bap-logo
Politics

မြန်မာစစ်ကောင်စီထံ သုံးစွဲသူအချက်အလက်များ ပေးအပ်မှုဖြင့် Telenor တရားစွဲဆိုခံရ

Sc0R65fTO1TxPcoW2Kq8L-image

လွန်ခဲ့သော ၉ နာရီ က

 

BAP၊ ဘာသာပြန်။

 

ဆွီဒင်အခြေစိုက် အကျိုးအမြတ်မယူသောအဖွဲ့တစ်ခုက နော်ဝေနိုင်ငံမှ Telenor အား မြန်မာနိုင်ငံရှိ သုံးစွဲသူများ၏ အချက်အလက်များကို စစ်ကောင်စီထံ မျှဝေခြင်းဖြင့် ၎င်းတို့အား ဘေးအန္တရာယ်ဖြစ်စေသည်ဟု စွပ်စွဲကာ အစုအဖွဲ့လိုက် တရားစွဲဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။

 

၎င်းတို့အနေဖြင့် အခြားတကယ့်ရွေးချယ်စရာ မရှိခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းခွဲ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ နော်ဝေနိုင်ငံတွင် Telenor သည် အစုအဖွဲ့လိုက် တရားစွဲဆိုမှုနှင့် ရင်ဆိုင်နေရသည်။

 

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း Telenor Myanmar သည် လူပေါင်း ၁,၂၀၀ ကျော်၏ ဖုန်းအချက်အလက်များကို နိုင်ငံ၏ စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့သည်ဟု အဆိုပါအမှုတွင် စွပ်စွဲထားသည်။

 

နော်ဝေအစိုးရက ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သော အဆိုပါကုမ္ပဏီသည် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ ပြဿနာများဖြင့်ပြည့်နေသော နိုင်ငံကို ယာယီအုပ်ချုပ်ခဲ့သည့် အရပ်သားများ ပိုမိုများပြားစွာပါဝင်သော အစိုးရ ဖယ်ရှားခံရပြီးနောက် ပြည်တွင်းပဋိပက္ခများ ပြင်းထန်လာချိန်တွင် မြန်မာနိုင်ငံမှ နုတ်ထွက်သွားခဲ့သည်။

 

Telenor သည် မည်သည့်အမှားအယွင်းများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသနည်း။

 

Justice and Accountability Initiative ဟုခေါ်သော ဆွီဒင်အခြေစိုက် အကျိုးအမြတ်မယူသောအဖွဲ့က တင်သွင်းခဲ့သည့် အဆိုပါ အစုအဖွဲ့လိုက် တရားစွဲဆိုမှုတွင် ကုမ္ပဏီသည် စစ်အစိုးရထံ အချက်အလက်များ လွှဲပြောင်းပေးခြင်းဖြင့် သုံးစွဲသူများအား ဘေးအန္တရာယ်ဖြစ်စေခဲ့သည်ဟု စွပ်စွဲထားသည်။

 

အခြားအချက်များအနက် အဆိုပါအချက်အလက်များလွှဲပြောင်းမှုကြောင့် ၂၀၂၂ ခုနှစ်တွင် ထင်ရှားသော အစိုးရအတိုက်အခံနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် ကွပ်မျက်ခံရခြင်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း တက်ကြွလှုပ်ရှားသူ ကိုအောင်သူ အဖမ်းခံရပြီး ထောင်ကျခြင်းတို့ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲထားသည်။

အချက်အလက်မျှဝေခံရသည့် သုံးစွဲသူတစ်ဦးလျှင် ယူရို ၉,၀၀၀ (ခန့်မှန်းခြေ ဒေါ်လာ ၁၀,၅၀၀) ပေးလျော်ရန် Telenor တွင် တာဝန်ရှိကြောင်း တရားစွဲဆိုမှုတွင် တောင်းဆိုထားသည်။

 

"ဒီအမှုသာ အောင်မြင်ခဲ့မယ်ဆိုရင် အာဏာရှင်အစိုးရက ဝင်ရောက်ကြည့်ရှုတာကနေ သုံးစွဲသူရဲ့ အချက်အလက်တွေကို လုံလောက်စွာ အကာအကွယ်မပေးနိုင်ခဲ့တဲ့အတွက် တယ်လီကွန်းကုမ္ပဏီ တစ်ခုကို ပထမဆုံးအကြိမ်အဖြစ် တာဝန်ခံခိုင်းတာ ဖြစ်လာပါလိမ့်မယ်။" ဟု အဆိုပါအမှုကို ကူညီပံ့ပိုး ပေးနေသည့် Open Society Justice Initiative မှ ဥပဒေအကြံပေး Beini Ye က ပြောကြားခဲ့သည်။

 

Telenor Myanmar မှာ တကယ့်ရွေးချယ်စရာ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ အသက်နဲ့ အလောင်းအစား မလုပ်နိုင်ပါဘူး

 

ကုမ္ပဏီက မည်သို့တုံ့ပြန်ခဲ့သနည်း။

 

တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ပြီးခဲ့သည့် အောက်တိုဘာလတွင် Telenor ထံသို့ ပထမဆုံး အကြောင်းကြားခဲ့ပြီး ထိုစဉ်က ၎င်းတို့အနေဖြင့် "အာဏာပိုင်များထံ ဆက်သွယ်မှုအချက်အလက်များ ပေးအပ်ရန် ဥပဒေကြောင်းအရ လိုအပ်ခဲ့ပါတယ်။" ဟု ပြောကြားခဲ့သည်။

 

လိုက်နာဆောင်ရွက်ခြင်း မရှိပါက ၎င်း၏ လုပ်ငန်းခွဲမှ ပြည်တွင်းဝန်ထမ်းများအနေဖြင့် "ထောင်သွင်း အကျဉ်းချခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း သို့မဟုတ် သေဒဏ်ပေးခံရခြင်း" တို့ ဖြစ်ပေါ်လာနိုင်ကြောင်း ဗုဒ္ဓဟူးနေ့တွင် Reuters နှင့် AFP သတင်းဌာနများသို့ ပေးပို့သည့် ထုတ်ပြန်ချက်တွင် ကုမ္ပဏီက ပြောကြားခဲ့သည်။

 

"Telenor Myanmar ဟာ စစ်မြေပြင်ထဲမှာ လုပ်ငန်းလည်ပတ်နေခဲ့တာပါ။" ဟု ၎င်းက ဆိုသည်။

 

"Telenor Myanmar မှာ တကယ့်ရွေးချယ်စရာ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ အသက်နဲ့ အလောင်းအစား မလုပ်နိုင်ပါဘူး"

 

"Telenor က အချက်အလက်တွေကို အာဏာပိုင်တွေက အလွဲသုံးစားလုပ်ခဲ့မယ်ဆိုရင် တကယ့်ကို ဆိုးရွားတဲ့ကိစ္စပါ။" ဟု ကုမ္ပဏီက ဆိုသော်လည်း နိုင်ငံသားများအပေါ် ပြုမူဆက်ဆံမှုအတွက် မြန်မာစစ်ကောင်စီတွင်သာ လုံးလုံးလျားလျား တာဝန်ရှိကြောင်းနှင့် "Telenor ဖြစ်စေ၊ အခြား အရပ်ဘက်အဖွဲ့အစည်းဖြစ်စေ အဲဒီတာဝန်မျိုး မရှိပါဘူး။" ဟုလည်း ပြောကြားခဲ့သည်။

 

Telenor သည် မြန်မာနိုင်ငံတွင် မည်သည့်အချိန်က လုပ်ငန်းလုပ်ကိုင်ခဲ့သနည်း။

 

စစ်တပ်က တစ်ပိုင်းဒီမိုကရေစီ နိုင်ငံရေးစနစ်ကို သဘောတူပြီးနောက် မကြာမီ ၂၀၁၃ ခုနှစ်တွင် Telenor သည် တင်ဒါအောင်မြင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လုပ်ငန်းများ စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် သုံးစွဲသူ ၁၈ သန်းကျော် ရှိခဲ့သည်။

 

သို့သော် ရွေးကောက်ပွဲအပြီး မကြာမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဩဇာလွှမ်းမိုးဆဲဖြစ်သော စစ်တပ်က အာဏာသိမ်းကာ အလုံးစုံထိန်းချုပ်ခဲ့ပြီးနောက် လူထုမငြိမ်မသက်မှုများနှင့် အစိုးရ၏ နှိမ်နင်းမှုများ နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့သည်။

 

ပဋိပက္ခများ ပြင်းထန်လာသဖြင့် ၂၀၂၁ ခုနှစ် ဇွန်လတွင် Telenor က ၎င်း၏လုပ်ငန်းခွဲကို ရောင်းချရန် ရည်ရွယ်ချက်ကို ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လတွင် အပြီးသတ် နုတ်ထွက်ခဲ့သည်။

 

Telenor က လုပ်ငန်းကို ထိန်းချုပ်ထားဆဲဖြစ်သည့် အချိန်အတွင်း အချက်အလက်များ ထုတ်ပေးခဲ့မှုသည် နော်ဝေကုမ္ပဏီ နုတ်ထွက်ခြင်း မတိုင်မီနှင့် နောက်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း တရားစွဲဆိုမှုတွင် စွပ်စွဲထားသည်။

 

၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် အဖမ်းခံခဲ့ရသည့် အရပ်ဘက်လူမှုအဖွဲ့အစည်း တက်ကြွလှုပ်ရှားသူ ကိုအောင်သူက ၎င်း၏အချက်အလက်များသည် မျှဝေခံရသည့် အချက်အလက်များထဲတွင် ပါဝင်နေကြောင်း Reuters သို့ ပြောကြားခဲ့သည်။

 

"ကျွန်တော်ကိုယ်တိုင်အတွက်တင် မဟုတ်ဘဲ မြန်မာပြည်သူအားလုံးအတွက် တရားမျှတမှုကို မျှော်လင့်ပါတယ်။" ဟု ၎င်းက ဆိုသည်။

 

အရပ်သားအစိုးရတွင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ လူကြိုက်များသည့် ဟစ်ဟော့ပ်အဆိုတော် ဦးဖြိုးဇေယျာသော်သည် အကြမ်းဖက်မှုများတွင် ကူညီခဲ့သည်ဟု စွပ်စွဲခံရသော အခြားတက်ကြွလှုပ်ရှား သူ သုံးဦးနှင့်အတူ ၂၀၂၂ ခုနှစ်တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရသည်။ Telenor သည် ၎င်း၏ ဖုန်းအချက် အလက်များကို ထိုမတိုင်မီက မျှဝေခဲ့ကြောင်း တရားစွဲဆိုမှုတွင် စွပ်စွဲထားသည်။

 

"ဒါဟာ ဇနီးတစ်ယောက်က ခင်ပွန်းကို ဆုံးရှုံးရတာသက်သက် မဟုတ်ပါဘူး။" ဟု ၎င်း၏ဇနီး မသဇင်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ "ဒါဟာ ဒီမိုကရေစီအတွက်ပါ ဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ်။"

 

ကိုးကား - DW

 

ပုံစာ - မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်သို့ တစ်စိတ်တစ်ပိုင်း ကူးပြောင်းနေစဉ်ကာလအတွင်း နော်ဝေ နိုင်ငံ၏ Telenor ကုမ္ပဏီသည် ဆယ်စုနှစ်တစ်ခုနီးပါး လုပ်ငန်းလုပ်ကိုင်ခဲ့သော်လည်း ယခုအခါတွင်မူ အဆိုပါစနစ်မှာ နောက်ပြန်လှည့်သွားခဲ့ပြီဖြစ်သည်။

 

Image: Davide Bonaldo/SOPA Images/ZUMA/picture alliance

Burma Associated Press

 

 

Telenor
အာဏာသိမ်းစစ်အုပ်စု
မြန်မာ

Share With
bap-logo