bap-logo
Article

အင်းစိန်ထောင်ထဲက အဇ္စျိတ္တများ

1Zvw5xMVxVO4q702aSrPH-image

လွန်ခဲ့သော ၂ နှစ် က

အချိန်က ဇွန်လရဲ့ နေ့လယ်ပိုင်းအချိန် မိုးလုံလေလုံခန်းမဆောင်ကြီးတစ်ခုရဲ့ တစ်ဖက်တစ်ချက်ဆီမှာ လူအုပ်စု စုခန့်ဟာ သူ့အုပ်စုနဲ့သူ ထိုင်နေကြပါတယ်။

 

တစ်အုပ်စုမှာ အနည်းဆုံး နှစ်ဦးကနေ သုံးဆယ်ဦး၀န်းကျင်ခန့် ရှိနေပါတယ်။

 

စားပွဲခုံမြင့်တစ်ခုရဲ့ ထိုင်ခုံမှာတော့ အမည်းရောင်တိုက်ပုံ ၀တ်ထားတဲ့ တရားသူကြီးအမျိုးသားက စာရွက်တွေကို ကိုင်ဖတ်ရင်း၊ ဘေးနားကမတ်တပ်ရပ်နေတဲ့ ရှေ့နေဖြစ်ဟန်တူတဲ့ အမျိုးသမီးကို မေးရင်း၊ သူ့ရှေ့တည့်တည့် ထိုင်နေတဲ့ လူငယ်တစ်ဦးကို ထပ်ဆင့်မေးနေပါတယ်။

 

အောက်မှာ ခပ်ကျုံ့ကျုံ့ထိုင်နေကြတဲ့ အုပ်စုထဲမှာ အသက်၂၀ နဲ့ ၃၀ ၀န်းကျင်လူငယ်၊ လူလတ်ပိုင်းတွေ စကား ပြောရင်း ဖော့ဘူးနဲ့ စားစရာတွေ ထိုင်စားသူ၊ အချို့က တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်ကာ စကားတီးတိုး ပြောဆို နေကြပါတယ်။

 

နင်တို့နှစ်ယောက်ကလဲနော် ချစ်နေလိုက်ကြတာ အစားလေးတွေ စားကြပါဦး ဒီအချိန်လေးပဲ ကြိုက်တာ စားခွင့် ရတာ အထဲ၀င်သွားရင် စားရတော့မှာမဟုတ်ဘူး"လို့ သူတို့နဲ့အတူ ထိုင်နေတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီးက စုံတွဲဖြစ်ဟန်တူတဲ့ လူငယ်နှစ်ဦးကို ပြောလိုက်ပါတယ်။

 

"အစ်မကလဲဗျာ ကျွန်တော့်မိန်းမနဲ့ ဒီရုံးထုတ်ချိန်လေးပဲ နီးနီးကပ်ကပ်တွေ့ရတာ အစားထက် ပိုအရေးကြီးတယ်လို့ ခုနကအမျိုးသမီးကို လှမ်းပြောရင်း သူ့ဘေးက မိန်းကလေးရဲ့ လည်ပင်းနေရာကို နမ်းရိူက်လိုက်ပါတယ်။

 

လည်ပင်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံနဲ့ သူ့ရဲ့လက်ဖျံအတွင်းနေရာမှာ နွေဦးတော်လှန်ရေး ..၂၁ ဆိုတဲ့ စာတန်းတက်တူးထိုးထားတဲ့ အမျိုးသမီးငယ်ကတော့ ဘေးပတ်၀န်းကျင်ကို မလုံမလဲကြည့်ရင်း ပြုံးနေပါတယ်။

 

အသက် ၂၀ အရွယ် လူငယ်နှစ်ဦးဟာ ဇနီးမောင်နှံဖြစ်ပြီး၊ ဖမ်းဆီးခံရတာ နှစ်နီးပါး ရှိနေပြီး မြို့နယ်တူ၊ ရုံးချိန်း ရက်ကျမှသာ အနီးကပ်တွေ့ရတာပါ။

 

ရက်သားအရွယ်လေးနဲ့ ထားခဲ့ရလို့ ထောင်ထဲ၀င်ကဆို နို့ရည်တွေ ရွှဲစိုနေတာပဲ။ သတိရပေမယ့် ရုံးချိန်းမှာ မိသားစုလာတွေ့ရင် ခေါ်မလာခိုင်းဘူး"လို့ ဘေးနားကအမျိုးသမီးကို ပြောပြနေတာပါ။

 

ဒီနေရာကတော့ ရန်ကုန်မြို့ရဲ့ နာမည်ကြီးလူသိများတဲ့ အင်းစိန်ထောင်တွင်း အထူးတရားရုံးလို့ သတ်မှတ်ထားတဲ့ နေရာတစ်ခုပါ။

 

အထူးတရားရုံးဆိုတာကတော့ ကိုဗစ်ကာလနဲ့ လက်ရှိအခြေနေတွေအရ သက်ဆိုင်ရာမြို့နယ်တွေက နိုင်ငံရေး အကျဥ်းသားတွေကို ရုံးထုတ်စစ်ဆေးဖို့ ယာယီသတ်မှတ်ထားတဲ့ သီးသန့်နေရာတစ်ခုပါ။

 

ဒီလို အဆောက်အဦး ခုမှာ ရန်ကုန်တိုင်း၊ ခရိုင်အလိုက် မြို့နယ်တွေက နိုင်ငံရေးအကျဥ်းသားတွေကို နေ့ရက် အလိုက် စစ်ဆေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

 

အောက်မှာထိုင်နေကြတဲ့ ဒီလူအုပ်စုဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ရှိအာဏာသိမ်းတာကို မကျေနပ်လို့ နည်းမျိုးစုံနဲ့ တော်လှန်ရင်း အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဖြစ်ပါတယ်။

 

"ရင်ထဲမကောင်းဘူး ပညာတတ်အဖူးညွှန့်လေးတွေ၊ သူရဲကောင်းလေးတွေ ထောင်ထဲမှာ အဆင်ပြေ ကြပါစေ" လို့ တရားရုံးထုတ်ကို လာရောက်သူ အမျိုးသမီးတစ်ဦးက ဂရုဏာသက်တဲ့အသံနဲ့ ဘေးနားက အဖော်တစ်ဦးကို ပြောနေပါတယ်။

 

တရားရင်ဆိုင်နေရတဲ့ သူတွေရဲ့ဘေးမှာတော့ ရဲ၀တ်စုံ၀တ်ထားတဲ့ သေနတ်ကိုင်ထားသူ ဦး ခန့်က စောင့်ကြည့် နေကြပြီး၊ အထူးတပ်ဖွဲ့လို့သတ်မှတ်ထားတဲ့ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က အရပ်၀တ်နဲ့ လှည့်လည်နေကြတာ ကို မြင်ရပါတယ်။

 

ထိုင်နေတဲ့အုပ်စုထဲက အသက် ၂၀ ၀န်းကျင် ကောင်လေးက မတ်တပ်ရပ်ချိန်မှာ၊ သံကြိုးတစ်ခုကို ကိုင်ရင်း သူ့ခြေကျင်း၀တ်က ခြေထိပ်ခတ်ထားတာကို မြင်ရပါတယ်။

 

ဒီသံခြေချင်းခတ်ခံထားရတဲ့ လူငယ်လေးကတော့ အမှုပေါင်းမြောက်များစွာနဲ့ ရင်ဆိုင်နေရသူဖြစ်ပြီး၊ အမိန့် ခု ချမှတ်ခံထားရပြီးလို့ သံခြေချင်းခတ်ထားရတာလို့ တရားရုံး ရုံးချိန်းလာသူ တစ်ဦးကို ပြောပြနေပါတယ်။

 

"မိသားစုလိုက် ဖမ်းခံထားရတော့ သူ့ကို အပတ်တိုင်း ရုံးထုတ်ချိန်မှာ မိသားစု၀င်တွေ လာမတွေ့တာ များတယ်။ အဲတာကြောင့် ကျွန်မတို့ မုန့်တွေထဲက မျှကျွေးကြတာ ဒီလူတွေအကုန်လုံးက အခန်း မတူကြပေမယ့် ရုံးထုတ် ချိန်တိုင်း တွေ့နေရလို့ မောင်နှမလို ဖြစ်နေပြီ"လို့ တရားရင်ဆိုင်နေရသူ အမျိုးသမီးတစ်ဦးက ဘေးနားက ထိုင် နေသူ သူ့မိသားစု၀င်တစ်ဦးကို ပြောပြနေပါတယ်။

 

ရုံးထုတ်တဲ့နေ့တွေမှာ သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်တစ်ခုကို အကျဥ်းသား ဦးကနေ ၁၅ ဦး လောက်ထိ ရုံးထုတ်တတ်ကြပြီး မိသားစု၀င်နဲ့ သက်သေထွက်ဆိုမယ့်သူတွေ နာရီကနေ နာရီလောက်ထိ တွေ့ဆုံခွင့် ရပါတယ်။

 

ဒီလို ရုံးထုတ်မယ့်နေ့တွေကျရင် ထောင်တွင်းကနေ တရားရင်ဆိုင်နေရသူတွေနဲ့ အပြင်ကနေ တရားရုံးထုတ် လာ တွေ့သူ မိသားစု၀င်တွေ သတင်းအပြန်အလှန် မေးရင်း အချိန်တွေ ကုန်လွန်တတ်ကြပါတယ်။ ခန်းမဆောင်ရဲ့ တစ်ဖက်က တရားရုံးထုတ်ရာ လူတစ်စုနားမှာ လူငယ်စုံတွဲနှစ်ဦး ပူးပူးကပ်ကပ် ထိုင်နေရင်း စကားတီးတိုး ပြောဆိုနေကြပါတယ်။

 

ပုဆိုး၀တ်ထားတဲ့ လူငယ်ကောင်လေးရဲ့ ခြေထောက်မှာ သံခြေချင်းခတ်ထားပီး အမျိုးသမီးက ပါလာတဲ့ မုန့်ကို ကျွေးနေတဲ့ မြင်ကွင်းက ကြည်နူးစရာကောင်းသလို လွမ်းစရာပင်ကောင်းနေပါတယ်။

 

"မိုးတွေရွာလာပြီ ချစ်ထီးပါရဲ့လား

 

ပါ ပါတယ်မောင်ရယ်။ မပူနဲ့ နောက်အပတ်ရုံးချိန်း ဘာယူလာရမလဲ။ အပြင်ကကိစ္စမပူနဲ့ ဖြေရှင်းနိုင်တယ်။ ကိုယ့်ဟာကိုဂရုစိုက်

 

မောင့်သူငယ်ချင်းတွေကလဲ ကူညီကြပါတယ်။ ငွေကြေးအတွက် စိတ်မပူနဲ့

 

ရပါတယ် အဆင်ပြေတာ ယူလာပါ။ သမီးကိုလဲပြောပေးနော်။ မောင်အရမ်းချစ်တယ်လို့

  

တစ်ဦးလက်ကို တစ်ဦး ဆုပ်ကိုင်ထားရင်း စကားပြောနေကြပါတယ်။

 

အချို့လူငယ်တွေကတော့ တစ်သက်တစ်ကျွန်းထိ ကျခံရနိုင်တဲ့ အမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် သူတို့ဟာ တုန်လှုပ်ဟန်မပြကြဘဲ တရားသူကြီးရဲ့ မေးမြန်းမှုကို တည်ငြိမ်စွာ ရင်ဆိုင်နေတာကို တွေ့ရပါတယ်။

 

သူတို့ထက် ခက်ခဲစွာရပ်တည်နေရတဲ့ မြို့ပြပြောက်ကျားအဖွဲ့နဲ့ တိုက်ပွဲ၀င်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေအတွက် ပူပန်နေကြပါသေးတယ်။

 

"ထောင်ထဲရောက်သွားတဲ့အခါကျတော့ အသက်မသေတော့ဘူးလေ၊ စစ်ကြောရေး ရောက်နေတဲ့ ရဲဘော်တွေကို သာ ပူတာ၊ အပြင်ကသူတွေ စား၀တ်နေရေးခက်ခဲမှာ ပူတာ။ ထောင်ထဲမှာ မှိုတက်နေတဲ့ ဆေးစားရတာ၊ ရေမသန့်တာတွေနဲ့ ကြုံရပေမယ့် ဒါက ပါမွှားလေး"လို့ အမှုရင်ဆိုင်နေရတဲ့ လူငယ် တစ်ဦးက တည်ငြိမ်တဲ့ အမူအယာနဲ့ ပြောပြပါတယ်။

 

မြို့နယ်အလိုက်ခုံတွေမှာ ထိုင်နေတဲ့ တရားသူကြီးတွေက သူတို့ စစ်ရမယ့်အမှုတွေ၊ ရှေ့နေတွေနဲ့ အပြန်အလှန် စစ်မေးနေချိန် အောက်မှာအစုလိုက် စကားတွေပြောရင်း ထိုင်နေသူတွေကလဲ အထဲပြန် ၀င်ရမယ့်အချိန် နီးကပ် လာနေပါပြီ။

 

မိုးကလည်း သဲသဲမဲမဲ ရွာနေပါတယ်။ ဒီလိုမိုးရွာရင် ရုံးချိန်းပြီးသွားပေမယ့် သူတို့နေထိုင်ရာ အချုပ်ဆောင်ကို သွားလို့မရသေးတာကြောင့် မိသားစု၀င်တွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန် ပိုရတာကြောင့် ပျော်နေရကြောင်း တရားရုံး ချိန်းလာသူတွေက ပြောပါတယ်။

 

"စစ်ကိုင်းက နယ်မြေစိုးမိုးနေပြီဆို ဟုတ်လား

 

ရန်ကုန်မှာရော ဘားတွေ ပြန်ဖွင့်နေပြီလား၊ UGတွေ ဆက်တိုက်ဖမ်းခံရနေတယ်ကြားလို့ စိတ်မကောင်းဘူး။"

 

ရွာလုံးကျွတ်မီးရှို့ခံရတယ်ဆို၊ ၁၆ ဦး မီးရှို့သတ်ခံရတယ် ဆိုတာရောဟုတ်လား

 

ဟိုရက် ကရင်ကတိုက်ပွဲမှာ စခတွေ ၃၀ ကျော်သေတယ်ဆို၊ စစ်သားတွေ လက်နက်နဲ့CDM လုပ်တာ များလာပြီဆို

 

နိုင်ငံတကာအခြေနေက ဘယ်လိုလဲ

 

ဒီနှစ်ကျောင်းတွေ ပြန်တက်နေကြပြီလား"

 

ဆီစျေးတွေ တက်နေတယ်ဆို၊ နိုင်ငံတကာပွဲတွေ NUGက တက်နေတယ် ကြားတယ် ဟုတ်လား

 

စတဲ့ မေးခွန်းတွေက တရားရုံးချိန်းလာသူတွေကို ပြင်ပအခြေနေနဲ့ ပတ်သက်ပြီး မေးနေကြတဲ့ မေးခွန်းတွေ ဖြစ်တယ် လို့ ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ မိသားစု၀င်တွေက ပြောပါတယ်။

 

"မိုးလည်းစဲပြီ။ အားလုံးတန်းစီကြတော့ အထဲပြန်၀င်တော့မယ်။ အပြင်လူတွေပြန်ကြတော့။"လို့ တာဝန်ကျ ရဲအရာရှိက ညွှန်ကြားနေပါတယ်။

 

စကားသံဆုံးတာနဲ့ မြို့နယ်အလိုက် တရားရင်ဆိုင်နေကြရတဲ့ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူတွေဟာ မိသားစု ၀င်တွေကို ကျောခိုင်းပြီး၊ သူတို့ကိုချုပ်နှောင်ထားရာ နေရာဆီကို တစ်ရွေ့ရွေ့ သွားနေကြပါတော့တယ်။

 

Burma Associated Press

 

 

အာဏာသိမ်း
မြန်မာ
နိုင်ငံရေးအကျဉ်းသား
အင်းစိန်
ထောင်

Share With
bap-logo