Opinion
ညီညွတ်ခြင်းပုံစံ ကရင်အမျိုးသားအလံ
လွန်ခဲ့သော ၂ နှစ် က
အလံဆိုသည်မှာ အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုသည်သာမက တစ်မျိုးသားလုံးကို ကိုယ်စား ပြုသည့် သမိုင်းဝင်သင်္ကေတအမှတ်အသားတစ်ခုပင်ဖြစ်သည်။
ကရင်အမျိုးသားတစ်ရပ်လုံးကို ကိုယ်စားပြုသည့်အမျိုးသားအလံတော်သည် လူမျိုးစုအတွက် မရှိမဖြစ် အလွန်အရေးပါသည့် ကဏ္ဍတစ်ခုအဖြစ်ရပ်တည်နေသည်သာမက သမိုင်းအစဉ်အလာ ကြီးသည့် ထိုအလံတော်အတွက် ဂုဏ်ယူစရာတစ်ခုလဲဖြစ်ပေသည်။
၁၈၈၁ ခုနှစ်မှစတင်ကာ ကရင်အမျိုးသားဆိုင်ရာ အဖွဲ့အစည်းတစ်ခုကိုဒေါက်တာ တီသံပြား ဦးဆောင် ဖွဲ့စည်းခဲ့ပြီးနောက် ဆရာစံဘော် အပါအဝင် ကရင်အမျိုးသားခေါင်းဆောင်များက ကရင်အမျိုးသား အလံ၊ ကရင်နှစ်သစ်ကူးနေ့ ကျင်းပရေးနှင့် ကရင်အမျိုးသားသီချင်း ဖြစ်ပေါ်လာရေးအတွက် ဦးဆောင် လှုပ်ရှားခဲ့ကြသည်။
၁၉၃၅ ခုနှစ်၊ လွှတ်တော်အစည်းအဝေးတွင် ကရင်လူထုကို ကိုယ်စားပြုမည့် ကရင်အမျိုးသားအလံ သတ်မှတ်နိုင်ရေးအတွက်မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ထို့အတွက် ကရင်အလံရွေးချယ်ရန် လူထုကို ဆော်ဩကာ ပြိုင်ပွဲတစ်ခုအဖြစ်သတ်မှတ်ပြီး ထိုက်ထိုက်တန်တန်ဆုပေး ရွေးချယ် ကြရန် ဆုံးဖြတ်ချက် ချခဲ့ကြသည်။
ပြိုင်ပွဲဝင် ကရင်အလံ စုစုပေါင်း ၁၀၀ ထဲမှ ၁၂ ခုကို ဇကာတင်အဖြစ်ရွေးချယ်ခဲ့ပြီး ထိုအထဲမှ နောက်ဆုံး ၃ ခုကို ပထမ၊ ဒုတိယ နှင့် တတိယဟူ၍ အပြီးသတ်ရွေးချယ်ခဲ့သည်။
ပထမဆု ကို ကရင်အမျိုးသားအဖွဲ့မှစာရေးဆရာတစ်ဦးဖြစ်သည့် ကွန်လွန်သူ မန်းဘခင်(B.A) မှရရှိခဲ့သည်။၎င်း အလံတွင် ကရင်လူမျိုးများအလေးထားရာ ဖားစည် ကိုဖော်ပြခဲ့ပြီးအဓိပ္ပာယ်ကို "ကရင်လူမျိုးများက ဖားစည်ကို အသက်တမျှ တန်ဖိုးထားသည်သာမက၊ ရှေးယခင်ကပင် ၎င်းတို့ အိမ်တွင် လက်နက်သဖွယ် ဆောင်ထားလေ့ရှိကြသည် "ဟူ၍ ဖော်ပြရေးသားခဲ့သည်။
ဒုတိယဆုရသူ ပဲခူးတိုင်း တောင်ငူမြို့နယ်မှ ဆရာမိုးလို(ကွယ်လွန်)ရေးဆွဲခဲ့သည့် အလံတွင်မှု တက်သစ်စနေဝန်းအမှတ်အသားတစ်ခုကိုဖော်ပြခဲ့ပြီး ကရင်လူမျိုးများကို တက်သစ်စနေဝန်းကဲ့သို့ တိုးတက် ထွန်းကားတောက်ပစေရန်ရည်ရွယ်ခဲ့ခြင်းဖြစ်သည့်အပြင် ကြောက်စိတ်ကို ဖယ်ရှားပေးသည့် အမှတ်အသား တစ်ခုအဖြစ်လဲဖော်ညွှန်းသည်။
တတိယဆုရသူ ဒေါက်တာစောဘဒွေး အလံတွင်မှု ဆင်ဖြူတော်အရုပ် ပါခဲ့သည်။ ထိုဆင်ဖြူတော် အရုပ်ကို ယခုအလံတွင်ပါရှိသောဖားစည်ပေါ်တွင် တွေ့ရမည်ဖြစ်ပြီး တန်ဖိုးရှိပြီး မြင့်မြတ်သည်ဟု အဓိပ္ပာယ်ဖော်လိုခြင်း ဖြစ်ပါသည်။
ကရင်အစည်းအရုံး ဥက္ကဌဖြစ်သူ မန်းဘခင်ဦးဆောင်ကာဆိုခဲ့သည့်အလံပုံစံ ၃ ခုကို တစ်ခုအဖြစ် စုပေါင်း အတည်ပြုခဲ့ပြီးနောက်ကရင်အမျိုးသားအဖွဲ့ထံသို့ တင်သွင်းခဲ့သည်။
အတည်ပြုခဲ့သည့် ကရင်အမျိုးသားအလံတော်တွင် ထင်ရှားသည့်အရောင်သုံးမျိုးဖြစ်သည့် အနီ၊ အဖြူ နှင့် အပြာရောင်တို့နှင့်အတူ နေခြည်အလင်းတန်း ၉ ခုလဲ ပါဝင်နေသည်။၎င်းအရောင်များ၏ အဓိပ္ပာယ်မှာ ကရင်လူမျိုးများကို ကိုယ်စားပြုဖော်ပြနေသည်။
အနီရောင်သည် ရဲရင့်ပြတ်သားခြင်း၊ သတ္တိရှိခြင်း၊ ဇွဲရှိခြင်း၊ အဖြူရောင်မှာ ဖြူစင်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်း၊ အပြာရောင်ကမှု ဖြောင့်မတ်တည်ကြည်ခြင်း နှင့် ငြိမ်းချမ်းသာယာခြင်း ကို အသီးသီးကိုယ်စားပြုကြသည်။
ထို့အပြင် တက်သစ်စနေဝန်းမှ ရောင်ခြည်ကိုးသွယ်သည်ကရင်လူမျိုးများ နေထိုင်ဆင်းသက်ခဲ့သည့် ဒေသ ကိုးခုကို ဖော်ညွှန်းပြီး ကရင်လူမျိုးတို့ရဲ့ ဘဝငြိမ်းချမ်းမှုနှင့် သာယာအေးချမ်းမှုကိုလည်း ကိုယ်စားပြုသည်။ ဖားစည်အမှတ်အသားကမှု စည်းလုံးညီညွတ်မှုနှင့်တန်ဖိုးမဖြတ်နိုင်သည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ် ပိုင်ဆိုင်ခြင်းကို ဖော်ညွှန်းနေခြင်းဖြစ်သည်။
ပထမဆုံးကရင်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် ၁၉၃၇ ခုနှစ်ကပင် ရန်ကုန်မြို့၌ ကျင်းပ နိုင်ခဲ့သည်။ ထိုနေ့မှာပင် ကရင်အမျိုးသားအလံတော်ကို တပါတည်း လွှင့်တင်နိုင်ခဲ့သည်။ ကရင် တမျိုးသားလုံးက စည်းလုံးညီညွတ်သည့်အဓိပ္ပာယ်ကို ဖော်ဆောင်သည့် အနေဖြင့် ကရင်အမျိုးသား အလံတော်ကို တညီတညွတ်တည်းဦးညွတ်ကာ အလေးပြုခဲ့ကြသည်။
ယနေ့ထိတိုင်လည်း ကရင်နှစ်သစ်ကူးနေ့တိုင်း ကရင်အမျိုးသား အလံတင်အခမ်းအနားကိုကျင်းပပြီး နှစ်သစ်ကို ကြိုဆိုကြသည်။
အင်္ဂလိပ်ကိုလိုနီခေတ် အုပ်ချုပ်ရေးကာလဖြစ်သည့် ၁၉၃၈ ခုနှစ်ကပင် ကရင်နှစ်သစ်ကူးနေ့ကို အများပြည်သူရုံးပိတ်ရက် (public holiday) အဖြစ် အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။
၁၉၄၈ ခုနှစ် တွင်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် သီးခြားလွတ်လပ်သည့် ကရင်ပြည်နယ် ရရှိရေးအတွက် အစိုးရကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ရာ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလတွင် ကရင် လက်နက်ကိုင် တော်လှန်ရေးပေါ်ပေါက်လာခဲ့သည်။
ထို့နောက် ကရင်အမျိုးသားအလံတော်ကို တောတွင်းလက်နက်ကိုင်အလံဟု ဖဆပလအစိုးရမှ ပြောကြားခဲ့ပြီး ကရင်အမျိုးသားအလံတော်ကို လူထုအကြား သုံးစွဲခွင့်အားပိတ်ပင်တားမြစ်ခဲ့သည်။
မည်သို့ပင် ပိတ်ပင်တားဆီးခဲ့သော်လည်း ကရင်အမျိုးသားမျိုးချစ်ခေါင်းဆောင်များဖြစ်ကြသည့် ဆရာသာထို၊ ဆရာမန်းဂျိမ်းအောင်၊ စောဘဲလေးတို့ကနှစ်စဉ် ရန်ကုန်မြို့တွင်ပြုလုပ်လေ့ရှိသော ကရင်နှစ်သစ်ကူးနေ့တွင် ကရင်အမျိုးသားအလံကိုမကြောက်မရွံ့ရဲရဲဝံ့ဝံ့ပြန်လည်လွှင့်ထူခဲ့သည်။
ထို့သည်မှစ၍ ကရင်နှစ်ကူးနေ့၌ ကရင်လူမျိုးတိုင်း အိမ်တိုင်းတွင် ကရင်အလံကို ဂုဏ်ယူစွာဖြင့် လွှင့်ထူရင်း နှစ်သစ်ကို ကြိုဆိုလေ့ရှိသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။
ကရင်အမျိုးသားတစ်ရပ်လုံးကို ကိုယ်စားပြုသည့် ကရင်အမျိုးသားအလံတော်ကို ကရင်ရိုးရာ နေ့ထူးနေ့မြတ် ပွဲတော်များဖြစ်သည့် ကရင်နှစ်သစ်ကူးပွဲတော်အပါအဝင် ချည်ဖြူဖွဲ့ပွဲ၊ နှစ်သစ်ကောက်စိုက်စားပွဲ၊ အစည်းအဝေး တို့တွင် ယနေ့တိုင် အလေးထားလွှင့်ထူနေကြဆဲဖြစ်သည်။