bap-logo
Article

တရုတ်ဖြိုခွင်းသော်လည်း မပြိုဘဲ ကျန်နေသေးသည့် အွန်လိုင်း အလိမ်အညာလုပ်ငန်းများ

NjU7FhZXTxTsX5o7hOGxS-image

လွန်ခဲ့သော တစ်နှစ် က

တရုတ်နိုင်ငံအလယ်ပိုင်းမှ စားသောက်ဆိုင်မန်နေဂျာဟောင်း Zhang Hongliang သည် ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကာလအတွင်း အလုပ်အကိုင်ဆုံးရှုံးပြီးနောက် ၎င်း၏ မိသားစုကို ထောက်ပံ့နိုင်ရန် ပြည်တွင်း၊ ပြည်ပ အချိန်ပိုင်းအလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့သည်။

 

မတ်လတွင်း၌ စားသောက်ဆိုင်တစ်ခုတွင် တရုတ်စာချက်ပြုတ်နည်း သင်ကြားပေးရန် အလုပ်ခေါ်စာတစ်ခု ရရှိခဲ့ကာ မြန်မာနိုင်ငံရှိ အွန်လိုင်းအလိမ်အညာလုပ်ငန်းတစ်ခုသို့ ရောက်ရှိသွားခဲ့ကာ တရုတ်လူမျိုးများကို လူမှု မီဒီယာများမှတဆင့် အတု အလိမ်အညာ ရင်းနှီးမြှုပ်နှံမှုတွင် ၎င်းတို့၏ သိမ်းဆည်းထားငွေများ ထည့်သွင်းရန် ဖြားယောင်းခေါ်ယူရန် ခိုင်းစေခြင်း ခံခဲ့ရသည်။

 

အရှေ့တောင်အာရှမှ အင်အားကြီးသည့် တရုတ်ရာဇဝတ်ဂိုဏ်းများ လည်ပတ်လုပ်ကိုင်နေသည့် အွန်လိုင်း အလိမ်အညာကွန်ရက်အတွင်း ထောင်ချောက်မိကာ ကျရောက်ခဲ့သော Zhang သည် တရုတ်လူမျိုးအများစု ပါဝင်သည့် လူပေါင်း သောင်းဂဏန်းအနက် တစ်ဦးဖြစ်သည်။ တရုတ်နှင့် ဒေသတွင်း အာဏာပိုင်များက ဖြိုခွင်းမှု တစ်ခုအတွင်း လူပေါင်း ထောင်ချီ ဖမ်းမိခဲ့သော်လည်း အလိမ်အညာများ ဆက်လက်လုပ်ဆောင်နေသော ဒေသခံ အခွင့်ထူးခံလူစုများနှင့် ရာဇဝတ်မှုကွန်ရက်များကို အမြစ်ဖြတ်ရာတွင် မအောင်မြင်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

 

အလိမ်အညာလုပ်ငန်းများမှာ တစ်နေရာတွင် ပိတ်လိုက်လျှင် အခြားတစ်နေရာတွင် ထပ်မံပေါ်ထွက်လာလေ့ ရှိသည်။ ၎င်းပြဿနာမှာ တရုတ်အစိုးရအတွက် အရှက်ရဖွယ်တစ်ခု ဖြစ်ပြီး သာမန်တရုတ်လူမျိုးများမှာ လိမ်ညာခိုင်းစေခံရမည် သို့မဟုတ် ပြန်ပေးဆွဲခံရမည်ကိုကြောက်ရွံ့ကာ အရှေ့တောင်အာရှနိုင်ငံများသို့ သွားရောက်လိုစိတ် မရှိတော့ပေ။

 

တရုတ်အစိုးရရဲ့ ရှုထောင့်ကကြည့်ရင် တရုတ်ရာဇဝတ်ကောင် အများအပြားက အရှေ့တောင်အာရှ နေရာအနှံ့အပြားမှာ လည်ပတ် လုပ်ဆောင်နေကြတာဟာ အကြီးအကျယ် အရှက်ရစရာ အကြောင်းတစ်ခုပဲ

 

 

လူငယ်များကို ကမ္ဘောဒီးယား သို့မဟုတ် မြန်မာနိုင်ငံတွင် ဝင်ငွေမြင့်သော အလုပ်များ ရရှိမည်ဟု လှည့်ဖြား ခေါ်ယူကာ အလိမ်အညာလုပ်ငန်းများတွင် အတင်းအကျပ်ခိုင်းစေခံနေရသည့် ဖြစ်ရပ်များကို မကြာသေးခင် နှစ်များအတွင်း မီဒီယာများက တင်ပြခဲ့ကြသည်။ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်လျှင် လူများကို ပုံမှန် ရိုက်နှက်ခြင်း သို့မဟုတ် အတင်းအကျပ် ပတ်ပြေးစေခြင်းကဲ့သို့ ကာယပိုင်းဆိုင်ရာ အပြစ်ပေးခြင်းများ ပြုလုပ်ခံရသည်ဟု ကယ်ဆယ်ရေးအဖွဲ့အစည်းများက ပြောကြားသည်။

 

ဩဂုတ်လတွင် တရုတ်၊ ထိုင်း၊ လာအိုနှင့် မြန်မာတို့သည် ပူးတွဲ ရဲစစ်ဆင်ရေးစင်တာတစ်ခု တည်ထောင်ပြီး ဒေသတွင်း အလိမ်အညာလုပ်ငန်းများကို ကိုင်တွယ်ဖြေရှင်းရန် သဘောတူခဲ့ကြသည်။ တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက "နွေရာသီ စစ်ဆင်ရေး" ဖြင့် လိမ်ညာမှုဖြင့် သံသယရှိသူ ၂,၃၁၇ ဦးကို မြန်မာနိုင်ငံမြောက်ပိုင်းမှ တရုတ်သို့ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ကြောင်း အောက်တိုဘာ ၁၀ ရက်နေ့တွင် ကြေညာခဲ့သည်။

 

တရုတ်က သံသယရှိသူများဟု ပြောသော်လည်း ကျွမ်းကျင်သူများက ၎င်းတို့အများစုမှာ ရာဇဝတ်ကောင်များ အတွက် အတင်းအကျပ် ခိုင်းစေခံရသူ သားကောင်များသာ ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့ တရုတ်သို့ ပြန်ရောက်သည်နှင့် မည်ကဲ့သို့ ဆက်ဆံခံရမည်ကို ကျွမ်းကျင်သူများက မေးခွန်းထုတ်ကြသည်။

 

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားကဲ့သို့သော နိုင်ငံများတွင် အခြေစိုက်ထားသည့် အလိမ်အညာလုပ်ငန်းများကို တရုတ် သူဌေးများက ဒေသခံ အခွင့်ထူးခံလူစုများနှင့် အနီးကပ်လက်တွဲ လည်ပတ်လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ခေါင်းဆောင် ရှီကျင်းပင်၏ အထူးအမှတ်လက္ခဏာဖြစ်သော ခါးပတ်နှင့် လမ်းစီမံကိန်းမှတဆင့် တရုတ်က ဘဏ္ဍာရေးကူညီပေးထားသော ဆောက်လုပ်ရေးလုပ်ငန်းကြီးများရှိသည့်နေရာများတွင် ၎င်း အလိမ် အညာလုပ်ငန်း အများအပြား အခြေစိုက်ထားကြသည်။

 

မြန်မာနယ်စပ်ဒေသများမှာ ဥပဒေစိုးမိုးရေးအားနည်းသည့်အတွက် သမိုင်းတစ်လျှောက် မူးယစ်ဆေးဝါး ထုတ်လုပ် ကုန်သွယ်သူများကဲ့သိုသော ရာဇဝတ်ကောင်များအတွက် စွဲဆောင်ရာနေရာ ဖြစ်နေခဲ့သည်။ ၎င်းနေရာ များမှာ ယေဘုယျအားဖြင့် မြန်မာအစိုးရနှင့် ဆန့်ကျင်သော သို့မဟုတ် မိတ်ဖက်ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ရာနေရာများ ဖြစ်လေ့ရှိသည်။ အချို့မှာ အုပ်စုဖွဲ့ ရာဇဝတ်ဂိုဏ်းများနှင့် ပူးပေါင်းဆောင်ရွက်ကြသည်။

 

တရုတ်အစိုးရရဲ့ ရှုထောင့်ကကြည့်ရင် တရုတ်ရာဇဝတ်ကောင် အများအပြားက အရှေ့တောင်အာရှ နေရာအနှံ့အပြားမှာ လည်ပတ်လုပ်ဆောင်နေကြတာဟာ အကြီးအကျယ် အရှက်ရစရာ အကြောင်းတစ်ခုပဲ။” ဟု ကုလသမဂ္ဂ ငြိမ်းချမ်းရေးအင်စတီကျူ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ ကျွမ်းကျင်သူ Jason Tower က ပြောကြားသည်။

 

၎င်း ဂိုဏ်းများသည်ဝက်သတ်ခြင်း (ချစ်မှုရေးရာဆက်ဆံရေးတည်ဆောက်၍ အလိမ်အညာ ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်စေခြင်း)” ဖြင့်လည်း လူသိများကြပြီး ၎င်းလိမ်ညာသူများက ကမ္ဘာ့တစ်ဘက်ခြမ်းမှ တစ်စုံတစ်ဦးကို ဒစ်ဂျစ်တယ် ချစ်မှုရေးရာများဖြင့် လိမ်လည်လှည့်ဖြားကာ ၎င်းတို့၏ ပိုက်ဆံများကို အတုအယောင် အလိမ် အညာ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံစေရန် လှည့်ဖြားလေ့ရှိကြသည်။

 

လိမ်ညာသူများက ၎င်းတို့၏ ပစ်မှတ်ကို တရုတ်နှင့် တရုတ်မဟုတ်သူဟူ၍ အမျိုးအစားနှစ်မျိုး ခွဲခြားလေ့ရှိသည်။ ၎င်းတို့သည် ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ ဇာတ်လမ်းဇာတ်ညွှန်းများ၊ စံပြမယ်များနှင့် ထင်ရှား လွှမ်းမိုးသူများ၏ ပုံရိပ်များ၊ ဘာသာပြန်ဆော့ဝဲများကို အသုံးပြုကာ လူများကို လိမ်လည်လှည့်ဖြား၍ ငွေလိမ် ယူကြခြင်းဖြစ်သည်။ သားကောင်များမှာ ကမ္ဘာ့နေရာအနှံ့မှ ဖြစ်နိုင်သည်။

 

ရာဇဝတ်ကောင်များသည် "ခါးပတ်နှင့် လမ်းအစီအစဉ်၏ ပုခုံးသားပေါ်တွင် စီးနင်းနေကြကြောင်း” ရာဇ၀တ် ကောင်များနှင့် တရုတ်အစိုးရစီးပွားရေးလုပ်ငန်းများ၊ တတ်သိပညာရှင်များနှင့် အစိုးရအရာရှိများကြား ဆက်စပ်မှု ရှိကြောင်း 2020 ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည့် ကုလငြိမ်းချမ်းရေးအင်စတီကျူအတွက် ၂၀၂၀ ခုနှစ် အစီရင်ခံစာ ရေးသားခဲ့သူ Tower က ပြောကြားသည်။

 

မျှော်လင့်ချက်နဲ့ ကျွန်တော်တို့ အားလုံး ထွက်သွားကြတာပဲ။ ဒါပေမယ့် အရှိတရားက မျက်နှာကို ဖြတ်ရိုက်တာပဲ ခံရတယ်

 

 

Zhang သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေခဲ့ခြင်းဖြစ်ကာ လာအိုသို့ ဗီဇာဝင်ရန် သွားရောက်စဉ် မြန်မာနိုင်ငံမှ အလိမ်အညာလုပ်ငန်းစုတွင် လုပ်ကိုင်ရန် လှည့်ဖြားခေါ်ဆောင်သူနှင့် တွေ့ဆုံခဲ့သည်။ ၎င်းလိမ် လည်သူ၏ မျိုးနွယ်အမည်မှာ Gao ဖြစ်ကြောင်း၊ သူသည် ပွဲစားတစ်ဦးဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံတွင် နေထိုင်သည့် တရုတ်လူမျိုးများအတွက် ခရီးသွားကိုယ်စားလှယ်ဖြစ်ကြောင်း ၎င်းကို ပြောပြခဲ့သည်။ Zhang နှင့် ဇနီးသည် နောက်ထပ် ရင်သွေးတစ်ဦးကို ဖန်ပြွန်သန္ဓေသားဖြင့် ရယူရန် အပိုဝင်ငွေ လိုချင်နေကြသည်။ Gao က မြန်မာနိုင်ငံအရှေ့ပိုင်း ကရင်ပြည်နယ်ရှိ မြဝတီတွင် အလုပ်သွားလုပ်ရန်၊ Gao စားသောက်ဆိုင်အသစ်တွင် ဒေသခံစားဖိုမှူးကို တရုတ်ဟင်းလျာ ချက်ပြုတ်နည်း သင်ပေးရန် အကြံပေးခဲ့သည်။ လစာဝင်ငွေမှာ Zhang တရုတ်တွင် ရသည်ထက် နှစ်ဆဖြစ်သည်။

 

Zhang က စိုးရိမ်နေခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး စစ်တပ်ထိန်းချုပ်ထားသော မြန်မာနိုင်ငံသည် အရပ်ဘက်ပဋိပက္ခများဖြင့် လုံးထွေးရစ်ပတ်နေသည်။ သို့သော် Gao က တရားမဝင်လုပ်ငန်းတစ်ခုမှ လုပ်ကိုင် မှာ မဟုတ်ကြောင်းအာမခံခဲ့ကာ အွန်လိုင်းအလိမ်အညာလုပ်ငန်းများ ၎င်းဒေသတွင် များစွာလုပ်ဆောင်နေကြ သည့်အတွက် စားသောက်ဆိုင်တွင် စားသုံးသူအများအပြား ရရှိလာနိုင်ကြောင်း ပြောကြားခဲ့သည်။

 

၎င်းပြောဆိုချက်သည် အန္တရာယ်သတိပေးချက် ဖြစ်နိုင်သော်လည်း Zhang မှာမူ မြန်မာနိုင်ငံသို့ ရောက်မှသာ ၎င်း၏ အကျပ်အတည်းကို သဘောပေါက်သွားတော့သည်။ ၎င်းက မိသားစု အရေးပေါ် ကိစ္စဖြင့် အိမ်ပြန်ရန် ပြောဆိုခဲ့သည်။ ၎င်း၏ မိသားစုက ယွမ် ၄၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၄၇၂) ကို ခြစ်ကုတ်စုဆောင်းကာ Gao က ရရန်ရှိသည်ဟု ဆိုသော အကြွေးကို ပေးဆပ်ရန် ကူညီခဲ့ကြသည်။ တစ်ည၌ အလစ်တွင် သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံသို့ ကူးသွားခဲ့ပြီး ထိုင်းရဲများထံတွင် အဖမ်းခံ၍ တရုတ်သံရုံးကို ဆက်သွယ်ခဲ့သည်။

 

Zhang က ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲ၏ နေရပ်ပြန်ပို့သည့် အကြောင်းကြားစာနှင့် ယာယီ စိစစ်ရေးကဒ်ပြား မိတ္တူတို့ကို AP ကို ပြသခဲ့သည်။ ဂျွန်လနှောင်းပိုင်းတွင် တရုတ်သို့ ပြန်လည်ရောက်ရှိခဲ့ကာ တရုတ်ရဲတပ်ဖွဲ့၏ မေးမြန်းမှုကို ခံခဲ့ရပြီး ဖမ်းဆီးမခံခဲ့ရပေ။ အန္တရာယ်ကျရောက်နိုင်ပုံကို သတိပေးရန် TikTok တရုတ်ဘာသာ အက်ပလီကေးရှင်း ဖြစ်သော Douyin တွင် ၎င်း၏ ဇာတ်လမ်းကို မျှဝေခဲ့ကာ အွန်လိုင်းအလိမ်အညာ လုပ်ငန်းစုများတွင် ပိတ်မိနေသူတို့၏ ဆွေမျိုးများက ၎င်းကို မကြာခဏ ဆက်သွယ်လေ့ရှိကြောင်း ပြောပြသည်။

 

မျှော်လင့်ချက်နဲ့ ကျွန်တော်တို့ အားလုံး ထွက်သွားကြတာပဲ။ ဒါပေမယ့် အရှိတရားက မျက်နှာကို ဖြတ်ရိုက် တာပဲ ခံရတယ်။” ဟု ၎င်းက ပြောသည်။

 

တရုတ်သည် သံသယရှိသူ စုစုပေါင်း ၄,၀၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး တရုတ်သို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။

 

ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၏ "အောင်မြင်မှု ရလဒ်”ဟု ဆိုခဲ့သည်။ တနင်္လာနေ့တွင် လူ ၂,၃၄၉ ဦးကို နေရပ်ပြန်ပို့ခဲ့သည်ဟု ကြေညာခဲ့သည်။ ဝန်ကြီးဌာနက မှတ်ချက်ပေးရန် Fax ဖြင့် တောင်းဆိုမှုကို အကြောင်းမပြန်ခဲ့ပါ။

 

မြန်မာနိုင်ငံ 'ဝ'ပြည်နယ်သို့ ယခုနှစ်အစောပိုင်းတွင် လှည့်ဖျားခေါ်ဆောင်ခံရသူ အသက် ၃၁ နှစ်အရွယ်ရှိ စားဖိုမှူးဟောင်း တစ်ဦးက ပြောကြားသည်မှာ စက်တင်ဘာလတွင် ၎င်း၏ ကုမ္ပဏီက အကျဉ်းရုံး အခမ်းအနား တစ်ခုဖြင့် လူလေးဦးကို တရုတ်ရဲသို့ လွှဲပြောင်းပေးခဲ့သည်ကို တွေ့ရှိရကြောင်း ပြောဆိုသည်။ အခြား ကုမ္ပဏီများလည်း ယင်းကဲ့သို့ ပြုလုပ်ခဲ့ကြောင်း မြန်မာသို့ လှည့်ဖြားခေါ်ဆောင်ခံရပြီး အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုက ကယ်တင်ခြင်းခံခဲ့ရသည့် လူတစ်ဦးကလည်း ပြောကြားသည်။ အစိုးရ၏ လက်တုံ့ပြန်မှုကို ကြောက်ရွံ့၍ ၎င်းက အမည်ဖော်ပြရန် ငြင်းဆိုခဲ့ပြီး AP က ၎င်းဖြစ်ရပ်ကို သီးခြားအတည်မပြုနိုင်ခဲ့ပါ။

 

နယ်စပ်ဒေသက မြင်နိုင်တဲ့ အရိပ်အယောင်နဲ့ သဘောလောက်ပဲ ဖြိုခွင်းလို့ရမယ်။ ရေရှည်တည်တံ့တဲ့ အားထုတ်မှု တကယ်မရှိဘဲ နဲ့တော့ သူတို့က ပြန်လာဦးမှာပဲ

 

 

ယေဘုယျအားဖြင့် ဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်များသည် ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်မှုမရှိဟု ကျွမ်းကျင်သူများက ပြောကြားသည်။ ယခုမြန်မာတွင် အခြေစိုက်ထားသော အုပ်စုများသည် မူလက ကမ္ဘောဒီးယားတွင် အခြေစိုက်ခဲ့ကြသည်။ ကမ္ဘောဒီးယားက အွန်လိုင်း လောင်းကစားဝိုင်းများနှင့် တရားမဝင် ကာစီနိုများကို ၂၀၁၉ ခုနှစ်တွင် ဖြိုခွင်းပြီးနောက် အဖွဲ့အများအပြားက ရဲလုပ်ငန်းအားနည်းသည့် မြန်မာသို့ ပြောင်းရွှေ့ခဲ့ကြသည်။ အချို့ကို ပြိုင်ဘက်ဂိုဏ်းများက လွှဲပြောင်းယူခဲ့ကြသည်။

 

တရုတ်က ၎င်း၏ပုံရိပ်ကို ပြန်လည် အဖတ်ဆယ်ရေး အားထုတ်မှုမှာ ခရီးမတွင်သေးကြောင်း ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ Thitinan Pongsudhirak က ပြောကြားသည်။

 

နယ်စပ်ဒေသက မြင်နိုင်တဲ့ အရိပ်အယောင်နဲ့ သဘောလောက်ပဲ ဖြိုခွင်းလို့ရမယ်။ ရေရှည်တည်တံ့တဲ့ အားထုတ်မှု တကယ်မရှိဘဲနဲ့တော့ သူတို့က ပြန်လာဦးမှာပဲ။ဟု ၎င်းက ပြောသည်။

 

ကိုးကား - AP

ပုံစာ - ဩဂုတ်လ ၂၆ ရက် ၂၀၂၃ ခုနှစ် မြန်မာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြန်မာရဲတပ်ဖွဲ့မှ တရုတ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့သော ဆက်သွယ်ရေးနှင့် အင်တာနက်လိမ်လည်မှုဖြင့် သံသယရှိသူ ငါးဦး။ (Photo: Chinese embassy in Myanmar/Xinhua via AP)

 

 Burma Associated Press

တရုတ်
မြဝတီ
ဆိုင်ဘာရာဇဝတ်မှု
အွန်လိုင်းလိမ်လည်မှု
မြန်မာ

Share With
bap-logo