Article
ရှေ့တန်းမှာ ဖြတ်သန်းခဲ့ရတဲ့ လပြည့်ည
လွန်ခဲ့သော ၃ နှစ် က
စစ်တပ်ကသာ အာဏာမသိမ်းခဲ့ဘူးဆိုရင် ကျွန်တော်ဟာလည်း သီတင်းကျွတ်လပြည့်မှာ ရွှေတိဂုံဘုရားပေါ် ရောက်နေတဲ့သူတွေထဲက တစ်ယောက်ဖြစ်ကောင်းဖြစ်နေမှာပါ။
ဒါမှမဟုတ် ရန်ကုန်မြို့ရဲ့ ဘီယာဆိုင်တစ်ခုခုမှာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ သောက်ရင်းစားရင်း ထွေရာ လေးပါးတွေ ပြောကောင်းပြောနေမိမှာပါ။
ဒီနှစ်သတင်းကျွတ်လပြည့်ညမှာတော့ ကျွန်တော်ဟာ ရှေ့တန်းစစ်မြေပြင်တစ်ခုကို သတင်းယူဖို့ ရောက် နေခဲ့ပါတယ်။
နေ့စဉ်ရက်ဆက်ရွာနေတဲ့မိုးဟာ လပြည့်နေ့မှာတော့ အလိုက်တသိနဲ့ပဲ ယာယီ ရပ်စဲပေးခဲ့တဲ့အတွက် ရာသီဥတု ဟာ မနက်ထဲက ညအထိ ကြည်လင်နေခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်ဧရိယာထဲက ရှေ့တန်းစခန်းတစ်ခုကို ကျွန်တော် ရောက်သွားချိန်မှာတော့ ညနေ မှောင်ရီတရိုး ရှိနေပါပြီ။
“လက်နက်ကြီးပစ်သံ ကြားရင်ဝပ်။ မကြားရရင် ဒီတိုင်းနေလို့ရတယ်” ရှေ့တန်းစခန်းရဲ့ ခေါင်းဆောင်က အတိုဆုံး နဲ့ အရိုးရှင်းဆုံး စစ်သင်တန်းတစ်ခုကို ပေးပါတယ်။
“ဒါနဲ့ သေကံပါရင်တော့ သေမှာပဲ။ ဘာမှ မပူနဲ့” လို့လည်း သူက ဆက်ပြောပါသေးတယ်။ သူကတော့ အသက် ၄၀ ခန့် ရှိတဲ့ လူလတ်ပိုင်းတစ်ယောက်ပဲဖြစ်ပါတယ်။
ကျွန်တော့်ကို ပြောပြီးနောက်မှာတော့ ညလုံခြုံရေးအတွက် သူ့လူတွေကို နေရာအသီးသီးမှာ ဖြန့်ကျက်ပြီး ကင်းပုန်း ဝပ်စေပါတယ်။
ရှေ့တန်းလာကာနီးမှာ ကသုတ်ကရုတ်ဝယ်လိုက်တဲ့ အနက်ရောင် ပုခက်ရှည်ကို သူက ကူညီ တပ်ဆင်ပေးရင်း -
“ပုခက်ကြိုးက ဟောဒီလို တစ်ချက်ထဲဆွဲတာနဲ့ အလွယ်တကူ ဖြုတ်လို့ရအောင် ချည်ရတယ်” လို့ ပြောရင်း ကြိုးစ တစ်ဖက်ကို သစ်ပင်မှာချည်နှောင်ပါတယ်။
မိုးကာသားနဲ့ လုပ်ထားတဲ့ ပုခက်တွေဟာ ပေါ့ပါးခိုင်ခန့်ပြီး တောတောင်တွေအကြားမှာ ယာယီ အိပ်စက်ဖို့ အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ တစ်ဖက်တစ်ချက်မှာ တိုင်နှစ်ခုရှိတာနဲ့ အလွယ်တကူ တပ်ဆင်လို့ ရပါတယ်။ ဈေးကလည်း အသင့်အတင့်သာ ရှိပါတယ်။
နေ့အလင်းရောက်ပျောက်သွားတဲ့အချိန်မှာပဲ “ဟိုဟာ ဒရုန်းလားမသိဘူး” တစ်ယောက်က လှမ်းအသိပေး ပါတယ်။
သူ လက်ညိုးညွန်ရာနောက်ကို လိုက်ကြည့်တဲ့အခါမှာတော့ မြောက်ဘက် ကောင်းကင်ယံမှာ တရွေ့ရွေ့ သွားနေတဲ့ အဝါရောင် အစက်လေး သုံးစက်ကိုတွေ့ရပါတယ်။
“မီးပုံးပါ။ လပြည့်နေ့ဆိုတော့ မီးပုံးလွှတ်ကြတာပါ” သူတို့ထဲက တစ်ယောက်က အဖြေပေးပါတယ်။
ခပ်လှမ်းလှမ်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းဆီကနေ လေနဲ့အတူ လွင့်လာတဲ့ တရားသံသဲ့သဲ့ကိုလည်း ကြားရပါ တယ်။ လမ်းပေါ်မှာတော့ လူအသွားအလာ ပြတ်စပြုနေပါပြီ။
ည ၇ နာရီဝန်းကျင်မှာတော့ ငွေရောင်တောက်နေတဲ့လဟာ ကောင်းကင်ယံကနေ ထွက်ပေါ်လာပြီး ကျွန်တော်တို့ ရှိနေတဲ့ တောအုပ်ပေါ်ကို အလင်းဖြာကျလာပါတော့တယ်။ အားပြင်းပြင်းနဲ့ လင်းအား ကောင်းနေတဲ့ လရောင်ကို စိတ်ကူးနဲ့ ခံစားလို့ မဝသေးခင်မှာပဲ လုံခြုံရေးအချက်ပေးသတင်းတစ်ခုက ဝင်လာပါတယ်။
“ဟိုဘက်အစပ်မှာ ရန်သူ လှုပ်ရှားမှုတွေ့တယ်။ ပုခက်တွေသိမ်း” ခေါင်းဆောင် ဖြစ်သူက ခပ်တိုးတိုး ညွန်ကြား ပါတယ်။
အခုမှပဲ ပုခက်တွေကို တစ်ချက်ထဲနဲ့ အလွယ်တကူဖြုတ်လို့အောင် စီမံထားရတဲ့ အကြောင်းရင်းကို သိရပါတော့ တယ်။
ရန်သူဟာ ကျွန်တော်တို့ရှိတဲ့နေရာနဲ့ တစ်မိုင်အကွာမှာ စခန်းချနေတာဖြစ်ပြီး အချိန်မရွှေး ဒီနေရာကို ရောက်လာ နိုင်သလို၊ လက်နက်ကြီးကျည်တွေလည်း ကျရောက်ကောင်း ကျရောက်လာနိုင်ပါတယ်။
ရန်သူလှုပ်ရှားမှုသတင်းကြားတာနဲ့ အဖွဲ့သားအားလုံးဟာ အသင့်အနေအထား နေရာယူပြီးသား ဖြစ်နေပါပြီ။
ခပ်လှမ်းလှမ်းက ကွင်းပြင်တွေကိုတော့ လရောင်အောက်မှာ မြင်နေရပါတယ်။ တောအုပ်ဟာ လရောင် မထိုး ဖောက်နိုင်လောက်အောင် ထူထပ်လွန်းပါတယ်။
သို့သော်လည်း အချိန်ကြာလာတာနဲ့အမျှ ညအမှောင်မှာ ကျွန်တော့်မျက်လုံးတွေကို ကျင့်သားရလာပြီး အနီး ဝန်းကျင်က လှုပ်ရှားမှုတွေကို မြင်တွေ့နေရပါတယ်။
“ကျွန်တော့်မှာတော့ သေနတ်မရှိဘူး။ ဒီကောင်တွေတက်လာရင် အော်ဆဲလို့ပဲရမယ်။ ပစ်စရာ မရှိရင်တော့ ဆဲတာပဲတတ်နိုင်တယ်”လို့ ရဲဘော်တစ်ယောက်က ကျွန်တော့်ကို ပြောပါတယ်။ သူက စစ်မြေပြင် အတွေ့အကြုံ အတွက် ရှေ့တန်းကို ပါလာသူတစ်ဦးဖြစ်ပါတယ်။
“ကျွန်တော့်မှာတော့ သေနတ်မရှိဘူး။ ဒီကောင်တွေတက်လာရင် အော်ဆဲ လို့ပဲရမယ်။ ပစ်စရာ မရှိရင်တော့ ဆဲတာပဲတတ်နိုင်တယ်”လို့ ရဲဘော် တစ်ယောက်က ကျွန်တော့်ကို ပြောပါတယ်။ သူက စစ်မြေပြင် အတွေ့အကြုံ အတွက် ရှေ့တန်းကို ပါလာသူတစ်ဦးဖြစ်ပါတယ်။
တစ်ဖွဲ့လုံးမှာ သေနတ်မရှိတာဆိုလို့ သူရယ် ကျွန်တော်ရယ်ပဲ ရှိတာပါ။ သူ့ထက်သာတာက ကျွန်တော်ကတော့ လက်ထဲမှာ ကင်မရာတစ်လုံးရှိနေတာပါ။
ပြေးပေါက်ကိုတော့ ကြိုရှာထားရပါတယ်။
နာရီဝက်ခန့်စောင့်ကြည့်အပြီးမှာတော့ ရန်သူဟာ ရှေ့တက်လာခြင်းမရှိတာကြောင့် ကင်းသမားကလွဲရင် ကျန် ရဲဘော်တွေက ပုခက်တွေပြန်ဆင်ပြီး အိပ်စက်ဖို့ ပြင်ကြပါတယ်။
“ကောင်မလေးနဲ့ မီးထွန်းဖို့ဆိုပြီး ဖယောင်းတိုင်တွေ၊ အမွှေးတိုင်တွေ ဝယ်ထားပြီးမှ ရှေ့တန်းဆိုလို့ ထွက်လာရ တာ” လို့ ကင်းသမားရဲဘော်လေးက ရယ်ကျဲကျဲနဲ့ ပြောပါတယ်။
လပြည့်ညမှာ ဖယောင်းတိုင်ကိုင်ဖို့ရည်ရွယ်ထားတဲ့ သူ့လက်တွေက နက်မှောင် အေးစက်နေတဲ့ မောင်းပြန် သေနတ်ပေါ်မှာသာ ရှိနေပါတယ်။
“ရှေ့တန်းဆို ဖုန်းယူလာခွင့်မရှိလို့ ဖုန်းမပါဘူး။ အပြင်မှာ ဘာသတင်းတွေထူးသေးလဲ” အခြားကင်းသမား ရဲဘော်တစ်ယောက်က ကျွန်တော့်ကို မေးပါတယ်။
“ဒီနေ့လပြည့်နေ့ဆိုတော့ ရွှေတိဂုံဘုရားမှာတော့ လူအတော်လေးစည်တယ်။ ချင်းပြည်နယ်မှာတော့ တိုက်ပွဲတွေ ဖြစ်နေတယ်။ ကယားမှာလည်း ဒုက္ခသည်တွေအများကြီးပဲ။ မနေ့ကတော့ ၅၀၅ နဲ့ မတရား ဖမ်းခံထား ရတဲ့သူတွေကို ပြန်လွှတ်ပေးတယ်” လို့ သူ့ကို ပြန်ဖြေလိုက်ပါတယ်။
“ဘုရားသွားတဲ့လူတွေကိုလည်း အပြစ်မမြင်ပါဘူး။ ကိုဗစ်နဲ့ အာဏာသိမ်းမှုကြားမှာ လူတွေလည်း ဘယ်မှာမှ သွားလို့မရတာ။ ဒီတော့ သွားကြမှာပေ့ါ။ ကျွန်တော်လည်း ပြန်ချင်နေပြီ” လို့ သူက ပြောပါတယ်။
ညဉ့်ဦးပိုင်းက စူးစူးရှရှအော်နေတဲ့ ညပိုးကောင်တွေရဲ့ အသံဟာ ညဉ့်နက်လာတာနဲ့အမျှ တိတ်ဆိတ်လာပါတယ်။ ကျွန်တော်တို့ စကားပြောနေတဲ့အသံဟာ အုပ်လို့မရအောင် ခပ်တိုးတိုးထွက် နေတာ ကြောင့် စကားဝိုင်းကို သိမ်းပြီး ပုခက်ရှိရာကို ပြန်လာခဲ့လိုက်ပါတယ်။ သူတို့ နှစ်ယောက် ကင်းစောင့်ရင်း ကျန်နေခဲ့ပါတယ်။
ညဉ့်ဦးပိုင်းက စူးစူးရှရှအော်နေတဲ့ ညပိုးကောင်တွေရဲ့ အသံဟာ ညဉ့်နက်လာတာနဲ့အမျှ တိတ်ဆိတ်လာပါတယ်။ ကျွန်တော်တို့ စကားပြော နေတဲ့အသံဟာ အုပ်လို့မရအောင် ခပ်တိုးတိုးထွက် နေတာကြောင့် စကားဝိုင်း ကို သိမ်းပြီး ပုခက်ရှိရာကို ပြန်လာခဲ့လိုက်ပါတယ်။ သူတို့ နှစ်ယောက် ကင်းစောင့်ရင်း ကျန်နေခဲ့ပါတယ်။
ည ၉ နာရီတိတိမှာ ခပ်လှမ်းလှမ်းကနေ လက်နက်ငယ်သံ သုံးချက် ဆက်တိုက်ကြားရပါတယ်။ အိပ်ဖို့ ပြင်နေသူတွေရော ကင်းသမားတွေပါ မတိုင်ပင်ဘဲ အသံလာရာဆီကို ခေါင်းထောင်ကြည့်ကြပါတယ်။ နောက် ထပ် တစ်နာရီအကြာမှာလည်း ထပ်ကြားရပါသေးတယ်။
သေနတ်သံဟာ အတော်လေးလှမ်းတာမို့ ဒီတစ်ခါတော့ ပုခက်ဖြုတ်ဖို့ မလိုတော့ပါဘူး။ ပုခက်နဲ့ နောက်ဆုံး အိပ်ခဲ့ရတဲ့ အသက်အရွယ်ကို မမှတ်မိတော့တဲ့ ကျွန်တော့်အတွက် သစ်ပင်နှစ်ခုကြားမှာ တန်းထားတဲ့ ပုခက် ပေါ်မှာ အိပ်ရာတာ ကောင်းမွန်တဲ့အိပ်စက်မှုကို မရခဲ့ပါဘူး။
ရှေ့တန်းဆိုတဲ့ အသိရယ်၊ ရန်သူဟာ လက်တကမ်းမှာဆိုတဲ့ သတိရယ်ကြောင့်လည်း ပါမှာပါ။
ညဉ့်ငှက်တောင်ပံခတ်သံ၊ အော်မြည်သံ၊ တစ်ချက်တစ်ချက်ထမြည်တဲ့ ဆေးလိပ်မီးခြစ်သံတွေက မျက်လုံး မှိတ်ထားတဲ့ ကျွန်တော့်အကြားအာရုံဆီကို ရောက်ရောက်လာပါတယ်။
ည ၁၀ နာရီဝန်းကျင်မှာတော့ မြူပါးပါးလေးကျလာကြောင့် အအေးဓာတ်ကို သိသိသာသာ ခံစားရပါတယ်။ ခြင်တွေကတော့ ခြေဖျားလက်ဖျားတွေ၊ မျက်နှာတွေကို တဝီဝီမြည်သံပေးပြီး စဉ်ဆက်မပြတ်ကို ကိုက်ပါတယ်။
သစ်ပင်ပေါ်ကနေ အော်နေတဲ့ တောက်တဲ့တစ်ကောင်ကတော့ တစ်နာရီခြားတစ်ခါမြည်တဲ့ နာရီစင်ကြီးလိုပဲ အချိန်ခြားပြီး တစ်ညလုံး အော်ဟစ်နေပါတယ်။
တောတောင်ထဲက ထလာတဲ့ မြူတွေကြောင့်ပဲထင်ရဲ့ လကို မမြင်ရတော့ဘဲ အလင်းရောင်ကိုတော့ ခပ်ပါးပါးလေး ခံစားရပါတယ်။
ရှေ့တန်းနဲ့အသားကျနေတဲ့ ရဲဘော်တွေကိုတော့ အိပ်ခွင့်ရတုန်းမှာ တရူးရူးနဲ့ အိပ်မောကျနေပြီး သူတို့ရဲ့ အသက် ရှုသံကို အတိုင်းသားကြားနေရပါတယ်။
ကျွန်တော်မှေးခနဲ အိပ်မပျော်ခင်အချိန်ထိ ရဲဘော်တစ်ယောက်ဆီကနေ ပြန်ကြားမိနေတဲ့ စကား တစ်ခွန်းကို ရေရွတ်နေမိပါတယ်။
“ဒီလမ်းဟာ ကိုယ်ရွေးတာမှ မဟုတ်တာ။ လမ်းဆုံးရင်ဆုံး။ လမ်းမဆုံးရင် လူဆုံး ဒါပဲရှိတယ် မဟုတ်လား” တဲ့။
သူကပေါ့ပေါ့ပါးပါးပြောသွားပေမယ့် သူ့စကားကြောင့်ပဲ ကျွန်တော့်မှာ အတွေးတွေ တစ်ပွေ့တစ်ပိုက် ဖြစ်ခဲ့ရတယ်။
မနက် ၅ နာရီ ခွဲမှာတော့ အားလုံးက နိုးထနေကြပြီး နောက်ထပ်တိုက်ပွဲတစ်ခုအတွက် အသင့် ပြင်ဆင်နေကြပါပြီ။
Burma Associated Press