဲ ၎င်းဓားစာခံများကို ပြန်လည်ကယ်တင်ရန် ခက်ခဲပြီး အပြန်အလှန် ပစ်ခတ်မှုများအတွင်း ဓားစာခံများ မသေဆုံးအောင် ပြုလုပ်ရန်မှာလည်း ခက်ခဲသည်။

 

အစ္စရေး စစ်တပ်သည် ခြေလျင်တပ်များနှင့် တင့်ကားထောင်ပေါင်းများစွာကို ဂါဇာသို့ သွားသည့်လမ်းအတိုင်း ရွှေ့ပြောင်းနေသည်။ အခြေအနေတစ်ခုတွင် မြေပြင်စစ်ဆင်ရေးများကို ဆင်နွှဲလာနိုင်သည်။

 

အစ္စရေး အနည်းဆုံး ၃၀၀၊ ပါလက်စတိုင်း ၃၁၃ ဦး သေဆုံး

 

ယခုအချိန်အထိ အစ္စရေး အနည်းဆုံး ၃၀၀ သေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရကြောင်း တူရကီနိုင်ငံမှ အစ္စရေးသံရုံးက အစ္စရေးကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြောဆိုသည်။ ဆေးရုံများတွင် လူပေါင်း ၂၀၀၀ ခန့် ကုသမှုခံယူနေရပြီး ၁၉ ဦးမှာ စိုးရိမ်ရသည်ဟု ဖော်ပြထားသည်။

 

စနေနေ့မှ စတင်၍ အစ္စရေးတို့၏ လက်တုံ့ပြန် လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၃၁၃ ဦး သေဆုံးပြီး ၂၀၀၀ ခန့် ထိခိုက်ဒဏ်ရာရသည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ပါလက်စတိုင်း သေနတ်သမား ၄၀၀ ကျော်သေဆုံးပြီး ဒါဇင်ပေါင်းများစွာ အဖမ်းခံရ

 

ဂါဇာမှ ရုတ်တရက်တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း တိုက်ခိုက်ရေးသမားများသည် အစ္စရေးနိုင်ငံအတွင်း ဝင်ရောက်လာကာ အစ္စရေးလူမှုအသိုင်းအဝိုင်းများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။

 

၎င်းသေနတ်သမား ရာနှင့်ချီကာ သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားကြောင်း Reuters က ဖော်ပြထားသည်။

 

အစ္စရေးတောင်ပိုင်းနှင့် ဂါဇာကမ်းမြှောင်ဒေသတွင် ပါလက်စတိုင်း စစ်သွေးကြွ ၄၀၀ ကျော် သေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဖမ်းဆီးမိထားကြောင်း အစ္စရေးကာကွယ်ရေးပြောခွင့်ရ Daniel Hagari ကို ကိုးကား၍ Times of Israel က ဖော်ပြထားသည်

 

အစ္စရေးတောင်ပိုင်းနှင့် ဂါဇာကမ်းမြှောင်ဒေသတွင် ပါလက်စတိုင်း စစ်သွေးကြွ ၄၀၀ ကျော် သေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဖမ်းဆီးမိထားကြောင်း အစ္စရေးကာကွယ်ရေးပြောခွင့်ရ Daniel Hagari ကို ကိုးကား၍ Times of Israel က ဖော်ပြထားသည်။

 

အခုအချိန်ထိ Kfar Aza မှာ တပ်ဖွဲ့တွေ တိုက်ခိုက်နေကြပါတယ်။ မြို့အတော်များများမှာ ရှာဖွေမှုတွေ လုပ်နေပါတယ်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF - Israel Defense Forces)တွေ မြို့တိုင်းမှာ ရှိနေပါတယ်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေ မရှိတဲ့ မြို့ မရှိပါဘူး။ဟု ပြောကြားကြောင်း ဖော်ပြထားသည်။

 

အစ္စရေးက နေရာ ၈ ခုတွင် ထိတွေ့တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ပြောကြားထားသည်။

 

သတိပေးခဲ့ပါတယ်။

 

"ပါလက်စတိုင်းတွေ ဒုက္ခသည်စခန်းတွေမှာ နေရတာ ၇၅ နှစ် ရှိခဲ့ပြီဆိုတာ ကျွန်တော်တို့ ဘယ်နှစ်ကြိမ်တောင် သတိပေးခဲ့သလဲ၊ ကျွန်တော်တို့လူထုရဲ့ အခွင့်အရေးတွေကို အသိအမှတ်ပြုဖို့ ဘယ်နှစ်ကြိမ် ငြင်းဆိုခဲ့ကြသလဲ။" ဟာမက်စ်ခေါင်းဆောင် Ismail Haniyeh က ပြောကြားသည်။

 

ဂါဇာမှ လူထုသည် အစ္စရေး၏ ပိတ်ဆို့မှုအောက်တွင် ၁၆ နှစ်ကြာ နေထိုင်ခဲ့ကြရသည်။ ဂါဇာမှ စတင်ခဲ့သည့် တိုက်ခိုက်မှုများသည် အနောက်ဘက်ကမ်းခြေနှင့် ဂျေရုဆလင်အထိ ပျံ့နှံလာမည်ဟု Ismail Haniyeh က ပြောကြားခဲ့သည်။

 

ဘိုင်ဒန်က နေတန်ရာဟုကို ထောက်ပံ့ရန် ကမ်းလှမ်း

 

အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများက တိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြသည်။

 

အစ္စရေးသည် ၎င်းကို ၎င်း ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုပ်သံမှ ပြောကြားခဲ့သည်။ အစ္စရေးနှင့် ဆောဒီအာရေဗျနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ရရှိရန် အမေရိကန်က ကြိုးပမ်းနေခဲ့ပြီး အစ္စရေးအတွက် ၎င်းသဘောတူညီမှု ရရှိခဲ့ပါက အာရပ်တို့၏ အသိအမှတ်ပြုမှုရရှိရန် အစ္စရေးတို့၏ ဆယ်စုနှစ်များစွာ ကြိုးပမ်းမှု ဆုလာဘ် ဖြစ်လာမည်ဖြစ်သည်။ ပါလက်စတိုင်းတို့ကမူ ၎င်းသဘောတူညီမှုသည် ၎င်းတို့၏ လွတ်လပ်သောနိုင်ငံ အိပ်မက် ပျက်ဆီးသွားမည်ဟု စိုးရွံ့ကြသည်။

 

စနေနေ့စစ်ဆင်ရေးသည် အစ္စရေး၏ လုံခြုံရေး တောင်းဆိုချက်ကို လက်ခံခြင်းဖြင့် ငြိမ်းချမ်းရေးယူဆောင်လာမည်မဟုတ်ဟု အာရပ်နိုင်ငံများအသိအမှတ်ပြုလာနိုင်စေသည်ဟု လက်ဘနွန်နိုင်ငံမှ ဟားမက်စ်ခေါင်းဆောင် Osama Hamdan က Reuters သို့ စနေနေ့တွင် ပြောကြားသည်။

 

နိုင်ငံတကာ၏ တုံ့ပြန်မှု

 

အာရပ်အဖွဲ့ချုပ်

 

အာရပ်အဖွဲ့ချုပ်ခေါင်းဆောင် Ahmed Aboul Gheit က "ဂါဇာမှ စစ်ဆင်ရေးများနှင့် နှစ်ဘက် လက်နက်ကိုင်ရင်ဆိုင်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း၊ အစ္စရေး၏ အကြမ်းဖက် အစွန်းရောက်မူဝါဒများ ဆက်လက်ဖော်ဆောင်နေခြင်းသည် ကြိုတင်မြင်နေရသည့် အနာဂတ်တွင် ဒေသတွင်း တည်ငြိမ်မှုအခွင့်အရေး ဆုံးရှုံးစေမည့် အချိန်ကိုက်ဗုံးတစ်လုံးဖြစ်ကြောင်းပြောကြားခဲ့သည်။

 

ဘရာဇီး

 

ကုလလုံခြုံရေးကောင်စီဥက္ကဌ ဘရာဇီးက အကြမ်းဖက်မှုများ တိုးမြင့်လာမှု ဖြေရှင်းရန် အရေးပေါ် အစည်းအဝေးခေါ်ယူမည်။

 

ဂါဇာကမ်းမြှောင်မှ အစ္စရေးကို စတင်တိုက်ခိုက်ခဲ့သည့် ဗုံးကြဲခြင်းနှင့် မြေပြင်တိုက်ခိုက်မှုများကို ဘရာဇီး အစိုးရက ရှုတ်ချကြောင်း” ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ဘယ်လဂျီယံ

 

ဘယ်လဂျီယံက အစ္စရေးအရပ်သားများကို ဒုံးကျည်အမြောက်အများအသုံးပြု တိုက်ခိုက်ခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း” နိုင်ငံခြားရေးဝန်‌ကြီး Hadja Lahbib က လူမှုမီဒီယာ X တွင် ဖော်ပြသည်။

 

တရုတ်

 

တရုတ်နိုင်ငံက အစ္စရေးနှင့် ပါလက်စတိုင်း အကြား အကြမ်းဖက်မှုများ တိုးမြှင့် များပြားလာခြင်းကို "အလေးအနက် စိုးရိမ်ကြောင်း”၊ ပါဝင်သူများအားလုံး "တည်ငြိမ်အေးဆေးကြရန်” တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်းဆိုလိုက်သည်။

 

ဥရောပသမဂ္ဂ

 

ဟားမက်စ် အကြမ်းဖက်တွေရဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုကို ပြတ်ပြတ်သားသားရှုတ်ချကြောင်း၊ အစ္စရေး သည် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်းဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen က X တွင် ပြောကြားသည်။

 

ဟစ်ဇ်ဘိုလာ

 

ဂါဇာမှ အခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ "ပါလက်စတိုင်းခုခံကာကွယ်ရေးသမားများ၏ ခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက်အဆက်အသွယ်ရှိကြောင်း"လက်ဘနွန်နိုင်ငံမှ လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာက ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ထားသည်။

 

အိန္ဒိယ

 

အိန္ဒိယဝန်ကြီးချုပ် မိုဒီက "ယခုကဲ့သို့ ခက်ခဲသည့်အချိန်တွင် အစ္စရေးနှင့် သွေးစည်းညီညွတ်စွာ” ရပ်တည်မည်ဟု ပြောကြားထားသည်။

 

အီရန်

 

ပါလက်စတိုင်းတို့၏ တိုက်ခိုက်မှုကို အီရန်မှ ထောက်ခံကြောင်း အီရန် အဓိပတိ Ali Hosseini Khamenei အကြံပေးက ပြောကြားကြောင်း အစိုးရတဝက် ISNA သတင်းဌာနမှ ဖော်ပြထားသည်။

 

ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတွေကို ချီးကျူးဂုဏ်ပြုပါတယ်။ ပါလက်စတိုင်းနဲ့ ဂျေရုဆလင် လွတ်မြောက်သည်အထိ ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတွေနဲ့ ရပ်တည်သွားပါမယ်။”

 

NATO

 

မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (နေတိုး) က "နေတိုး၏ မဟာမိတ် အစ္စရေးကို အကြမ်းဖက် ဟားမက်စ်တို့ တိုက်ခိုက်မှုကို” ရှုတ်ချကြောင်း ပြောခွင့်ရသူက ပြောကြားခဲ့သည်။

 

ရုရှား

 

ရုရှားက အစ္စရေး၊ ပါလက်စတိုင်း၊ အာရပ်နိုင်ငံများနှင့် အဆက်အသွယ်ပြုလုပ်နေကြောင်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mikhail Bogdanov ကို ကိုးကား၍ Interfax သတင်းအေဂျင်စီက ဖော်ပြထားသည်။

 

ဆော်ဒီအာရေဗျ

 

"အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် "နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။

 

ယူကရိန်း

 

သမ္မတ ဇလန်စကီးက "ထိတ်လန့်ဖွယ် တိုက်ခိုက်မှု” ဟု ရှုတ်ချခေါ်ဆိုလိုက်ပြီး အစ္စရေးတို့၏ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်မှာ "သံသယဖြစ်ဖွယ် မရှိ” ဟု ပြောဆိုလိုက်သည်။

 

အာရပ်စော်ဘွားများ ပြည်ထောင်စု

 

"ပြင်းထန်သော အကျိုးဆက်များကို ရှောင်ရှားရန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်နှင့် ချက်ချင်း အပစ်အခတ်ရပ်စဲရန် ယူအေအီးမှတောင်းဆိုသည်။" ဟု ၎င်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

ယူနိုက်တက်ကင်းဒမ်း

 

ဟားမက်စ်တို့၏ အစ္စရေးအရပ်သားများအပေါ် ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား ရှုတ်ချကြောင်း အစ္စရေးတို့၏ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ယူကေမှ အမြဲတမ်း ထောက်ခံသွား မည်ဖြစ်ကြောင်း” ယူကေနိုင်ငံခြားရေးဝန်ကြီး James Cleverly က လူမှုမီဒီယာတွင် ပြောကြားသည်။

 

ကုလသမဂ္ဂ

 

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Tuerk က "၎င်း တိုက်ခိုက်မှုသည် အစ္စရေး အရပ်သားများအပေါ် ကြောက်မက်ဖွယ် ထိခိုက်မှုရှိကြောင်း၊ အရပ်သားများသည့် မည်သည့်အခါမျှ တိုက်ခိုက်မှု ၏ ပစ်မှတ် မဖြစ်စေရကြောင်း” ပြောကြားထားသည်။

 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးကို တနင်္ဂနွေနေ့တွင် ခေါ်ယူရန် စီစဉ်ထားသည်။

 

ကိုးကား - BBC Reuters Aljazeera

 

ပုံစာ - အောက်တိုဘာလ ၈ ရက် ၂၀၂၃ ခုနှစ် ဂါဇာကမ်းမြှောင်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များကို အစ္စရေး Iron Dome ဒုံးခွင်းစနစ်မှ ကြားဖြတ်တားဆီးနေပုံကို အစ္စရေးနိုင်ငံတောင်တောင်ပိုင်း Ashkelon မြို့မှ တွေ့မြင်ရစဉ်။ (Photo: REUTERS/Amir Cohen)

 

သေဆုံးခဲ့
ဒုံးကျည်
တိုက်ခိုက်ခံရ
အစ္စရေး
ဟားမက်စ်
အရပ်သား

Share With
bap-logo