Editorial
စနစ်ကျသော ခုခံတွန်းလှန်မှု
လွန်ခဲ့သော ၃ နှစ် က
လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူမှုကို စစ်ကောင်စီသည် အားသွန်ခွန်စိုက် ပြုမှုနေသည်။
ထိုအရာသည် ၎င်းရင်ဆိုင်နေရသည့် အကျပ်အတည်းများ၏ နိုင်ငံရေးထွက်ပေါက်ဖြစ်သော ရွေးကောက်ပွဲ ကျင်းပခြင်းဟူသော အကြောင်းပြချက်ဖြင့် ယင်း၏ တရားဝင်မှုကို ရယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း အသံကောင်း ဟစ်ထား သည့် တစ်နည်း လူထုထောက်ခံမှု အလွန်နည်းပါးသည့် နိုင်ငံပါတီအချို့ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲ တွင် ပွဲ လန့်တုန်းဖျာခင်းရန် ကြံစည်နေကြသည်။
နွေဦးတော်လှန်ရေးနှင့် အာဏာရှင်စစ်တပ်အား ပြတ်သားစွာ ဆန့်ကျင်နေကြသည့် နိုင်ငံရေး ပါတီများကသာ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို တရားဝင်မှု မပေးဘဲ၊ ဆန့်ကျင်ကန့်ကွက် ပူးပေါင်းပါဝင်ခြင်း မပြုကြဘဲ တော်လှန် ပုန်ကန်နေကြသည်။
စစ်ကောင်စီက ဆောင်ရွက်နေသော လူဦးရေစာရင်း ကောက်ယူမှု လုပ်ငန်းစဉ်များကို ငြင်းဆန်၍ မပူးပေါင်း ကြရန် မေတ္တာရပ်ခံထားပြီး အားပေးအားမြှောက် ဆောင်ရွက်ကြသော စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက အဖွဲ့များနှင့် အခြားသောဒေါက်တိုင်များကို ပြင်းထန်စွာအရေးယူဆောင် ရွက်သွားမည်ဟုလည်း အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။
အများပြည်သူအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင့်ကန့်ကွက်မည်မှာ အသေအချာ ဖြစ်သည်။ စစ်ကောင်စီ၏ လူဦးရေစာရင်းကောက်ယူမှုအပေါ် တတ်နိုင်သ၍ ရှောင်ရှားကြသည်ကို မြေပြင်အခြေအနေတွင် တွေ့မြင်ရသည်။ အကြမ်းဖက် ဖိနှိပ်မှုများကို ကျူးလွန်နေသော စစ်ကောင်စီတပ်၏ ယုတ်မာမှုများကြောင့် အချို့ သော အခြေအနေများတွင် လူဦးရေစာရင်းကောက်ယူခြင်းကို ဆန့်ကျင်ကန့်ကွက် ရှောင်ရှားနိုင်ရန် အခက်အခဲ ရှိသည်။
မတရားသော တနည်း အတုအယောင် ရွေးကောက်ပွဲများကို တရားဝင်မှုမရှိစေရန် အကြမ်းမဖက်၊ သွေးမထွက် သော နည်းလမ်းဖြင့် ဆန့်ကျင်နိုင်သော နည်းလမ်း များစွာရှိသည်။ ယင်းအခြေအနေများကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတင်းအကျပ် အတည်ပြုခဲ့ရခြင်းနှင့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအား မဖြစ် ဖြစ် အောင် ကျင်းပခဲ့ရသည်များကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲကို မည်သည့်နည်းလမ်းများဖြင့် ကျင်းပသည်ဖြစ်စေ ဆန့်ကျင့် ကန့်ကွက်လို သော အများပြည်သူများက ရွေးကောက်ပွဲတရားဝင်မှု မရှိစေရန် ဆန့်ကျင့်ကန့်ကွက်ကြမည်သာ ဖြစ်သည်။ထို့ အတူ စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို နိုင်ငံတကာနှင့် ဒေသတွင်း နိုင်ငံများကလည်း အသိအမှတ် မပြုကြောင်းနှင့် တရားဝင်မှု မပေးကြောင်း အထင်အရှားပြသကြပြီး ဖြစ်သည်။
ယင်းတို့အတွက် အဓိကပင်မလိုအပ်ချက်သည် အများပြည်သူပါဝင်နိုင်မည့် ဆန့်ကျင်မှုနည်းလမ်းများကို ဦးဆောင် လမ်းပြရန်သာဖြစ်သည်။ စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပနိုင်သည့် လုပ်ပိုင်ခွင့် မရှိကြောင်း၊ တရားဝင်မှု မရှိကြောင်း၊ အတုအယောင်ရွေးကောက်ပွဲဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ နိုင်ငံရေးပါတီများကို အပြစ်တင်ရှုတ်ချကြောင်း၊ တရားမဝင်ရွေးကောက်ပွဲ ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ရလဒ်များကို လက်သင့်မခံကြောင်း စသည်တို့အား ထင်ရှားစေမည့် နည်းလမ်းများကို ရှာဖွေအကောင် အထည်ဖော်ရန် လိုအပ်မည်ဖြစ်သည်။
ထိုသို့ နည်းလမ်းကောင်းများကို ရှာဖွေအကောင်အထည်ဖော်ခြင်းသည် ပြည်သူလူထု ပါဝင်နိုင်မှုနှင့် အများ ပြည်သူ၏ ဆန္ဒအမှန်ကို ပြသနိုင်ရန် ထိရောက်သော လှုံ့ဆော်မှုဖြစ်ပေမည်။ ထို့ပြင် ထုတ်ပြန်ကြေညာချက် များကိုထုတ်၍ သင်္ကြန်အမြောက်ကဲ့သို့ အခြေအနေမှလည်း ရှောင်ရှားနိုင်မည်။ စစ်ကောင်စီလည်းအထိနာမည်။ ထိုကြောင့် လူထုက အင်ဖြင့်အားဖြင့် ပူးပေါင်းပါဝင်နိုင်မည့် စနစ်ကျနသော ခုခံတွန်းလှန်မှု နည်းနာများကို ဝိုင်းဝန်း ရှာဖွေနိုင်ကြရန် တိုက်တွန်းရပါသည်။
Related Articles
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၇ ရက် က