bap-logo
Editorial

ကိုယ့်ခွန် ကိုယ့်အားသည်သာ အခရာ

n6RI71E27DSgyAGjLIhxD-image

လွန်ခဲ့သော ၃ နှစ် က

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၁ ရက်တွင် အတည်ပြု ခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာ့အရေးအတွက် ပထမဦးဆုံး ချခဲ့သော ဆုံးဖြတ်ချက် ဖြစ်သည်။

 

ယင်းဆုံးဖြတ်ချက်အတွက် မဲခွဲဆုံးဖြတ်ရာတွင် ရုရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က ကြားနေမဲ ပေးခဲ့ကြသည်။ ကျန်အဖွဲ့ဝင်နိုင်ငံများ အားလုံးက ထောက်ခံမဲ ပေးခဲ့ကြသည်။

 

မြန်မာ့အရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် တစ်စုံတရာချမှတ်ရမည့်အခါများတွင် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများဖြစ်သော တရုတ်နှင့် ရုရှားတို့သည် ဗီတိုအာဏာကို အသုံးပြု၍ ပယ်ချလေ့ ရှိခဲ့သည်။

 

ယခုမြန်မာ့ အရေးဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ဗီတိုအာဏာအသုံးပြု၍ ပယ်ချခြင်းမပြုဘဲ ကြားနေမဲ ပေးခဲ့သော်လည်း ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်အပေါ် အလုံးစုံကျေနပ်ခြင်း မရှိကြောင်း ပြသခဲ့သည်။

 

ယခုမြန်မာ့ အရေးဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ဗီတိုအာဏာအသုံးပြု၍ ပယ်ချခြင်းမပြုဘဲ ကြားနေမဲ ပေးခဲ့သော်လည်း ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်အပေါ် အလုံးစုံကျေနပ်ခြင်း မရှိကြောင်း ပြသခဲ့သည်။

 

 

လုံခြုံရေးကောင်စီသို့ ဗြိတိန်နိုင်ငံက တင်သွင်းခဲ့သော မြန်မာ့အရေးဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံက ကြိုဆိုခဲ့ပြီး ဒီမိုကရေစီလိုလားသော ပြည်သူအများက ဝမ်းမြောက်ဝမ်းသာ ရှိခဲ့ကြသည်။ နွေဦး တော်လှန်ရေး အောင်ရာအောင်ကြောင်းအတွက် အထောက်အပံ့ကောင်းများအဖြစ်လည်းကောင်း၊ လူ့အခွင့်အရေး ချိုးဖောက် ထားကြသည့် အာဏာရှင်စစ်ခေါင်းဆောင်များကို အရေးယူနိုင်မည့် အ‌ခြေအနေ တစ်ခုအဖြစ်လည်းကောင်း နှစ်ထောင်းအားရ ဖြစ်ကြသည်။

 

မြန်မာ့အရေးဆုံးဖြတ်ချက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်ရန်၊ အာဆီယံ သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ လူ့အခွင့်အရေးစံနှုန်းများကို လိုက်နာရန်၊ လူသားချင်းစာနာမှု အကူအညီများကို လက်ခံရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရန်ဆိုသော အချက်များသာ ပါဝင်သည်။ ယင်းဆုံးဖြတ်ချက်များအပေါ် စစ်ကောင်စီက ကန့်ကွက်ခဲ့သည်။ အမျိုးသားညီညွတ် ရေးအစိုးရ(NUG) က ကြိုဆိုခဲ့သည်။

 

အဆိုပါ ဆုံးဖြတ်ချက်များတွင် စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချမှု ကန့်သတ်ခြင်းနှင့် စစ်ကောင်စီ၏ ရာဇဝတ်မှုများကို အရေးယူနိုင်မည့်အချက်များ မပါဝင်ကြောင်း လူ့အခွင့်အရေးနှင့် မြန်မာ့အရေး စောင့်ကြည့် လေ့လာသူများက သုံးသပ်ကြပြီး စစ်ကောင်စီအနေဖြင့် လိုက်နာဆောင်ရွက်နိုင်ချေ နည်းပါးကြောင်း သုံးသပ်ကြသည်။

 

မည်သို့ဆိုစေ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်သည် နိုင်ငံတကာမှ စစ်ကောင်စီရရှိသော အရှုံးဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝန်းနှင့်၊ ယင်းတို့နှင့် အသံတူအကြောင်းကွဲများအကြား၌ပင် စစ်ကောင်စီ အား လက်မခံနိုင်တော့သည်များ ပိုမိုခိုင်မာလာသည်။ တော်လှန်ရေးအတွက် ရှိအပ်သည်များ အနက်မှ တစ်ခုသာ ဖြစ်သည်။

 

သို့သော် ယင်းသည် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနှင့် နိုင်ငံတကာစံနှုန်းအရ ရှိသင့်ရှိထိုက် ရှိအပ်သည်များကို အလုပ်သဘောအရ ပြုကြသည်များသာ ဖြစ်သည်။ နိုင်ငံရေးအခင်းအကျင်းအရ နိုင်ငံရေး အကျိုးအမြတ် အတွက် နိုင်ငံအချင်းချင်းအကြား ချိန်ခွင်လျှာညှိကြခြင်းသာ ဖြစ်သည်။ ထင်သာ မြင်လွယ်သော ဥပမာ ဆိုရလျင် တာဝန်ကျေ စပါးသွင်းခြင်းသာ ဖြစ်သည်။

 

ထိုအရာများသည် မြန်မာ့နွေဦးတော်လှန်ရေး အောင်နိုင်ရန်အတွက် ပုံစံအကြောင်းတရားတစ်ခုအရ သဲတစ်ပွင့် ဖြစ်သည်မှန်သော်လည်း တော်လှန်ရေး၏ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ အဆောက်အအုံ တည်ဆောက်နိုင် ရန် လုံလောက်သော သဲပွင့်စုပေါင်းခြင်းများအဖြစ် ပေါ်ထွက်အကောင်အထည်ဖြစ်ရန် သည်ကား ရှည်လျားသော ခရီးတစ်ခုအဖြစ် ရှိနေမည်သာဖြစ်သည်။

 

နွေဦးတော်လှန်ရေး အောင်မြင်ခြင်းအကြောင်းတရားသည် ထိုသို့သော အပြင်အပ သဲပွင့်များ၏ အပံ့အပိုးဖြင့် ပြီးမြောက်ခြင်းမမည်ဘဲ တော်လှန်ရေးအင်အားစုများ၏ အမြုတေအင်အားကို အားထားခြင်းဖြင့်သာ ပြီးမြောက် အောင်ကြောင်းဖြာမည်ဆိုသည်အား သတိပြုအပ်ပေသည်။

 

Burma Associated Press

ကုလလုံခြုံရေးကောင်စီ
အမျိုးသားညီညွတ်ရေးအစိုးရ
စစ်ကောင်စီ

Share With
bap-logo