bap-logo
Article

အခါခါပြာကျနေသော အညာအိမ်များ

SZp0a1eghXSeNIwmqId7_-image

လွန်ခဲ့သော ၂ နှစ် က

အခါခါပြာကျနေသော အညာအိမ်များ

 

BAP၊ ဇန်နဝါရီ ၈။

 

စိမ်းစိုစိုလယ်ကွင်းများအနောက်တွင် ထီးထီးကြီးရပ်နေလေ့ရှိသည့် ထန်းပင်ကြီးများနှင့် ကြည်လင်သည့် ကောင်းကင်ကို လွှမ်းခြုံထားသည့် နေရောင်စူးစူးသည် အညာဒေသလက္ခဏာကို ဖော်ပြနေသည်။

 

ပန်းချီစုတ်ဆွဲချက်ကဲ့သို့ လေနှင့်အတူလွင့်နေသည့် ထန်းရွက်များ၊ နွားလှည်းများနှင့် ရေနံချေး သုတ်ထား သော သစ်သားအိမ်အမဲ သို့မဟုတ် ထရံကာတဲလေးများသည် အညာဒေသလူမှုဘဝ အမှတ်အသား များမှ တစ်ခုပင်။

 

ထန်းပင်များသည် အပူချိန် ၄၀ ဒီဂရီဆဲစီးယပ်ဝန်းကျင်တွင်ရှိသည့် အညာဒေသကို ကိုယ်စားပြုသည်။ ထန်းလျက်၊ ထန်းရည်၊ ထန်းသီး၊ ထန်းသီးမုန့်စသည့် အစားအစာများ၏ ဇာစ်မြစ်ဖြစ်ပြီး ထန်းလက် များကို အညာအိမ်များ အတွက် ခေါင်မိုးအဖြစ် အသုံးပြုသည်။

 

စစ်အစိုးရခေတ် တံခါးပိတ်စီးပွားရေးစနစ် ကျင့်သုံးပြီးနောက် ဈေးကွက်စီးပွားရေးစနစ် စတင် ပြန်လည် ကျင့်သုံးလာသည့် ၂၀၁၀ နောက်ပိုင်းတွင် ကုန်သွယ်ရေးတစ်စစ ပိုမိုပွင့်လင်းလာသည်။ အညာ ဒေသတွင်လည်း ကာလငါးနှစ်ခန့်ဝန်းကျင်သာခံသည့် ထန်းလက် ခေါင်မိုးထက် ပိုမို ကြာရှည်ခံသည့် နိုင်ငံခြားမှတင်သွင်းသည့် သွပ်များကို အသုံးပြုလာကြသည်။

 

အညာအိမ်ခေါင်မိုးတို့တွင် ထန်းလက်အသုံးမပြုရသည်မှာ အတော်ကြာခဲ့ပြီဖြစ်ကြောင်း ဇူလိုင်လ အတွင်းက အိမ်မီးရှို့ခံထားရပြီး ထရံကာထန်းလက်မိုးအိမ်အသစ် ပြန်ဆောက်ကာ နေထိုင်နေသည့် အသက်ငါးဆယ် ဝန်းကျင်အရွယ် ဒေါ်ဝင်းတင် (အမည်လွှဲ)က ပြောသည်။

 

အညာအိမ်ခေါင်မိုးတို့တွင် ထန်းလက်အသုံးမပြုရသည်မှာ အတော်ကြာခဲ့ပြီဖြစ်ကြောင်း ဇူလိုင်လ အတွင်းက အိမ်မီးရှို့ခံထားရပြီး ထရံကာထန်းလက်မိုးအိမ်အသစ် ပြန်ဆောက်ကာ နေထိုင်နေသည့် အသက်ငါးဆယ် ဝန်းကျင်အရွယ် ဒေါ်ဝင်းတင် (အမည်လွှဲ)က ပြောသည်။

 

 

ဒေါ်ဝင်းတင်တို့ အိမ်အဟောင်းသည် အုတ်ခံထားပြီး အပူဓာတ်စုပ်သည့် သွပ်မိုးနှင့် နှစ်ထပ်အိမ် ဖြစ်သည့်အတွက် အညာဒေသ၏ အပူကိုကောင်းစွာခံစားရသည်။ သို့ရာတွင် အိမ်ရှိ လူများမှာ အောက်ထပ်တွင်ပင် အနေများသောကြောင့် ခံသာရာရသည်။ အိမ်အတွင်းတွင် အဝတ်လျှော်စက် ရေခဲသေတ္တာ စသည့် အိမ်တွင်းပစ္စည်းများ အစုံအလင်နှင့်ပင်။

 

ဇူလိုင်လအတွင်း ၎င်းအိမ်မီးရှို့ခံရချိန်တွင် အိမ်တွင်းပစ္စည်းများ မီးထဲပါသွားသည်။ အချို့ပစ္စည်းများမှာ စစ်ရှောင် နေစဥ် ပစ္စည်းလိုက်ခိုးသည့် တောကြောင်များ လက်ချက်မိခဲ့သည်။ ထိုစဥ်က စပါး ရိတ်သိမ်းပြီးစဖြစ် စပါး ရောင်းရသည့်ငွေအနည်းငယ်ဖြင့် အိမ်အသစ်ပြန်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။   

 

ဧရိယာပိုသေးသွားသော ဒေါ်ဝင်းတင်၏ ထရံကာ ထန်းလက်မိုး တစ်ဖြစ်လဲအိမ်ကို စာကလေး တစ်သိုက်က အလည်လာလေ့ရှိသည်။ ထန်းလက်မိုးအိမ်ဖြစ်၍ ခေါင်မိုးတွင် ပိုချွန်ပြီး အတွင်းပိုင်း၌ သစ်သားနှင့် ဝါးတိုင်များဖြင့် ရှုပ်ယှက်ခက်နေသောကြောင့် စာကလေးများအတွက် ခုန်ချင်ပျံချင်စရာ ဖြစ်နေပုံပေါ် သည်။

 

မြေကြီးပေါ်ရှိ ကွပ်ပျစ်တွင် ဒေါ်ဝင်းတင်တို့ စကားပြောနေခိုက် စာကလေးတစ်သိုက်သည် အိမ်တံခါး မကြီးမှပင် ခပ်တည်တည်ပျံသန်းဝင်ရောက်လာကာ တြိဂံပုံခေါင်းမိုးအတွင်းပိုင်းရှိ တန်းများတွင် ဆူညံစွာ အော်ဟစ်ရင်း ကူးလူးနေတတ်သည်။

 

အင်း…သူတို့က ဒီလိုအိမ်မျိုး တစ်ခါမှမမြင်ဖူးဘူးဟု ဒေါ်ဝင်းတင်က ၎င်းတို့ကိုကြည့်ရင်း မှတ်ချက် ပြုလေ့ ရှိသည်။

 

ဒေါ်ဝင်းတင်သာမက စာကလေးများ သည်လည်း တစ်ထပ်သာရှိသော ထန်းလက်အမိုးအိမ်တွင် အပူဒဏ် သက်သာသောကြောင့် အတိုင်းအတာတစ်ခုအထိ ကျေနပ်ကြဟန်ရှိသည်။

 

စစ်ကိုင်းတိုင်း၌ စစ်ရေးပြင်းထန်နေသည့် လက်ရှိကာလတွင် ကတုံးဖြစ်နေသည့် ထန်းပင်ရှည်ကြီး များကို ပိုမိုမြင်လာရသည်။ ထန်းလက်မရှိသည့် တုံးတိတိ ပင်စည်ရှည်ကြီးများသည် အလွန် ရှည်လျားခြင်း ဝိသေသ လက္ခဏာ မရှိပါက ထန်းပင်ဟုပင်ပြောနိုင်ရန်အခက်ပေ။

 

ထိုးထိုးထောင်ထောင်ဖြစ်နေသည့် ထန်းပင် ကတုံးကြီးများသည် ပြာကျသွားသည့် အိမ်များကို ပြန်လည် တည်ဆောက်နေရသည့် ဒေသခံများအိမ်ခေါင်မိုးလိုအပ်ချက်ကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။ 

 

ယမန်နှစ်ဧပြီကတည်းက အရပ်သားနေထိုင်သည့်ရွာများကို ပစ်မှတ်ထားစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်များသည် ဒေသခံများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက် ကျူးလွန် လာခဲ့သည်။ Data For Myanmar ၏စာရင်းအရ ယခုနှစ်နိုဝင်ဘာလအထိ စစ်ကိုင်းတိုင်းတွင် အရပ်သားနေအိမ် ၂၇,၀၀၀ ကျော် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။

 

ဒီပဲယင်းမြို့နယ်အရှေ့ဘက်ရှိ အေးသာယာရွာတွင် နေထိုင်သည့် ဒေါ်မြတင်၏အိမ်သည် လွန်ခဲ့သည့် ဇူလိုင်လတွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ စစ်ကြောင်းဝင်ရောက်ချိန်တွင် ဒေါ်မြတင်တို့သည် အနီးအနား ရွာသို့ တိမ်းရှောင်ပြီးဖြစ်သည်။ ထိုအခေါက်က စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ဒေါ်မြတင်တို့ရွာရှိ အိမ် ၂၇ လုံးခန့် ပြာကျခဲ့သည်။

 

စစ်ရှောင်သည့်နေရာတွင်ပင် ၎င်း၏အိမ်မီးရှို့ခံရကြောင်း သိပြီးဖြစ်သည့် ဒေါ်မြတင်သည် ၎င်းရွာမှ ထွက်လာသည့်မီးခိုးများကို လှမ်းမြင်နေခဲ့ရသည်။

 

ထိုစဥ်က မျက်ရည်မကျခဲ့သေး၊ ဝမ်းလည်းမနည်းခဲ့ ကြောင်း ၎င်းကပြောသည်။

 

စစ်ကောင်စီတပ်များ ၎င်းရွာမှထွက်သွား၍ စစ်ရှောင်ရာအရပ်မှ အိမ်ပြန်ရမည့်အချိန်တွင်မှသာ ဒေါ်မြတင်၏ ဝမ်းနည်းမှုကပေါ်ပေါက်လာခဲ့သည် 

 

ပြန်စရာ အိမ်မရှိတော့ဘူးလေ ဟု ဒေါ်မြတင်က ရှေ့သို့ငေးရင်းပြောသည်

 

ပြန်စရာ အိမ်မရှိတော့ဘူးလေ ဟု ဒေါ်မြတင်က ရှေ့သို့ငေးရင်းပြောသည်

 

 

 

တစ်ပါးသူအိမ်တွင် စိတ်သက်တောင့်သက်သာမရှိသော ဒေါ်မြတင် တစ်ယောက် ၎င်းတို့ ရွာဘုန်းကြီး ကျောင်းတွင်ပင် နေထိုင်ကာ အိမ်မီးရှို့ခံရသည့် စစ်ဒဏ်ခံ သားကောင်ဘဝကို ဖြတ်သန်းခဲ့သည်။ နှစ်လခန့် အကြာတွင် မီးရှို့ခံရသည့် အိမ်ဟောင်းအနီးတွင်ပင် ထရံကာ ထန်းလက်မိုးအိမ်အသစ်လေး တစ်လုံးကို ဒေသခံအဖွဲ့အစည်းများက ပြန်တည်ဆောက်ပေးသည်။

 

အိမ်အသစ်အတွက် အသေးစားပြုပြင်မွမ်းမံမှုလုပ်နေသည့် အသက် ၇၀ ဝန်းကျင် ဒေါ်မြတင်၏ ဖခင် ဖြစ်သူထံမှ တူထုသံကဲ့သို့ တောင်တောင် ဟူသောအသံကို မနက်အစောပိုင်းတွင် ကြားရတတ်သည်။ ယင်းသည် ယမန်နှစ် အောက်တိုဘာခန့်က ဖြစ်သည်။

 

ဒေါ်မြတင်တို့နည်းတူ အသက်လေးဆယ်ဝန်းကျင်အရွယ် ဒေါ်နီနီတို့အိမ်သည်လည်း မီးရှို့ခံခဲ့ရသည်။ မီးရှို့ခံရ ပြီးနောက် ဒေါ်နီနီတို့မိသားစုသုံးဦး ၎င်းတို့ရွာတွင်ပင်ရှိသည့် ဖခင်ဖြစ်သူ၏ အိမ်တွင် သွားနေ ခဲ့ရသည်။ သုံးလခန့် အကြာတွင် အိမ်အသစ်ဆောက်ရန် ပြာကျနေသည့် အိမ်ဟောင်းရှိရာ ခြံဝင်းသို့ လာကြသည်။ မနက်လင်းစ ပြုချိန်မှစ၍ နေမပြင်းခင် ၁၁ နာရီဝန်းကျင်အထိ အိမ်ဟောင်းရှိ ရှင်းစရာ ရှိသည်များကို ရှင်းကြသည်။

 

ဒါတွေအကုန် ကိုယ့်ပစ္စည်းတွေချည်းပဲ ရသလောက်တော့ အကုန်ပြန်ယူကြ ဟု ဒေါ်မြတင်က အကြံ ပေးသည်။

 

မိသားစု သုံးဦးသည် မနက်လင်းသည်နှင့် ၎င်းတို့ခြံဝင်းရှိ မီးလောင်ပြီးကျန်ခဲ့သည့် အကြွင်းအကျန်ပုံတွင် ပြာမကျဘဲ ကျန်ခဲ့သည့် သွပ်ပြားများကို ခြေဖြင့် ဖြောင့်အောင်နင်းကာ ခြံစည်းရိုးအဖြစ်သုံးရန် စီစဥ် ကြသည်

 

တစ်နှစ်ပေါ့ ဟု မှန်းကာ ထရံကာအိမ်သေးလေးပြန်ဆောက်ရန် ဆောင်ရွက်နေကြခြင်းဖြစ်သည်။

 

အိမ်အနောက်ဘက်တွင် သီးပင်စားပင်အချို့ စိုက်ပျိုးရန်လည်း မြေဆွထားကြသည်။ ယင်းသည်လည်း ပျိုးပင်များ ကို ဒုတိယအကြိမ် ရေသွင်းနေချိန်ဖြစ်သည့် အောက်တိုဘာလတွင်ပင် ဖြစ်သည်

 

စစ်ရေးအခြေအနေကြောင့် စနစ်တကျစပါးစိုက်ရန်အချိန် မရှိသဖြင့် မျိုးစေ့များကြဲချသည့် ပုံစံ အသစ်ဖြင့် စပါးစိုက်ကြသည်။ ထိုသို့စိုက်ပျိုးသည့် စပါးခင်းများကို နောက်လအနည်းငယ်၌ ရိတ်သိမ်းနိုင်သည်။ စပါးရိတ်လျှင် ဒေသခံများအနေဖြင့် နောက်နှစ်အတွက် ရိက္ခာနှင့် ဝင်ငွေအချို့ ရလာမည်ဖြစ်က စစ်ကောင်စီတပ်ကို တွန်းလှန်ရာတွင် ကူနိုင်ရန်ဖြစ်လာမည်မှာ မလွဲပေ။ ဤအချက်ကို ၎င်းတို့ကိုယ်တိုင်လည်း သိသည် စစ်ကောင်စီတပ်လည်း ခန့်မှန်းထားနိုင်သည်။

 

စပါးရိတ်သိမ်းသည့် ဒီဇင်ဘာလတွင် စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြန်လေသည်။ ဒီဇင်ဘာလအတွင်း ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်၊ ချောင်းဦး၊ ခင်ဦး၊ ကန့်ဘလူ၊ ဝက်လက်၊ ကနီ၊ ရွှေဘို၊ မော်လိုက်၊ ယင်းမာပင်၊ အင်းတော်၊ ယင်းမာပင်၊ကောလင်း၊ စစ်ကိုင်း၊ ဝန်းသို၊ ထီးချိုင့်၊ မြောင်၊ ဆားလင်းကြီး၊ အရာတော်နှင့် မင်းကင်း စသည့်မြို့နယ်များတွင် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ခြင်းထက် အရပ်သားပြည်သူ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့မှုကပိုများသည်သည်။ အထူးသဖြင့် ဒီပဲယင်းမြို့နယ်သည် နိုဝင်ဘာ ၃၀ မှစ၍ ဒီဇင်ဘာ တစ်လလုံး တစ်ရွာပြီးတစ်ရွာ ဆက်တိုက်မီးရှို့ခံနေရလျက်ရှိသည်။

 

ယခုနှစ် ဇန်နဝါရီ ၁ တွင် ဒီပဲယင်းမြို့နယ်ညီနောင်များမှ ထုတ်ပြန်ထားသည့်စာရင်းအရ ဒီဇင်ဘာ တစ်လအတွင်း ကျေးရွာ ၃၀ သည် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု ကျူးလွန်ခံရပြီးဖြစ်သည်။ ကနဦးစာရင်းများအရ မီးရှို့ ဖျက်ဆီးခံရမှုကြောင့် အရပ်သားနေအိမ် အနည်းဆုံးအိမ် ၃,၂၀၀ ကျော် ပျက်စီးခဲ့သည်ဟုထုတ်ပြန်ထားသည်။ ယင်းနောက်မှမီးရှို့ဖျက်ဆီးခံရသည့် ဘုရားထွက်ရွာ၊ ကွက်သစ် ရွာ၊ မန်ကျည်းစောက်ရွာ၊ ဆပ်ပြာကျင်းရွာ နှင့် စိုင်ပြင်မြို့ တို့ရှိအပျက်အစီးစာရင်း တို့မပါဝင်သေးပေ။

 

မီးရှို့ခံရသည့် စာရင်းတွင် ဘုန်းကြီးကျောင်း လေးကျောင်းပါဝင်သည်။ ထို့ကြောင့်စစ်ပြေးရှောင်များ အတွက် နေစရာအခက်အခဲပိုတွေ့စေသည်။

 

ဒီပဲယင်းမြို့နယ်သည် တစ်လအတွင်းတွင်ပင် စစ်ကိုင်းတိုင်းအတွင်း၌ မီးရှို့ဖျက်ဆီးခံရဆုံးမြို့နယ် ဖြစ်လာသည်။ Data For Myanmar မှ နိုဝင်ဘာလအထိ ကောက်ယူထားသည့်စာရင်းအရ ပုလဲမြို့နယ်သည် မီးရှို့ဖျက်ဆီးခံခဲ့ရသည့်အိမ်ခြေ ၂,၄၇၀ ဖြင့် အများဆုံးဖြစ်ခဲ့ပြီး ဒီပဲယင်းသည် ,၂၄၁ အိမ်ဖြစ်သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာတစ်လအတွင်း ဖျက်ဆီးခံရသည့် ကနဦးအိမ်ခြေစာရင်း ၃,၀၀၀ ခန့် ထည့်ပေါင်းပါက အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်လက်ချက်ဖြင့် မီးရှို့ဖျက်ဆီးခံရသည့်အိမ်ခြေသည် အနည်းဆုံး ၄,၅၀၀ ခန့်ရှိပြီဖြစ်သည်။ ထိုစာရင်းတွင် အပျက်အစီးစာရင်း ကောက်ယူနေသည့် ရွာများမှ စာရင်း မပါသေးပေ။

  

တစ်လအတွင်း ရွာ ၃၀ (အချို့ရွာများမှာ နှစ်ကြိမ်သုံးကြိမ်ခန့်မီးရှို့ခံရ) တွင် အိမ်ခြအနည်းဆုံး ၃,၂၀၀ မီးရှို့ဖျက်ဆီးခံခဲ့ရသဖြင့် ဒေသခံအများစုမှာစားဝတ်နေရေးခက်ခဲကြရသည်။ ထို့ကြောင့် ယခင်ကဲ့သို့ စစ်ကြောင်းဝင်ပါက အချင်းချင်းဖေးမကူညီကြခြင်းကို အနည်းနှင့်အများ အခက်အခဲ တွေ့စေသည်။

 

ဒေါ်မြတင်တို့အိမ် မီးရှို့ခံရသည့် ပထမအခေါက်တွင် ၂၇ အိမ်သာ ဖြစ်သောကြောင့် ရွာတွင်းရှိ အခြား အိမ်များ၊ အနီးအပါးမှရွာများ၊ ဒေသခံအဖွဲ့အစည်းများ၏ အထောက်အပံ့ဖြင့် ပြန်လည်ထူထောင်ရန် မခက်ခဲပေ။

 

ယခုအခေါက်တွင် ရွာ ၃၀ ကျော်မှာ တစ်လကျော်အတွင်း ဆက်တိုက် မီးရှို့ဖျက်ဆီးခံကြရသဖြင့် အချင်းချင်း ကူညီနိုင်ရန် ခက်ခဲလာမည်မှာမလွဲပေ။

 

ထို့အပြင် ပြာကျနေသောအိမ်များနေရာတွင် အစားထိုးတည်ဆောက်ရန် သစ်ဝါးများ လိုအပ်လာသည်။ အနီးအနားတွင် တောများရှိသော်လည်း တစ်ချိန်တည်းတွင် အိမ်ခြေ ၃,၂၀၀ ကျော်ကို ဖြည့်ဆည်းနိုင် လောက်အောင် လုံလောက်မှုရှိမရှိမှာ မရေရာပေ။


သစ်၊ ဝါး တွေနဲ့ ပြန်ဆောက်ဖို့က မဖြစ်နိုင်ဘူး ဟု ထိုဒေသတွင် ကျန်းမာရေးနှင့် စစ်ဘေးရှောင် အရေးကိစ္စများ ဆောင်ရွက်နေသည့် ကိုမောင်မောင် (အမည်လွှဲ)က သုံးသပ်သည်

 

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီပိတ်ဆို့ထားမှုများကြောင့် အိမ်ဆောက်ပစ္စည်းများ ဝယ်ယူရန် မလွယ်ကူပေ။ ထို့ကြောင့် အနီးအနားရှိ တောတွင် အလွယ်ရနိုင်သည့် သစ်ဝါးများနှင့် ထရံကာ ထန်းလက်မိုးအိမ်များကိုသာ ပြန်တည်ဆောက်နိုင်မှုများကြသည်။ တစ်ပြိုင်တည်း လိုအပ်ချက် များလွန်းသဖြင့် ယခုတစ်ခေါက်တွင် သစ်ပင်ဝါးပင် လုံလောက်မှုရှိပါမည်လား မသေချာတော့ပေ။ 

 

နောက်နှစ်၌ အညာဒေသတွင် ကတုံးဖြစ်နေသော ထန်းပင်များ၊ ထရံကာ ထန်းလက်မိုး အိမ်သေးလေး များနှင့် မီးလောင်ပြာပုံအကြွင်းအကျန်များကို အများအပြားတွေ့လာရဦးမည်။ ဒေသခံများသည်လည်း ယခုနှစ် စပါးရိတ်သိမ်းချိန်ကို ရင်တမမဖြင့် ဖြတ်သန်းရပေမည်။ ဒေါ်ဝင်းတင်၊ ဒေါ်နီနီနှင့် ဒေါ်မြတင်တို့ သည်လည်း အိမ်အသစ်ပြန်ဆောက်ရန် လုံးပမ်းကြရဦးမည်။ ၎င်းတို့လိုသလောက် သစ်ဝါးရနိုင်ပါ့မလား ဟူသည်ကိုလည်း ထည့်စဥ်းစားရဦးမည်။

 

စစ်ကောင်စီတပ်၏ ရမ်းကားမှုဖြင့် အညာဒေသ ပုံရိပ်ပန်းချီကားတွင် မီးသင့်ထားသည့် ထန်းပင်ကြီး အများအပြား သည် တုံးတိတိ၊ ထိုးထောင်ထောင်ဖြင့် အရွက်အလက်များက နတ္တိ

 

မီးခိုးရနံ့နှင့် ပြာမှုန့်မစင်သေးသည့် မြေပြင်တွင် ထရံကာ ထန်းလက်မိုး အိမ်အသစ်လေးများသည်လည်း နေရာ ယူလျက် အညာပုံရိပ်သည် တစ်နှစ်ကျော်အတွင်း အများအပြား ပြောင်းလဲလာပေပြီ။

 

ထရံကာ ထန်းလက်မိုးအိမ်များအတွက် သစ်ဝါးမလုံလောက်ပါက အစားထိုး ဖန်တီးရမည့်တစ်ခုခုဖြင့် အညာဒေသ မြင်ကွင်းသည် ပြာပုံကြားမှ တစ်ဖန်ဆန်းသစ်လာဦးမည်ဖြစ်သည်။

 

ပုံစာ - ပြီးခဲ့သည့် ဒီဇင်ဘာ ၃ရက်က မီးရှို့ခံရတဲ့ ညောင်လှရွာကမြင်ကွင်းများ (ဓာတ်ပုံ - ဒီပဲယင်း ညီနောင်များအဖွဲ့ )

 

Burma Associated Press

မြန်မာ
စစ်ကိုင်း
ဒီပဲယင်း
အိမ်
အညာ
မီးရှို့ခံရ
အရပ်သား
စစ်ကောင်စီ

Share With
bap-logo