Editorial
အစွမ်းကုန် ရုန်းထွက်နိုင်ကြပါစေ
လွန်ခဲ့သော ၃ နှစ် က
နှစ်သစ်သို့ ရောက်ခဲ့ပြီ။ နှစ်သစ်တစ်ခုအစပြုတိုင်း ထိုနှစ်အတွင်း အကောင်အထည်ဖော် လုပ်ဆောင်ကြမည့် ရည်မှန်းချက်များကို ချမှတ်လေ့ရှိကြသည်။
၂၀၂၃ ခုနှစ်အတွက် မြန်မာပြည်သူများ၏ ရည်မှန်းချက်မှာ နွေဦးတော်လှန်ရေးအောင်မြင်ခြင်း အကြောင်း ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း တော်လှန်ရေး၏ အဆုံးအဖြတ် နှစ်အဖြစ် ၂၀၂၃ ခုနှစ်ကို ကြေညာထားသည်။
၂၀၂၂ ခုနှစ် တစ်နှစ်တာ ကာလပတ်လုံး မြန်မာပြည်သူအများ အားမာန်တင်း၍၊ အချင်းချင်းအကြား အားပေး ဖေးမ၍ ကျားကန်ရုန်းထခဲ့ကြရသည်။ ဆို့နင့်ဖွယ်ကောင်းသည့် ကြေကွဲဝမ်းနည်းစရာများကို ရင်ဆိုင်ခဲ့ကြရသည်။
အာဏာသိမ်းစစ်ကောင်စီနှင့် ယင်းလက်ပါးစေ စစ်တပ်သည် နေအိမ်၊ အဆောက်အဦးနှင့် ကျေးရွာများကို မီးရှို့ ဖျက်ဆီးခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းများ ထိခိုက်ခဲ့ရပြီး ကလေးငယ်များ အသက်ဆုံးရှုံးခဲ့ရသည်။
သက်ကြီးရွယ်အိုများ ပြင်းထန်လှသည့် ရာသီဥတုများအကြား တောထဲတောင်ထဲသို့ စစ်ရှောင်ခဲ့ကြရသည်။ အာဏာရှင်တွန်းလှန်သော တော်လှန်ရေးဦးဆောင်သူများကို မတရားဖမ်းဆီး၍ သေဒဏ် အပါအဝင် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
ရက်စက်ပြင်းထန်လွန်းသော အာဏာရှင်၏ ဖိနှိပ်မှုများကို ရင်ဆိုင်တွန်းလှန် ကြံ့ကြံ့ခံခဲ့သောကြောင့် နွေဦး တော်လှန်ရေးသည် အောင်မြင်ခြင်းလမ်းမပေါ်သို့ ချဉ်းကပ်လာနိုင်ခဲ့သည်။
နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများက စစ်ကောင်စီကို တရားဝင်မှုမပေးခြင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ကိုယ်စားပြုမှုကို ကုလသမဂ္ဂက လက်ခံထားခြင်း၊ ကုလသမဂ္ဂက မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ခြင်းနှင့် မြန်မာ့ဒီမိုကရေစီ ဘက်တော်သားများကို အကူအညီပေးနိုင်မည့် အမေရိကန်၏ အမျိုးသား ကာကွယ်ရေးဥပဒေတွင် ဘားမားအက်(Burma Act) ပါဝင်လာပြီး အတည်ပြုနိုင်ခဲ့ခြင်းများသည် နွေဦးတော်လှန်ရေး၏ အောင်ခြင်းအစ ချဉ်းကပ်လမ်းများဖြစ်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလ၏ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်၊ နှစ်သစ်ကူး မိန့်ခွန်းတွင် ၂၀၂၃ ခုနှစ်သည် တော်လှန်ရေးအတွက် အရေးကြီးသောနှစ် ဖြစ်သကဲ့သို့ တိုင်းပြည်၏ နိုင်ငံရေး ကံကြမ္မာ အလှည့်အပြောင်းအတွက် အရေးကြီးသော နှစ်တစ်နှစ်ဟု ယုံကြည်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်တွင် မြန်မာပြည်သူအများသည် တော်လှန်ရေးအတွက် အပြင်းအထန် ရုန်းကန်ရဦးမည် ဖြစ်သည်။ ထိုရုန်းကန်မှုများအတွက် မြန်မာပြည်သူများ၏ အဆုံးသတ် ဆုံးဖြတ်ချက်သည် အရေးပါလှ၏။ တော်လှန်ရေး အင်အားစုအသီးသီးကိုထောက်ပံ့ ကျားကန်ထားသည်များ လျော့ကျမသွားရန် အရေးကြီးသည်။
ထိုကြောင့် အာဏာရှင်ပြုတ်ကျရေး အဆုံးသတ်တိုက်ပွဲများအတွက် အင်အားစု၍ တော်လှန်ရေး အောင်ကြောင်း ဖြည့်ပြီး အစွမ်းကုန် ရုန်းထွက်ကြနိုင်ပါစေကြောင်း နှစ်သစ်ဆုမွန် ပြုအပ်ပါသည်။
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၇ ရက် က