bap-logo
Article

ရွှေဝါရောင်တော်လှန်ရေးမှာ ပစ်သတ်ခံရတဲ့ ဂျပန်သတင်းထောက်ရဲ့ ကင်မရာညီမ ဖြစ်သူထံ ရောက်ရှိ

tsyR31N30OFvFjK-u6pGi-image

လွန်ခဲ့သော တစ်နှစ် က

၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်‌ရေးရဲ့ ဆန္ဒပြပွဲတစ်ခုမှာ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကာ သေဆုံးခဲ့ရတဲ့ ဂျပန် သတင်းထောက်တစ်ယောက်ရဲ့ လက်ထဲက ဗီဒီယိုကင်မရာကို ၁၅ နှစ်ကျော်ကြာပြီးနောက် ၎င်းရဲ့ညီမဖြစ်သူ ထံသို့ ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၆) က ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ လွှဲပြောင်းပေးခဲ့ပါတယ်။

 

၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့လယ်က ရွှေဝါရောင်တော်လှန်ရေးရဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ဂျပန်သတင်းထောက် ခန်းဂျိ နာဂအိ က မှတ်တမ်းဗီဒီယိုရိုက်ကူးနေစဥ် စစ်သားတွေ ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်ပြီး လူစုခွဲခဲ့ပါတယ်။

 

ဂျပန် APF သတင်းဌာနရဲ့ သတင်းထောက်တစ်ဦးဖြစ်တဲ့ အသက် ၅၀ နှစ်ရှိ နာဂအိ သေနတ်မှန်ခဲ့ပြီး အသက် သေစေနိုင်လောက်တဲ့ဒဏ်ရာကို ရရှိခဲ့ပါတယ်။

 

သူဟာ ထိုနေ့က စစ်သားတွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ခန့်မှန်းခြေ ၁၀ ဦးထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။

 

သေဆုံးစဥ်မှာ သတင်းထောက် ခန်းဂျိ နာဂအိ လက်ထဲရှိနေခဲ့တဲ့ ဆိုနီကင်မရာလေးကို DVB က ကိုအေးချမ်းနိုင် က နာဂအိရဲ့ ညီမဖြစ်တဲ့ နိုရိကို အိုဂါဝါ လက်ထဲကို ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၆) က ပေးအပ်ခဲ့ပါတယ်။

 

စိတ်ထဲ၊ နှလုံးသားထဲကနေ ကျေးဇူးအထူးတင်မိပါတယ်။ ကင်မရာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အခုထိမသိရှိခဲ့တာမို့ ကျွန်မအတွက်တော့ ဒါဟာ သိပ်အံ့သြစရာကောင်းပြီး၊ ပျော်စရာဖြစ်ရပ် တစ်ခုပါလို့ ညီမ ဖြစ်သူ အိုဂါဝါက ဆိုခဲ့ပါတယ်။

 

စိတ်ထဲ၊ နှလုံးသားထဲကနေ ကျေးဇူးအထူးတင်မိပါတယ်။ ကင်မရာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အခုထိမသိရှိ ခဲ့တာမို့ ကျွန်မအတွက်တော့ ဒါဟာ သိပ်အံ့သြစရာကောင်းပြီး၊ ပျော်စရာဖြစ်ရပ် တစ်ခုပါ

 

 

မြန်မာမှာ ၂၀၀၇ တုန်းကထက် ပိုမိုဆိုးရွားတဲ့ဖြစ်ရပ်တွေ ဖြစ်ပွားနေစဥ် ယခုကဲ့သို့ ကင်မရာ လွှဲပြောင်းပေးမှု ဖြစ်ပေါ်လာခဲ့တာပါ။

 

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သား အစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်အုပ်စုကို လက်နက်စွဲကိုင်တော်လှန် တိုက်ခိုက်မှုဟာ တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားနေပါတယ်။

 

မြန်မာသတင်းထောက်တွေ ပြုစုထားတဲ့စာရင်းအရ စစ်အာဏာသိမ်းခံရပြီးနောက် စစ်အာဏာပိုင်တွေရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ သတင်းထောက် ဦးရှိခဲ့ပြီး သတင်းထောက် အယောက် ၁၅၀ ကျော်ဟာ ဖမ်းဆီး ထောင်ချခံခဲ့ရပါတယ်။

 

လက်တစ်ဆုပ်စာ နိုင်ငံခြားသားသတင်းထောက်တွေလည်း ဖမ်းဆီးခံခဲ့ရကာ နောက်ပိုင်း ပြည်နှင်ဒဏ် ပေးခံခဲ့ရ ပါတယ်။

 

ယခု ပြန်လည်လွှဲပြောင်းခဲ့တဲ့ ကင်မရာအတွင်းမှာ မူရင်းတိတ်ရှိနေဆဲဖြစ်ပြီး ဗုဒ္ဓဟူးနေ့က အခမ်းအနားမှာ တိတ်ခွေဖွင့်ကြည့်ခဲ့ကြပါတယ်။

 

ဒီဖြစ်စဥ်ကတဆင့် လူတွေက မြန်မာမှာဖြစ်နေတာတွေအပေါ် အာရုံပြန်စိုက်နိုင်မယ်လို့ ကျွန်မတော့ မျှော်လင့် ပါတယ်။ မြန်မာမှာ လက်ရှိဖြစ်နေတာတွေနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းကလူတွေက တစ်ခုခုတော့ ခံစားမိမှာပါလို့ အိုဂါဝါက ဘန်ကောက်ရှိ သတင်းဌာနများကို ဆိုခဲ့ပါတယ်။

 

ကင်မရာနဲ့ ရိုက်ယူထားတဲ့ ဗီဒီယိုကို ဂျပန်ကိုပြန်ယူသွားပြီး ဆန်းစစ်ကြည့်ပြီး အချိန်ကြာလို့ ခြေစလက်စ ပျောက်သလိုဖြစ်နေတဲ့ သူ့အစ်ကိုရဲ့ သေဆုံးရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးရမှာ အထောက်အကူ ပြုနိုင် ကြောင်း အိုဂါဝါက ဆက်ဆိုခဲ့ပါတယ်။

 

နာဂအိ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေမှာတော့ ဆူးလေဘုရားကို ကြွေးကြော်သံတွေ၊ ပရိတ်ရွတ်သံတွေနဲ့ ချီတက် လာတဲ့ ဆန္ဒပြသူတွေနဲ့ ရဟန်းတော်တွေကို ရဲတွေက လမ်းပိတ်ထားတဲ့ပုံတွေ ပါပါတယ်။

 

စစ်သားတွေအပြည့်တင်ဆောင်လာတဲ့ ထရပ်ကားတွေကရောက်ရှိလာပြီး နာဂအိက ကင်မရာကို သူ့ဘက်ကို လှည့်လိုက်ပါတယ်။

 

စစ်တပ် ရောက်လာပါပြီ၊ အဲဒီမှာလေစစ်တပ်ပဲ။ လက်နက်အပြည့်အစုံနဲ့ စစ်တပ်ပါပဲ ဘုရားရှေ့ မှာကတော့ ပြည်သူတွေနဲ့ပြည့်နေတယ်။ ပြည်သူတွေက ဘုရားရှေ့မှာ စုစည်းနေကြတယ်။ လက်နက် အပြည့်အစုံနဲ့ စစ်တပ် တစ်ခုကတော့ ရောက်လာခဲ့ပါပြီလို့ နာဂအိက ဗီဒီယိုဖိုင်ထဲမှာ ပြောနေခဲ့ပါတယ်။

 

ထို့နောက် လူတွေက ကြောက်လန့်တကြားပြေးလွှားကြကာ လူစုကွဲကုန်ကြပါတယ်။ နာဂအိမသေခင် အချိန် ကလေးမှာပဲ ဗီဒီယိုက ပြတ်တောက်သွားပါတယ်။

 

သို့ပေမယ့်လည်း DVB က ရိုက်ယူထားတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုမှာ နာဂအိ သေဆုံးပုံကို မှတ်တမ်း ယူနိုင်ခဲ့ ပါတယ်။ စစ်သားတစ်ယောက်ရဲ့ အနီးကပ်ပစ်ခတ်မှုမှာ နာဂအိ လဲကျသွားခဲ့တာပါ။

 

ရိုက်တာသတင်းဌာနက အက်ဒရီး လာတစ် (Adrees Latif) ရိုက်ယူခဲ့တဲ့ နာဂအိ လဲကျသွားတဲ့ အချိန်ရိုက်ထားတဲ့ ဓာတ်ပုံဟာ ၂၀၀၈ ခုနှစ်အတွက် ပူလစ်ဇာဆုကို ရရှိခဲ့ပါတယ်။

 

နာဂအိရဲ့ကင်မရာကို ဘယ်လိုရှာတွေ့ခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေက ဘယ်နေရာမှာသိမ်းဆည်းခဲ့တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကတော့ မရေမရာမတိမကျဖြစ်နေဆဲပါ။

 

မြန်မာနိုင်ငံရဲ့ပြင်ပကို မရောက်လာခဲ့ခင်အထိ ဒီကင်မရာဟာ လူအတော်များများရဲ့လက်ထဲမှာ ဆင့်ကဲ ရှိနေခဲ့ တယ်လို့ ကိုအေးချမ်းနိုင်က ဆိုခဲ့ပါတယ်။

 

"ကျွန်တော်တို့ ပြောနိုင်တာကတော့ ဘယ်ဟာ အမှန်၊ ဘယ်ဟာက အမှားလည်းဆိုတာ သဲသဲကွဲကွဲသိတဲ့ နိုင်ငံသားကောင်း တစ်ယောက်ရဲ့ လက်ထဲကနေ ကျွန်တော်တို့ ဒါကို ရခဲ့တယ်ဆိုတာပါပဲ

 

 

လုံခြု့ရေးအကြောင်းပြချက်တွေကြောင့် ဒီကင်မရာကို ဘယ်လိုသယ်ထုတ်ခဲ့တယ်ဆိုတာကိုတော့ ကျွန်တော်တို့ အသေးစိတ်မပြောနိုင်ဘူးဆိုတာ အထင်အရှားဖြစ်ပါတယ်။ ကျွန်တော်တို့ ပြောနိုင်တာကတော့ ဘယ်ဟာ အမှန်၊ ဘယ်ဟာကအမှားလည်းဆိုတာ သဲသဲကွဲကွဲသိတဲ့ နိုင်ငံသားကောင်း တစ်ယောက်ရဲ့လက်ထဲကနေ ကျွန်တော်တို့ ဒါကိုရခဲ့တယ်ဆိုတာပါပဲလို့ ၎င်းက ဆက်ပြောခဲ့ပါတယ်။

 

ဒီကင်မရာကို လေ့လာဆန်းစစ်ရာကနေ မြန်မာစစ်အစိုးရဆိုခဲ့သလို ကျွန်မအစ်ကိုဟာ ကြံရွယ်ချက်ရှိရှိ ပစ်ခတ်ခံ ခဲ့ရတာမဟုတ်ကြောင်းဆိုတာ မမှန်ကြောင်းကို ကျွန်မတို့သက်သေပြနိုင်မယ်လို့ မျှော်လင့်ကြောင်း ညီမဖြစ်သူ အိုဂါဝါက ဆိုခဲ့ပါတယ်။

 

နာဂအိ သေဆုံးပြီးနောက် တစ်လအကြာမှာ ပြုလုပ်ခဲ့တဲ့ စစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲမှာ နာဂအိ ကိုယ်တိုင် က အန္တရာယ်ရှိတဲ့နေရာမှာ ရှိနေခဲ့တာကြောင့်ပဲ သူ့ရဲ့သေဆုံးခြင်းအတွက် သူ့မှာသာ အပြစ်ရှိကြောင်း ဆိုခဲ့ပါ တယ်။

 

"ဂျပန်သတင်းထောက်က ဆန္ဒပြသူတွေအကြားရှိနေတာကိုက သူ့ကိုသေဆုံးစေခဲ့တာပါပဲ။ ဂျပန် သတင်း ထောက်ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခဲ့တာမျိုးမဟုတ်ဘဲ မတော်တဆ ပစ်မိခဲ့တာမျိုးပါ။ အချိန်မှား၊ နေရာမှားပြီး ဂျပန်သတင်းထောက်က ဆန္ဒပြသမားတွေနဲ့ ရှိနေတာကိုက သူ့ကို ဝမ်းနည်းဖွယ် အဆုံးသတ်ကို ဖြစ်စေခဲ့ တာပါပဲ" လို့ သတင်းစာရှင်းလင်းပွဲမှာ စစ်အစိုးရဖက်က ဆိုခဲ့ပါတယ်။

 

နာဂအိ သေဆုံးမှုနဲ့ပတ်သက်ပြီး ရေးထားတဲ့ညစစ်အစိုးရဖက်က ဆောင်းပါးမှာလည်း နာဂအိဟာ မြန်မာကို သတင်းထောက်ဗီဇာနဲ့ဝင်ရောက်ခဲ့တာမဟုတ်ဘဲ ခရီးသွားဗီဇာနဲ့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်းကို ရေးသားခဲ့ပါ တယ်။ ရွှေဝါရောင်‌တော်လှန်ရေးကာလအတွင်းမှာ သတင်းထောက်ဗီဇာ ရဖို့ဆိုတာ အလွန်တရာကိုမှ ခက်ခဲခဲ့ပြီး မဖြစ်နိုင်ခဲ့ပါဘူး။

 

မြန်မာဟာ သတင်းထောက်တွေအတွက် အန္တရာယ်ရှိတဲ့နေရာ တစ်နေရာဖြစ်ကြောင်း နယူးယောက် အခြေစိုက် "သတင်းထောက်များကာကွယ်ရေး ကော်မတီ" က ရှောင်း ခရစ်ပင် က ဆိုခဲ့ပါတယ်။

 

"ယနေ့အခမ်းအနားဟာ အရေးပါပြီး မြန်မာစစ်တပ်ဟာ သတင်းထောက်တွေကို ဆက်လက် သတ်ဖြတ်နေဆဲ ဖြစ်ကာ ပြစ်ဒဏ်ခတ်ခံရခြင်းကလည်း ကင်းလွတ်နေဆဲဖြစ်ကြောင်းကို သတိပေးနေသလိုပါပဲ။ နာဂအိကို သေနတ်နဲ့ပစ်လိုက်တဲ့သူဆီကနေ၊ ယင်းသို့‌သေစေသည်အထိ ပစ်ခတ်ဖို့ အမိန့်ပေးတဲ့ ဘယ်သူ့ဆီကမဆိုကနေ အဲ့နေ့က ဆန္ဒပြသူတွေကို သေစေနိုင်တဲ့အထိ ဖိနှိပ်ဖို့ ဝိုင်းဝန်း ဆောင်ရွက်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေ အရေးယူ မခံရမခြင်း နာဂအိ သေဆုံးမှုနဲ့ပတ်သက်ပြီး တရားမျှတမှုကို မဆောင်ကြဉ်းနိုင်သေးပါဘူး။" လို့ ဗုဒ္ဓဟူးနေ့က အခန်းအနားကို တက်ခဲ့တဲ့ ခရစ်ပင်က ဆိုခဲ့ပါတယ်။

 

(အယ်ဂျာဇီးရား သတင်းဌာန၏ "Footage by Japanese journalist killed in Myanmar in 2007 released" ဆောင်းပါးကို ဘာသာပြန်သည်။)

 

ပုံများ - ရိုက်တာ

 

Burma Associated Press

အာဏာသိမ်း
မြန်မာ
ရွှေဝါရောင် တော်လှန်ရေး
ဂျပန်
သတင်းထောက်
အသတ်ခံရ

Share With
bap-logo