Opinion
ထမင်းရှင်ပါဆိုပြီး စော်ကားသူများ
လွန်ခဲ့သော ၂ နှစ် က
ခေတ်အဆက်ဆက် အာဏာရှင်များနှင့် အဓိကဆက်နွယ်ခဲ့သည့် အုပ်စုများရှိသည်။ ထိုအထဲ အထင်ရှားဆုံးက စီးပွားရေးသမားများ ဖြစ်သည်။
လွတ်လပ်ရေးရပြီးစ ကာလများကပင် နိုင်ငံရေးသမားအချို့က စီးပွားရေးသမားများနှင့် လက်ဝါးချင်း ရိုက်ခြင်း များ၊ လုပ်ပိုင်ခွင့်ချပေးပြီး ကိုယ်ကျိုးစီးပွားဖော်ဆောင်ခြင်းများ စသည်ဖြင့် လုပ်ခဲ့သည်တို့ ရှိ၏။ ထိုခေတ် ထိုအခါက စာနယ်ဇင်းများတွင် ထိုအကြောင်းအရာများ ပလူပျံခဲ့ခြင်းက သက်သေဖြစ်သည်။
ထိုကိစ္စများသည် ဗမာပြည်မှမဟုတ် အိမ်နီးနားချင်းတွေမက တစ်ကမ္ဘာလုံးတွင် ဖြစ်ပျက်နေခြင်း ဖြစ်၏။ အမှန်တရား မဟုတ်သည့်တိုင် အများညီ ဤကျွဲဖတ်ရင်း ကြာသည့်အခါ နှောင်းလူတို့ကြား ဤသည်ကပင် အမှန်တရားလိုဖြစ်ရင်း သက်ဆိုးရှည်သော အကျင့်ဆိုးတစ်ခု ဖြစ်လာသည်။
ကာလကြာလာသည်နှင့်အမျှ သာမန်အောက်ခြေများထိပါ ပြန့်နှံ့လာရင်း စာထက်အက္ခရာ တင်မထားသည့် ဥပဒေတစ်ခုသဖွယ် လိုက်နာကျင့်သုံးကြရင်း လူ့ကျင့်ဝတ်ပိုင်းထိ ဆိုးကျိုးသက်ရောက်မှုများ ရှိလာခဲ့သည်။
ထိုအခြေအနေရောက်လျင် တိုင်းပြည်တစ်ခု၏ ပျက်စီးခန်းက အဖတ်ဆည်မရသည့် အနေရောက်ပြီဟု ဆိုနိုင်လိမ့်မည်။ ပြုခြင်းက ခေတ်ပေါင်း၊ စနစ်ပေါင်းများစွာ ရင်းနှီးရင်း ခက်ခဲတတ်သည့်တိုင် ဖျက်ရန်ကျ တစ်ရက်တစ်မနက်မျှသာ ကြာတတ်သည်က လောကနိယာမ ဖြစ်၏။
လူ့စိတ်ဟူသည် အဖြူနှင့်အမည်း အလင်းနှင့်အမှောင် စသည်တွင် အမှောင်ခြမ်း၊ အမည်းဖက်ခြမ်းသို့ အားသာတတ်သည့် သဘာဝကလည်း ရှိပြန်ရာ ထိုကိစ္စက ငြှိမ်းသတ်ရန်ခက်သည့် မီးလို ဖြစ်နေတော့သည်။
အထက်ကဆိုခဲ့သည့် အာဏာရှင်များနှင့် နီးစပ်သည့်အုပ်စုများ အကြောင်းပြန်ဆက်ရလျင် မေ့ထား၍ မရသည့် အုပ်စုလည်း ရှိသေးသည်။
ဤသည်က အနုပညာခေါင်းစဉ်အောက်က စာပေ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတ စသည့်အုပ်စုများ ဖြစ်သည်။ ၎င်းတို့ သည် အခင်းအကျင်းကြီး၏ အနောက်ဖက် ရောက်နေသလိုဖြစ်ရာ ရုတ်တရက် သတိရဖို့မလွယ်။ သို့ရာတွင် ထိုအုပ်စုဟူသည် လူအများကို ထိတွေ့သိမ်းသွင်းနိုင်စွမ်း ကြီးသည့် influencer များဖြင့် ဖွဲ့စည်းထားရာ သက်ရောက်မှုအရ ကြီးမားသည်ဟု ဆိုနိုင်သည်။
မိမိချစ်ခင်အားပေးသည့် အနုပညာရှင်တစ်ဦး၏ နိုင်ငံရေးအရ ရပ်တည်ချက်သည် အားပေးသူတို့ကြား အားဆေး တစ်ခု ဖြစ်နိုင်သလို သေဆေးလည်း ဖြစ်နိုင်သည့်သဘောရှိရာ အာဏာရှင်အဆက်ဆက် ထိုအုပ်စုကို ပစ်မှတ် ထားစည်းရုံးခြင်းက ဆန်းသည်ဟူတော့ အဆိုသာ။ ၆၂ အာဏာသိမ်းပြီးချိန်က ထိုသို့စည်းရုံးခဲ့ဖူးသလို ၈၈ အလွန်တွင်လည်း ထိုနည်းလမ်းကိုပင် အာဏာရှင်က သုံးစွဲခဲ့သည်။
မည်သို့ဆိုစေ ထိုနေရာ၌ အာဏာရှင်တို့ အောင်မြင်သည်ဟုပင် ဆိုရမည်။ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်ထဲက သူတို့အလိုကျဖျော်ဖြေရင်း ပြည်သူကို မျက်ကွယ်ပြုသူတွေ ဒုနှင့်ဒေး ရှိခဲ့သည်။
သက်ဆိုင်ရာ အစည်းအရုံးများတွင်လည်း ထိပ်ပိုင်းကစ၍ အောက်ခြေအဆုံး ကိုယ်ကျိုးစီးပွားအတွက် အရှက် သိက္ခာကင်းမဲ့စွာဖြင့် အာဏာရှင်၏ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးခဲ့သူများ တပုံတပင်။ ယခု ၂၀၂၁ အာဏာလုပွဲ နောက်ပိုင်းတွင်လည်း ထိုအချင်းအရာများကို မြင်နေရသည်။
ထိုသို့ဖြစ်ရာ ပြည်သူထဲကပြည်သူဖြစ်သော အနုပညာသည်ဆိုသူများအတွက် မိမိကိုယ်ကို မည်သို့နေရာ ချထားမည်လဲဆိုသည်က ခေတ်အဆက်ဆက် လူများကြား စိတ်ဝင်တစားရှိခဲ့သည့်အရာ ဖြစ်သည်။
အနုပညာရှင်သည် ပြည်သူထဲက ပြည်သူမျှသာဖြစ်သည်က မှန်၏။ သို့ရာတွင် သူတို့တွင် သာမန်ပြည်သူများ၌ မရှိသောစွမ်းအားတစ်မျိုး ရှိနေသည်။ အထူးသဖြင့် စည်းရုံးစွမ်းရည်ခေါ်ခေါ်၊ သြဇာသက်ရောက်မှုဆိုဆို ပရိသတ်၊ တစ်နည်း ပြည်သူများအပေါ် တစ်စုံတစ်ရာ လွှမ်းမိုးနိုင်စွမ်းရှိသည်က အမှန်တရားပင် ဖြစ်၏။
သူတို့၏ ပြောဆိုသုံးနှုန်းမှုများကစ၍ ပြုမူလှုပ်ရှားမှုမှန်သမျှသည် ပြည်သူအပေါ် တစ်စုံတစ်ရာ သက်ရောက်ရန် အကြောင်းပိုများသည်။ အထူးသဖြင့် ဗမာပြည်ကဲ့သို့ တိုင်းပြည်တွင် ယင်းတို့၏ နိုင်ငံရေးနှင့် ပတ်သက်သော ယုံကြည်ရပ်တည်မှုက ပို၍အရေးပါလာသည်။
ယင်းတို့ရပ်တည်ချက်သည် ပြည်သူအများစု၏ ယုံကြည်မှုနှင့် ထပ်တူကျခြင်းလား၊ မကျခြင်းလား၊ တစ်နည်း ဆိုရလျင် ၎င်းတို့သည် ဓမ္မဘက်တော်သားလား၊ အဓမ္မဘက်တော်သားလား စသည်ဖြင့် ပြည်သူက စောင့်ကြည့်ကြသည်။
ရိပ်စားမိသော စစ်အာဏာရှင် အဆက်ဆက်သည် ထိုသို့သော အနုပညာရှင်များအား တခုတ်တရ ဖိတ်ခေါ် တွေ့ဆုံခြင်း၊ ဘွဲ့ထူးဂုဏ်ထူးများ ပေးခြင်း စသည်ဖြင့် ချီးမြှောက်ကြသည်။ အထူးသဖြင့် အာဏာတည်မြဲရေးနှင့် ပတ်သက်သော ဝါဒဖြန့်ချိရေးတို့၌ ပါဝင်သည့် အနုပညာရှင်များ၊ ဖန်တီးသူများဆိုလျင် ပို၍ ချီးမြှင့်မြောက်စား ရင်း အခြားသူများမရနိုင်သော အခွင့်အရေးပေးခြင်းဖြင့် စည်းရုံးသိမ်းသွင်းတတ်သည်။
ထိုသို့သော အခြေအနေ၌ ငါးစာကိုသာမြင်ပြီး ငါးမျှား ချိတ်ကိုမမြင်သည့် အနုပညာရှင်တို့ အတိတ်တွင် ဒုနှင့်ဒေး ပေါ်ခဲ့ဖူးသလို ပစ္စုပ္ပန်၌လည်း အုံနှင့်ကျင်းနှင့် ရှိနေဆဲဖြစ်သည်။
အုပ်စုခွဲကြည့်လျင် ရောယိမ်းလိုက် ဘသားယိမ်းလိုက်နှင့် ရသမျှအခွင့်အရေး ယူသူများရှိသလို အာဏာရှိသူနှင့် နီးစပ်ရခြင်းကို ဂုဏ်ဒြပ်တစ်ခုဟု မှတ်ယူသော အတွေးအခေါ် ချွတ်ခြုံကျသူများလည်း ရှိသည်။
ပိုမိုဆိုးရွားသည်က နှုတ်မှ မိမိတို့၏ "ထမင်းရှင်ကပြည်သူတွေပါ"ဟု တဖွဖွရွတ်ဆိုရင်း အာဏာရှင် အလိုကျ ဝါဒဖြန့်ချိရေး ဇာတ်ကားတို့တွင် ပါဝင်ကာ မျက်နှာပြောင်တိုက်သော အုပ်စုပင်ဖြစ်သည်။
ပိုမိုဆိုးရွားသည်က နှုတ်မှ မိမိတို့၏ "ထမင်းရှင်ကပြည်သူတွေပါ"ဟု တဖွဖွရွတ်ဆိုရင်း အာဏာရှင် အလိုကျ ဝါဒဖြန့်ချိရေး ဇာတ်ကားတို့တွင် ပါဝင်ကာ မျက်နှာပြောင်တိုက်သော အုပ်စုပင်ဖြစ်သည်။
ထိုသူတို့သည် တိုင်းပြည် အခြေအနေ အတန်ငယ် တည်ငြိမ်သယောင် ရှိနေချိန်မျိုးတွင် လူလုံးထွက်ပြရင်း ပြည်သူနှင့်အတူ အမြဲတမ်း တစ်သားတည်း ရှိခဲ့သယောင် နတ်သံနှောမည်။ ခေတ်အဆက်ဆက် ထိုသို့ လုပ်စား ကိုင်စား အနုပညာသမားများ တစ်ပုံကြီး ရှိခဲ့သည်။
သို့ဖြစ်ရာ ထိုသို့သော၊ ပြည်သူကိုမျက်ကွယ်ပြုသော အနုပညာရှင် အမည်ခံများနှင့်ပတ်သက်ပြီး ယခု အချိန်တွင် ပြည်သူ့ဖက်ကလည်း တစ်စုံတစ်ရာ တတ်နိုင်ခြင်းတို့ဖြင့် တုံ့ပြန်ကြရန်လိုပါသည်။
အစဉ်အဆက်ဆိုသလို အလိုရှိချိန် ထမင်းရှင်ပြည်သူပါဟု မိုးလုံးပြည့် အသုံးချခဲ့သော ထိုအုပ်စုဝင်များ၏ အတိတ်နှင့် ပစ္စုပ္ပန်လုပ်ရပ်များ၊ ရှောင်ဖယ်ခဲ့မှုများကို တတ်နိုင်သမျှထုတ်ဖော်ရင်း ဆန့်ကျင်ကြရန် လိုပါသည်။
အလားတူစွာ ယင်းတို့နှင့်ပတ်သက်သော ရုပ်ရှင်၊ ဂီတ၊ စာပေ စသည့် အနုပညာပစ္စည်းများကို မသုံးစွဲ ရှောင်ကြဉ် ခြင်းဖြင့် ဝိုင်းပယ်ဆန့်ကျင်ရန် လိုပါမည်။
"သစ္စာ"ဟူသည် သာမန်ထက်ကာပိုသော အနက်အဓိပ္ပါယ်ရှိပေသည်။ ထို့အတွက် ပြည်သူများအပေါ် တာဝန်မဲ့ သမျှ၊ ပျက်ကွက်ခဲ့သမျှသော ထို့သို့သော အနုပညာရှင်တိုင်းအတွက် ပြည်သူ၏ သစ္စာသည် စူးစေသော ဆူးတစ်ခုသဖွယ် ဖြစ်ရန် လိုအပ်ပေသည်။