bap-logo
Urban Life

စစ်မီးကြားက ကုန်စီးဆင်းမှု

wN4l6d-gPH-44yXKUVnRW-image

လွန်ခဲ့သော ၂ နှစ် က

BAP၊ ဇန်နဝါရီ ၃။

 

နွေဦးတော်လှန်ရေးတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ပြန်လည်တွန်းလှန်မှုအားကောင်းသည့် စစ်ကိုင်းတိုင်း တွင် စစ်မျက်နှာဖွင့်ထားသည့်အခြေအနေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ခက်ခဲလျက်ရှိသည်။

 

စစ်ကိုင်းတိုင်းအတွင်းရှိ ဈေးသည်အများစုက ဈေးကဒီနေ့နဲ့မနက်ဖြန်တောင် တူတာမဟုတ်ဘူး၊ မနက်တစ်ဈေး ညတစ်ဈေးဖြစ်နေတာ ဟုပြောလေ့ရှိသည်။

 

အဲ့လောက်ဈေးတက်ရသလားဟု မေးတတ်သည့် ဈေးဝယ်သူများကို ရှင်းပြရသည့် အခြေအနေ တွင် ထိုသို့ အသုံးများကြသည်။

 

ဈေးဝယ်သူတစ်ဦးက ဆပ်ပြာခရင်မ်အသေးတစ်ဗူးဈေး ၁၃၀၀ ကျပ်ကို အံ့ဩတကြီးဖြင့် ၁၀၀၀ ကျပ် မဟုတ်လားဟု မေးသည်ကို ဆိုင်ရှင်အမျိုးသမီးက ဘယ်တုန်းကဈေးတွေ လာမေးနေတာလဲ ဟု ချက်ချင်းပြန်ဖြေသည်။

 

ဒါမျိုးတစ်ဖာကို ခုနှစ်ထောင်ဖြစ်သွားပြီ ဟု နှစ်ပေခန့်အလျားတစ်ပေခန့်အနံအကျယ်အဝန်းရှိပြီး တစ်ပေခန့် အနက်ရှိသည့် စက္ကူပုံးကို မေးငေါ့ပြရင်းပြောသည်။ သူသည် ရေဦးမြို့နယ်တွင် အသင့်စား အစားအသောက် ကုန်စုံဆိုင်ဖွင့်ထားသည့် အသက်ငါးဆယ်ဝန်းခန့် အမျိုးသမီးတစ်ဦး ဖြစ်သည်။

 

စက္ကူဗုံးတစ်ဖာကို သယ်ယူပို့ဆောင်ရာတွင်ကျသင့်သည့်တန်ဆာခဈေးနှုန်းကို သူက ပြောပြနေခြင်း ဖြစ်သည်။

 

အခြားဆိုင်များရှိ ကုန်စည်များတွင်လည်း ဈေးမတက်သည့်ကုန်မရှိ။ ကုန်စည် သယ်ယူပို့ဆောင် စရိတ် ဈေးတက်သော်လည်း လိုချင်သည့်ကုန်ပစ္စည်းကို လိုသလောက်မရကြပေ။

 

ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရခက်ခဲသောကြောင့် တန်ဆာခဈေးနှုန်းများတက်ရသည်။ တန်ဆာခများ ဈေးတက်ခြင်းသည် နောက်ဆုံးစားသုံးသူများဖြစ်သည့် အရပ်ထဲမှဈေးဝယ်သူများ ပေးချေရသည့် ဈေးနှုန်းတွင် ပေါင်းထည့်ခြင်းဖြင့်အဆုံးသတ်သည်။

 

အရပ်ထဲမှစားသုံးသူများအနေဖြင့် ကုန်စည်များဈေးကြီးခြင်းအတွက် အထွန့်တက်ရန် ခက်ရုံ သာမက ကုန်စည်များရောင်းချခြင်းရှိနေသေးခြင်းကပင် အသိအမှတ်ပြုစရာဖြစ်နေသည်။

 

စစ်ကောင်စီနှင့် ဒေသခံလက်နက်ကိုင်ကာကွယ်ရေးတပ်ဖွဲ့များအကြား ပဋိပက္ခတို့သည် စစ်ကိုင်းတိုင်း၏ လမ်းမများဆီသို့ များစွာသက်ရောက်မှုရှိသည်။

 

စစ်ကောင်စီတပ်များ ဖြတ်သန်းသွားလာနိုင်သည့် ထိုလမ်းများတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ က မိုင်းဆွဲ တိုက်ခိုက်မှုများရှိသည်။ စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်များအကြား ပဋိပက္ခ၏ လက္ခဏာတစ်ခုအဖြစ် လမ်းမများသည် မိုင်းအန္တရာယ်ရှိသည့် နေရာများစာရင်းဝင် ဖြစ်လာသည်။

 

ညနေခြောက်နာရီကျော်ပါက စစ်ကိုင်းတိုင်း၏မြို့နယ်အများစုရှိ ဒေသအခေါ် ပေလမ်းမကြီး သို့မဟုတ် ကားလမ်းမကြီးများတွင် ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည်။ ထို့အပြင် စစ်ကောင်စီ စစ်ကြောင်းထိုးသည့် အခြေအနေပေါ်မူတည်ကာ မကြာခဏ ယာယီကားလမ်းပိတ်သည်များလည်း ရှိကြသည်။

 

လက်နက်ကိုင်တော်လှန်ရေးကာလအစောပိုင်းများတွင် စစ်ကောင်စီသည် ပေလမ်းမများထက်တွင် စစ်ဆေးရေး ဂိတ်များဖွင့်ကာ တော်လှန်ရေးသမားများနှင့် ၎င်းတို့ကိုထောက်ပံ့နေသူများဟု မသင်္ကာသူများကို ထိုနေရာတွင်ပင် ဖမ်းဆီးနှိပ်စက်ရုံသာမက သတ်ပစ်သည်ထိရှိခဲ့သည်။

 

ပျူစောထီးများနှင့်အတူ ရွာနီးချုပ်စပ်မှ လမ်းပေါ်သို့ဖြတ်သန်းသွားလာသူများကို စစ်ဆေးရင်း အကြောင်းမရှိ ပိုက်ဆံတောင်းခြင်း၊ ဆိုင်ကယ်သိမ်းခြင်း၊ အမျိုးသမီးများကို ထိကပါး ရိကပါးလုပ်ခြင်း၊ မသင်္ကာပါက ရိုက်နှက်နှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်း၊ နေရာတွင်ပင်သတ်ပစ်ခြင်း စသည်တို့ကို ကျူးလွန်ခဲ့ကြောင်း ရွှေဘိုမြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သည့် ကိုစံဖေ ( အမည်လွှဲ )က ပြောသည်။

 

ယင်းနောက်ပိုင်းတွင် စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်နိုင်သည့်ရွာအချို့တွင် ပျူစောထီး လက်နက်ကိုင်များကို တဖြည်းဖြည်းမွေးမြူခဲ့ပြီး ဖမ်းဆီးစစ်ဆေးခြင်းနှင့်ဖိနှိပ်မှုများကို ရွာအတွင်းရှိ ရွာသူရွာသားများအပေါ် ကျူးလွန်လာခဲ့သည်။

 

ဤပုံစံကို အခြားမြို့နယ်များရှိ ဒေသခံများလည်းကြုံခဲ့ရသည်။ သို့ဖြင့် ဒေသခံများအတွက် ခရီးသွား လာရခြင်းသည် အနည်းနှင့်အများ စွန့်စားရသောအလုပ်ကဲ့သို့ဖြစ်လာသည်။

 

စစ်မျက်နှာဖွင့်ထားသည့်စစ်ကိုင်းတိုင်း၏ ပေလမ်းမများထက်တွင် စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်များ မှိုလိုပေါက်နေသည်။ ဒီပဲယင်းမြို့နယ်တွင် အဝင်အထွက်ဧရိယာတွင်သာမက ပေလမ်းမ တောက်လျှောက်တွင် စစ်ဆေးရေးဂိတ် ၄ ခုခန့် ရှိသည်။

 

ဆယ့်နှစ်လက်မတစ်ပေ၊ သုံးပေတစ်ဂိတ် ဟု ဒေသခံများက စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို ရယ်စရာအဖြစ် ရည်ညွှန်းပြောဆိုကြသည်။

 

ဆယ့်နှစ်လက်မတစ်ပေ၊ သုံးပေတစ်ဂိတ် ဟု ဒေသခံများက စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို ရယ်စရာအဖြစ် ရည်ညွှန်းပြောဆိုကြသည်။

 

 

အောက်အရပ်မှ စစ်ကိုင်းတိုင်းအတွင်းသို့အဝင်ဖြစ်သည့် မုံရွာမြို့အဝင်အထွက်တွင် အလွန် တင်းကျပ်သည့် စစ်ဆေးရေးဂိတ်ရှိသည်။

 

ခရီးသည်များအားလုံးမှတ်ပုံတင်ပြရပြီး ဘယ်သွားပြီးဘာလုပ်မှာလဲဟူသောမေးခွန်းဖြင့် တစ်ဦးချင်း အစစ်အဆေးခံရသည်။

 

ကုန်ပစ္စည်းများလည်း တင်းတင်းကျပ်ကျပ်အစစ်အဆေးခံရသည်။ အနည်းဆုံး မြို့နယ်တိုင်း၏ အဝင်အထွက် ဧရိယာများတွင် စစ်ဆေးရေးဂိတ်တစ်ခုစီရှိသည်။

 

မြို့နယ်အတွင်းရှိဂိတ်များမှာ အဝင်အထွက်ရှိ ဂိတ်များကဲ့သို့မတင်းကျပ်ကြ သို့သော် အပြစ်မရှိ အပြစ်ရှာ ရစ်ကာပိုက်ဆံတောင်းခြင်း၊ ဘယ်သွားပြီးဘာလုပ်မှာလဲဟုမေးခြင်း၊ ကုန်စည်များကို စစ်ဆေးခြင်း၊ တစ်ဦးချင်းမှတ်ပုံတင်စစ်ဆေးခြင်း၊ ဖုန်းစစ်ဆေးခြင်း စသည့်တို့ကိုအနည်းနှင့်အများ ဆောင်ရွက်ကြသည်။

 

 ခရီးထွက်ရသည်မှာ ပျော်စရာမကောင်းတော့ကြောင်း ရှမ်းပြည်နယ်သို့သွားမည့်အသက် ၆၀ ဝန်းကျင်အရွယ် ခရီးသည်အမျိုးသမီးတစ်ဦးက စစ်ဆေးရေးဂိတ်တစ်ခုကိုဖြတ်လာပြီး၌ဆိုသည်။

 

စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုကြောင့် ကုန်စည်များပျက်စီးခြင်း ကျိုးပဲ့ခြင်းများ ဖြစ်သည့်အခါ သယ်ယူပို့ဆောင်သည့် ယာဥ်လိုင်းသည်လည်း ဘာမျှမတတ်နိုင်။

 

ယာဥ်မောင်းသူနှင့် အကူများသည်လည်း တင်းကျပ်သည့်စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးသည့် တပ်သားများနှင့်စကားပြောရသည်။ ၎င်းတို့သယ်လာသည့်ကုန်စည်များနှင့် ကားပေါ်ရှိ ခရီးသည်များ ဘယ်ဆင်းကြမည်ကို အတိုချုံ့ရှင်းပြကြရသည်။ ထိုအချိန်တွင် ကားဆရာများမှာ မျက်နှာကို အတတ်နိုင်ဆုံး ပြုံးထားကြပြီး ဆရာ သို့မဟုတ် အာစရိဟုခေါ်ကြသည်။

 

ယခုကာလ စစ်ကိုင်းတိုင်းအတွင်းပြေးဆွဲသည့် ခရီးသည်ယာဥ်လိုင်းများအတွက် လမ်းခရီးအတွင်း မိုင်းအန္တရာယ်၊ လမ်းပိတ်နိုင်သည့်အခြေအနေသာမက မှိုလိုပေါက်နေသည့် စစ်ဆေးရေးဂိတ်များ၏ ရုပ်ပိုင်း စိတ်ပိုင်း ငွေကြေးပိုင်းဆိုင်ရာ ဖိအားတို့ကိုလည်း ကျော်ဖြတ်နိုင်ရန်လိုသည်။ ဤသို့သော အန္တရာယ်၊ အခက်အခဲနှင့် စိန်ခေါ်မှုများသည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အသီးသီး အတွင်းပြေးဆွဲနေသောယာဥ်လိုင်းများ၊ ရွာများမှမြို့ပေါ်သို့ ပြေးဆွဲသည့် ယာဥ်လိုင်းများ၊ စစ်ကိုင်းတိုင်းမှ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ပြေးဆွဲနေသည့် ယာဥ် အများအပြားကို ပြေးဆွဲမှုရပ်နားစေခဲ့သည်။

 

ထို့ကြောင့် စစ်ကိုင်းတိုင်းအတွင်းပြေးဆွဲသောယာဥ်လိုင်းများနှင့် အခြားဒေသများမှ စစ်ကိုင်းတိုင်းသို့ ပြေးဆွဲ နိုင်သော ယာဥ်လိုင်းမှာ အနည်းငယ်သာရှိတော့သည်။ ရွာများမှ မြို့ပေါ်ပြေးဆွဲသည့် ယာဥ်အများ အပြားလည်း ရပ်နားကြကာ အချို့သာပြေးဆွဲကြသည်။ အချို့ရွာများတွင် ရွာကားဟုခေါ်ကြသည့် ၎င်းတို့ရွာမှ မြို့ပေါ်ပြေးဆွဲသည့်ယာဥ်လုံးဝမရှိတော့ပေ။ ထို့ကြောင့် မြို့ပေါ် ပြေးဆွဲသည့်ယာဥ်ရှိသေးသော အခြားရွာမှ ကားကို အမှီသဟဲပြုကြသည်။ ကားစီးရန်အတွက် ကားရှိရာရွာအနီးသို့ ဆိုင်ကယ်ဖြင့် တစ်ခါသွားရသည့် အလုပ်ပိုလာသည်။

 

ရွာကားများသည် ယခင်က ယာဥ်စီးခတစ်ဦးလျှင် တစ်ထောင်ကျပ်ဝန်းကျင်ကျသင့်ရာမှ ငါးထောင် ကျပ်ခန့်သို့ ပြောင်းလဲသွားပြီ။ စစ်ကိုင်းတိုင်းမှ အခြားပြည်နယ်နှင့်တိုင်းများသို့ ပြေးဆွဲသည့် ယာဥ်စီးခဈေးသည်လည်း ဤနှုန်းအတိုင်းပင်ဈေးတက်လျက်။

 

ယခင် တစ်သောင်းခွဲဝန်းကျင်ခန့်သာကျသင့်သည့် ခရီးအတွက် ယခုတွင် သုံးသောင်းခွဲကျပ်ခန့် ကျသင့်သည်။ စက်သုံးဆီဈေးမြင့်တက်ခြင်းနှင့် လမ်းခရီးတစ်လျှောက် စစ်ဆေးရေးဂိတ်များတွင် ပေးဆောင်ရသည့် ငွေသည်လည်း ခရီးသည်များပေးရသည့်ယာဥ်စီးခနှင့် တန်ဆာခတွင်ပင် ပေါင်းထည့်ရမည်မှာ ခေတ်၏ စီးပွားရေးစနစ်ပင်။

 

သို့နှင့်အဆမတန်တက်လျက်ရှိသည့် ယာဥ်စီးခနှင့် တန်ဆာခသည် တစ်နှစ်ကျော်အတွင်း တဟုန်ထိုး ပြောင်းလဲသွားသည်။ ယာဥ်စီးခဈေးတက်ပါက ခရီးသည်များကမကျေမနပ်ဖြစ်ကြသည်။

 

ခရီးတစ်လျှောက် စစ်ဆေးရေးဂိတ်များတွင် ပိုက်ဆံ ပေးနေရကြောင်း ယာဥ်မောင်းတစ်ဦးက ည်းတွား သည်။

 

ခရီးတစ်လျှောက် စစ်ဆေးရေးဂိတ်များတွင် ပိုက်ဆံပေးနေရကြောင်း ယာဥ်မောင်းတစ်ဦးက ည်းတွားသည်။

 

 

သွားလာဖြတ်သန်းသည့်လမ်းတစ်လျှောက်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များသာမက ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်များလည်း ရှိကြသည်။ နှစ်ဖက်၏ဂိတ်များမှာ ၎င်းတို့ စိုးမိုးထားသည့် နယ်မြေအလိုက် သီးခြားစီရှိကြသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဘက်မှတပ်သားများနှင့် ဒလန်များသည်လည်း အရပ်သားပုံစံနှင့် ဖြတ်သန်း သွားလာခြင်းကို ဖမ်းမိသည်လည်းရှိခဲ့သောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း ဖြတ်သန်းသွားလာသည့်ယာဥ်များမှ ခရီးသည်များနှင့်ကုန်ပစ္စည်းများကို စစ်ဆေးမေးမြန်း သည်လည်းရှိကြသည်။ ထို့ကြောင့်ခရီးသည်များနှင့် ကုန်ပစ္စည်းများမှာ  နှစ်ဖက်လုံး၏ အစစ် အဆေးများဒဏ်ကို ခံကြရသည်။

 

အစစ်အဆေးများနှင့် မိုင်းအန္တရာယ်စသည်တို့ကြောင့် ဒေသခံအများစုမှာ အရေးကိစ္စမရှိပါက ခရီး သွားလာခြင်းကို ရှောင်ကြသည်။ ကုန်ပစ္စည်းလက်လီရောင်းချသည့် ဈေးသည်အချို့သည်လည်း မိမိအရပ်မှ အခြားဒေသသို့ ဈေးတက်ဝယ်ခြင်းမပြုကြတော့ပေ။ အချို့မှာ ဖုန်းဖြင့်ကုန်စည်များ မှာယူပြီး မိမိတို့အရပ်သို့ ဖြတ်သန်းပြေးဆွဲသည့် စိတ်ချရသောယာဥ်မောင်း မှတဆင့် သယ်ယူပို့ဆောင်ပြီး ဝယ်ယူကြသည်။

 

ကုန်ပစ္စည်းပမာဏအများအပြားကို သယ်ယူပို့ဆောင်ရောင်းဝယ်ကြသည့် လက်ကားဒိုင်ကဲ့သို့ ဆိုင်ကြီးများမှာ ဆယ်ဘီးကုန်ကားများကို အသုံးပြုကြသည်။ တစ်နိုင်တစ်ပိုင် လက်လီဆိုင်များ အတွက်မူ အနီးအနားမှ ပြေးဆွဲနေသော ယာဥ်လိုင်းများကအားကိုးစရာဖြစ်သည်။

 

မစွန့်စားလိုသည့် ဈေးဆိုင်များက မြို့ပေါ်တက်၍ကုန်စည်ဝယ်ယူခြင်းကို ရပ်တန့်လိုက်သည်။ စွန့်စားနိုင်သော ဆိုင်များက စွန့်စားရခြင်းအပေါ် ကုန်ကျစရိတ်များအတွက် ရောင်းချသည့် ကုန်စည်များအပေါ် ဈေးမြှင့်ရောင်းချသည်။

 

အခြေခံစားသောက်ကုန်စည်များမှာတော့ လည်ပတ်လျက်ပင်။ အိမ်တွင်းတစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြသည့် မိမိတို့မြို့နယ်အတွင်း အဓိကဖြန့်သည့် စားသောက်ကုန်တံဆိပ်အသစ်အချို့ပင် ပေါ်ထွက်လာသည်။ အညာမြေမှ လုပ်ကိုင်သည့်် အိမ်တွင်းတစ်နိုင်တစ်ပိုင်ဖြစ်သောကြောင့် အညာဒေသသရေစာများကဲ့သို့ ကုန်စည်အများစု ဖြစ်သည်။

 

လူသုံးကုန်အသုံးအဆောင်ပစ္စည်းများတွင် ဒေသထွက်သည့် မြေအိုး၊ မြေခွက်၊ ဝါးယပ်တောင်၊ ကြိမ်ဦးထုပ်၊ အညာချည်ထည် စသည့်ဒေသထွက်ကုန်အချို့မှာမရှားပါး။ သို့ရာတွင် ထုတ်လုပ်ရ ခက်သည့် တောစီးရာဘာဖိနပ်၊ ဆေးဝါးများ၊ အိမ်ဆောက်ပစ္စည်းများ၊ ခေတ်ပေါ်အလှကုန် ပစ္စည်းများ လယ်ယာသုံးပစ္စည်းများ စသည်တို့မှာ သယ်ယူပို့ဆောင်ရခက်ခဲမှုကြောင့် စားသောက် ကုန်များထက် ပိုမိုရှားပါးပြီး ဈေးနှုန်းပိုမြင့်သည်။

 

နိုင်ငံခြားပစ္စည်းများကို အလွယ်ဝယ်ယူနိုင်သည့် ရန်ကုန်၊ မန္တလေး၊ တရုတ်ပြည်နှင့်နီးသည့် ရှမ်းပြည်နယ်တို့နှင့် ကုန်သွယ်ရေး လမ်းကြောင်း မသင့်သည့် မြို့နယ်များတွင် ကုန်စည် ပိုမိုရှားပါးသည်။

 

မန္တလေးနှင့်ရန်ကုန်တွင် ပေါများသည့် စူပါဂလူးကော်ကဲ့သို့ကုန်စည်မှာ မုံရွာမြို့ပေါ်တွင်သာ ရနိုင်သည့် ပစ္စည်းဖြစ်သည်။

 

စစ်ကောင်စီမကြာခဏစစ်ကြောင်းထိုးလေ့ရှိသည့် ရေဦးမြို့နယ်မြို့ပေါ်ရှိ အင်္ကျီ၊ ဖိနပ်၊ အလှကုန် စသည် တို့ကိုရောင်းချသည့် စတိုးဆိုင်ကြီး၏ မှန်ဘောင်များထဲရှိ ကုန်စည်များမှာ ချောင်ချောင် ချိချိပင် နေရာယူလျက်။ မှန်ဘောင်ထဲထည့်ထားသည် နိုင်ငံခြားဖြစ်ဖိနပ်များမှာ ဖုန်တက်သည်က တက်နေပြီး ဆိုဒ်လည်းမစုံ။ ဈေးသွားမဝယ်သည်မှာကြာပြီဖြစ်သဖြင့် ပစ္စည်းတွေမစုံသေးကြောင်း အသက် ၂၀ ဝန်းကျင်ခန့်ရှိ ရောင်းချသူအမျိုးသမီးက ဆိုသည်။

 

ထိုဆိုင်ထက်သေးသော နောက်တစ်ဆိုင်တွင် ကြက်ပေါင်ဖိနပ်ဟုခေါ်သည့် ဒေသခံများ အစီးများသည့် ဖိနပ်ပင်မရှိတော့၊ ရှိသည့်ဖိနပ်များမှာ သပ်သပ်ရပ်ရပ်စီထားခြင်းမရှိဘဲ လက်ကျန် ပစ္စည်းများ ထားသကဲ့သို့ တောင်းတစ်ခုထဲထည့်ထားသည်။ ၎င်းတို့ဆိုင်၏ မှန်ဘောင်အတွင်း တွင်လည်း ချောင်ချိလျက်ပင်။

 

ဈေးမသွားသည်မှာကြာပြီဖြစ်သဖြင့် ပစ္စည်းမရှိတော့ကြောင်း ဈေးရောင်းချနေသည့် အသက် ငါးဆယ် ဝန်းကျင်ခန့်အမျိုးသမီးက ဆိုသည်။

 

ကားလမ်းနံဘေးမှ လက်ဘက်ရည်ဆိုင်တစ်ခု၏ဆိုင်ရှင်အမျိုးသမီးမှာ ၎င်းဆိုင်အတွင်းရှိ နံရံအပေါ်ဘက်တွင် ထင်းထင်းကြီးရေးထားသည့် မီနူးများကို ကြည့်နေသည့် စားသုံးသူကို ဤကာလတွင် ထိုမီနူးများ အကုန်မရနိုင်ကြောင်းပြောသည်။

 

စစ်ရေးကြောင့်မတည်ငြိမ်ကတည်းက ဆိုင်တွင်ယခင်ကအလုပ်လုပ်သည့်သူအချို့လည်း အခြား မြို့များသို့ ရွှေ့ပြောင်းကြသည်ဖြစ်ရာ ထိုအစားအစာများအားလုံးကိုပြင်ဆင်ပေးနိုင်သည့် လူ အလုံ အလောက် မရှိဟုဆိုသည်။ အမယ်စုံမရသော်လည်း ၎င်းဆိုင်တွင်စားသုံးသူများရှိပြီး ၎င်းကလည်း ရောင်းချဆဲပင်။

 

ရေဦးမှတန့်ဆည်မြို့သို့ တစ်နာရီဝန်းကျင်ခန့်သာကြာမြင့်သော်လည်း ရေဦးမှတန့်ဆည်သို့ သွားရမည့်အရေးကို ဒေသခံများက စစ်ဖြစ်နေသည့်အရပ်ဟုဆိုကာရှောင်ကြသည်။ တန့်ဆည် မြို့နယ်တွင် စစ်ကောင်စီ၏ ညနေ ခြောက်နာရီကျော်ပါက ညမထွက်ရအမိန့်ရှိသဖြင့် ယခင်က ကူးလူးဆက်သွယ်နေကြသော ဈေးရောင်းဈေးဝယ် ဒေသခံများမှာ တန့်ဆည်တွင်မှောင်သည်အထိ မနေရဲကြ။

 

ရေဦးမြို့နယ်မှတန့်ဆည်မြို့နယ်ဈေးတွင် ဈေးသွားရောင်းသည့်ဒေသခံများဈေးသည်များသည် နေ့လည် ၁၁ နာရီ ကတည်းက ဈေးသိမ်းကာ ပြန်ရန်ပြင်ဆင်ကြပြီး ညနေ ၃ နာရီ နောက်အကျဆုံးထားကာ တန့်ဆည်မြို့နယ် ဧရိယာမှ ထွက်ကြသည်၊ ညနေ ၆ နာရီ ကာဖျူးကြောင့်ပင်။

 

တန့်ဆည်မြို့နယ်သည် ကချင်ပြည်နယ်နှင့်နီးပြီး ရှမ်းပြည်နယ်နှင့်တိုက်ရိုက်ပြေးဆွဲနေသည့် ယာဥ်များရှိသည်။ ယာဥ်များမှာ မနက်ပိုင်းတွင် တန့်ဆည်မြို့မှထွက်ကြပြီး နေ့လည်ပိုင်း တွင်ဝင်ကြသည်၊ နောက်နေ့မနက်စောစော ပြန်ထွက်ကြသည်။ ညနေစောင်းလျှင် ခရီးသည်ယာဥ် အဖြတ်အသန်းမရှိတော့ပေ၊ ကိုယ်ပိုင်ယာဥ်အချို့သာ ကြိုကြားကြိုကြားဖြတ်သန်းသွားလာသည်။

 

တန့်ဆည်လမ်းဆုံဈေးသည်အလွန်စည်ကားပြီး ကချင်အစားအစာများ၊ အညာဒေသထွက်ကုန်များ၊ ရှမ်းပြည်နယ် ထုတ်ကုန်များ၊ တရုတ်ထုတ်ပစ္စည်းများကို အလွယ်တကူရနိုင်သည့် ဈေးကြီး ဖြစ်သည်။ ယခုတွင် ဈေးတစ်ဝက်ကျော်ခန့်မှာပိတ်ထားပြီး သုံးပုံတစ်ပုံခန့်သော ဆိုင်များသာ ဖွင့်ကြသည်၊

 

တည်းခိုခန်းများမဖွင့်ကြသည်မှလအတန်ကြာပြီဖြစ်သည်။ တန့်ဆည်၌ မနက် ၁၀ နာရီဝန်းကျင်ခန့် ထိသာ လူစည်ကားပြီး ယင်းနောက်ပိုင်းတွင်ခြောက်ကပ်နေပြီဟု တန့်ဆည်သို့ ယာဥ်ပြေးဆွဲနေသူ ယာဥ်မောင်းက ဆိုသည်။

 

တန့်ဆည်သို့ညနေပိုင်းတွင်ရောက်သည့် ယာဥ်များပင်တန့်ဆည်တွင်တည်းစရာမရှိသဖြင့် ရေဦးသို့ ပြန်လှည့်ကာ တည်းခိုကြရသည်။

 

ယခင်က အခြားအရပ်ဒေသမှကူးလူးသူများနှင့်စည်ကားသောအရပ်သည် ယခုအချိန်ကာလတွင် နေ့လယ်တွင်ပင် လမ်းမပေါ်၌ယာဥ်နှင့်လူပါရှင်းလျက်။ ကုန်သွယ်လမ်းကြောင်း ဖြောင့်သည့် တန့်ဆည်မြို့၏ဈေးတွင် နောက်ဆုံးပေါ်အလှကုန်မှစ၍ စူပါဂလူးကော်အထိ လွယ်ကူစွာဝယ်ယူ နိုင်ခဲ့ဖူးသည်။

 

ယခုတွင် စူပါဂလူးကော်ကဲ့သို့ပစ္စည်းများမဝယ်နိုင်တော့သဖြင့် ပစ္စည်းမရှိကြောင်း တန့်ဆည်မြို့ရှိ စတိုးဆိုင်တစ်ခုမှ အသက်နှစ်ဆယ့်ငါး ဝန်းကျင်အရွယ် ဆိုင်ရှင်အမျိုးသမီးက ဈေးရောင်းရင်း ပြောသည်။

 

ဆင်ပိန်ကျွဲဟူသကဲ့သို့ပင် အလွန်စည်ကားခဲ့သည့်ဈေးကြီးဖြစ်သဖြင့် ခြောက်ကပ်နေသည့် လမ်းမဘေးမှ ဈေးတွင်ရနိုင်သောကုန်စည်များသည် ရေဦးမြို့ပေါ်တွင်ထက်ပိုမိုစုံလင်သည်။ ရေဦးမှ တန့်ဆည်မြို့သို့ သွားရသည့် ကားလမ်းမတွင်လည်း အစစ်အဆေးကြပ်သည့်အပြင် တန့်ဆည် လမ်းဆုံဈေးမှ တန့်ဆည်မြို့ပေါ်အထိ စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်နှင့် မထင်သလိုလည်း စစ်ဆေးခြင်းများရှိသည်။

 

ထို့ကြောင့် တန့်ဆည်မြို့နယ်သို့ အဝင်အထွက်လုပ်ရမည်ကို အခြားဒေသမှသူများက အန္တရာယ်များ သည်ဟု မြင်ကြသည်။ ကာဖျူးကြောင့်တန့်ဆည်မြို့နယ်အတွင်းရှိအနီးအနားရွာများမှာ မြို့ပေါ်သို့ တက်ရန်အတွက် အချိန်အကန့်အသတ်ဒဏ်ကိုပါ ခံကြရသည်။ တန့်ဆည်မြို့နယ်ကို အခြားဒေသမှ သူများက သွားလာရန်တွန့်ကြသော်လည်း တန့်ဆည်မြို့နယ်ဈေးမှာမူ နေ့လယ် ၂ နာရီခန့်တွင် ဈေးတံခါးပိတ်ကာ လည်ပတ်နေကြဆဲပင်။  

 

ဤသို့ပင်လည်ပတ်လျက် စစ်ကိုင်းတိုင်းရှိမြို့နယ်အသီးအသီးတွင် ကုန်စည်များ ကူးသန်းရောင်း ဝယ်ရေးသည် စွန့်စားခန်းတစ်ခုကဲ့သို့ပင်ဖြစ်နေသေးသည်။ မည်သည့်အရာကိုမှ သေချာတပ်အပ် အာမခံကာ သယ်ယူပို့ဆောင် ဝယ်ယူမှု မဆောင်ရွက်နိုင်ကြသေးပေ။

 

ပုံစာ- မြို့ပေါ်ဈေးများမှ ရပ်ကွက်နှင့် ရွာများအတွင်းလှည့်လည်ရောင်းချသည့် ဆိုင်ကယ်ဈေးဆိုင်

 

Burma Associated Press

စစ်ကိုင်း
ဒေသကာကွယ်ရေးတပ်ဖွဲ့
အရပ်သား
ကုန်ဈေးနှုန်း
စစ်ကောင်စီ

Share With
bap-logo