Local News
ကန့်ဘလူခရိုင်တွင် နေရပ်မပြန်နိုင်ဘဲ ရွာလုံးကျွတ်နီးပါးစစ်ရှောင်နေရသူ အများအပြားရှိနေ
လွန်ခဲ့သော ၂ နှစ် က
ဖေဖော်ဝါရီ ၂၅
စစ်ကောင်စီတပ်နှင့်ပျူစောထီးများပါဝင်သည့် စစ်ကြောင်းများသည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်မှုများ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် နေရပ်သို့ မပြန်နိုင်ဘဲ ရွာလုံးကျွတ် နီးပါးစစ်ရှောင်နေရသည့်ကျေးရွာ အများအပြားရှိနေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ သိရသည်။
"ကိုးတောင်ဘို့တိုက်နယ်ဇော်ချောင်းရွာဆိုရင်တစ်ရွာလုံးပဲ၊ ကန့်ဘလူတောင်ဘက်ခြမ်းက ရွာတွေဆိုရင်လည်း တစ်ရွာလုံးနီးနီးပဲ စစ်ရှောင်နေရတာ၊ ရွာတွေဆီကိုလည်း ပြန်လို့မရဘူးဖြစ်နေတယ်။ ကန့်ဘလူခရိုင်ထဲမှာဆိုရင် အဲ့ဒီလိုရွာတွေ တော်တော်များများကို ရှိနေတယ် " ဟု ယင်းအဖွဲ့ တာဝန်ခံက ဆိုသည်။
ကန့်ဘလူခရိုင်တစ်ခုလုံးအတွင်း စစ်ရှောင်နေရသည့်လူဦးရေ ၂၀,၀၀၀ မှ ၃၀,၀၀၀ ဝန်းကျင်ရှိကြောင်း၊ ထို့အပြင် ချပ်သင်းတိုက်နယ်၊ ကိုးတောင်ဘို့တိုက်နယ်ရှိကျေးရွာများမှ ပြည်သူများလည်း စစ်ရှောင်နေကြရကာ၊ ၎င်းတို့ အတွက် စားသောက်ရေး၊ နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အဓိက လိုအပ်နေကြောင်း သိရသည်။
ကျန်းမာရေးစောင့်ရှောက်မှုဟုဆိုရာတွင် စစ်ရှောင်များအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များလည်း ပါဝင်နေသည့်အတွက် တာဝန်ခံက ပြောသည်။
"စစ်ရှောင်တွေက ပြန့်ကျနေတဲ့ အနေအထားမျိုးရှိနေတော့ အဲဒါတွေကို တစ်စုတစ်စည်းတည်း စစ်ရှောင်စခန်း ပုံစံတွေ လုပ်ပေးဖို့တော့ ရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုက အဓိက လိုအပ်ချက် ဖြစ်နေတယ်။ ကျန်းမာရေး ဝန်ထမ်းတွေနဲ့တော့ တိုင်ပင်နေတယ်။ လတ်တလောတော့ အဆင်မပြေသေးဘူး" ဟု ၎င်းကပြောသည်။
အဆိုပါစစ်ရှောင်များကို NUG လက်အောက်ခံ လူကယ်ပြန်ဝန်ကြီးဌာနမှ ထိုက်သင့်သည့် ထောက်ပံ့မှုများ ပေးနေသော်လည်း စစ်ရှောင်အရေအတွက်မှာ များလွန်းနေသည့်အတွက် အလုံအလောက် ရရှိရန် ခဲယဉ်းနေ သေးကြောင်းလည်း ၎င်းကထပ်မံပြောသည်။
ပုံစာ။ စစ်ဘေးရှောင်နေရသည့် ကန့်ဘလူခရိုင်ဒေသခံများကို တွေ့ရစဉ်
ဓာတ်ပုံ။ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
Burma Associated Press
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၀ ရက် က