Opinion
ပြိုင်တူတွန်း၍ ရွေ့နိုင်စေ
လွန်ခဲ့သော ၂ နှစ် က
၂၀၂၁ နှစ်ဦးကစခဲ့သော စစ်အာဏာသိမ်းမှုသည် အချိန်အားဖြင့် ၂ နှစ်ထဲ ရောက်ပြီဖြစ်၏။ အစကတည်းက အာဏာငမ်းဖမ်းခြင်းဖြင့် စခဲ့သော ယင်းလုပ်ရပ်သည် စစ်ကောင်စီ၏ ပြည်သူများအပေါ် ရက်စက်သည့် သတ်ဖြတ်မှုများဖြင့် ပိုမိုဖိနှိပ်တုံ့ပြန်ရင်း အမှားပါ်အမှားဆင့်ကာ ကမ္ဘာ့အလယ် အရှက်သိက္ခာမဲ့သူတို့အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
စင်စစ် စစ်ကောင်စီ၏ လုပ်ရပ်များသည် တစ်ချိန်က ၎င်းတို့ကျင့်သုံးခဲ့သော မူပေါင်းများစွာအတိုင်း တသွေ မတိမ်း လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ စစ်တပ်၏ မူလ အဘိဓမ္မာကိုယ်၌က "ရေဗူးပေါက်တာ မလိုချင်၊ ရေပါတာသာ လိုချင်တယ်" ဆိုသည့် အဆင်ခြင်မဲ့ စဉ်းစားတွေးခေါ် မှု ဖြစ်သည်။
စင်စစ် စစ်ကောင်စီ၏ လုပ်ရပ်များသည် တစ်ချိန်က ၎င်းတို့ကျင့်သုံးခဲ့သော မူပေါင်းများစွာအတိုင်း တသွေ မတိမ်း လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ စစ်တပ်၏ မူလ အဘိဓမ္မာကိုယ်၌က "ရေဗူးပေါက်တာ မလိုချင်၊ ရေပါတာသာ လိုချင်တယ်" ဆိုသည့် အဆင်ခြင်မဲ့ စဉ်းစားတွေးခေါ်မှု ဖြစ်သည်။
အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာသည့် ပါမောက္ခရှောင်တာနယ်က ၎င်းဖမ်းဆီးထိန်းသိမ်းခံရစဉ် စစ်ကြောရေး၌ မေးမြန်းခံခဲ့ရသည့်အကြောင်းများအား မီဒီယာသို့ ပြန်လည်ပြောကြားရာတွင် စစ်တပ်သည် ၎င်းအား သူလျှိုဟု ထင်မြင်ယူဆကြောင်း ဆိုခဲ့သည်။
ဤသည်က ဆိုခဲ့သလို ရေပါတာလဲ လိုချင်တယ်ဆိုသည့် စစ်အာဏာရှင်များ၏ နိုင်ငံခြားသား လူဖြူ ဆိုလျှင် ကိုလိုနီ၊ ကုလားဖြူဆိုလျှင် သူလျှိုဒလန် တိုင်းပြည်လက်ဝါးကြီးအုပ် ဒုက္ခရောက်အောင် ပြုသူများဟု ရိုက်သွင်းခံထားရသော အငုံ့စိတ်ပင် ဖြစ်သည်။ အလားတူစွာ သတင်းသမားများအပေါ်တွင်လည်း ထိုကဲ့သို့ အငုံ့စိတ် ကင်ပွန်းတပ်ခဲ့ခြင်းများက အာဏာရှင် ခေတ်အဆက်ဆက်ပင် ဖြစ်သည်။
ထိုနည်းဖြင့် အတိတ်မှသည် ယနေ့ထိတိုင် နိုင်ငံရေးသမားများ၊ သတင်းသမားများ၊ ကျောင်းသား၊ပြည်သူ ရဟန်းရှင်လူအားလုံး အဓမ္မဖမ်းဆီးနှိပ်စက်ခံကြရ၊ ကိုယ်လက်အင်္ဂါများ ဆုံးရှုံးကြရ၊ အသက်သေဆုံးကြရ စသည်ဖြင့် အနိဌာရုံများ ကြုံခဲ့ရပြီး၊ ကြုံနေရဆဲဖြစ်သည်။
နိုင်ငံတကာအနေနှင့် ၂၀၀၈ ခြေဥအရပေါ်လာသော အုပ်ချုပ်ရေးကို လက်ခံပေးခဲ့ခြင်းက ကမ္ဘာ့လူယဉ်ကျေး အသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေး လမ်းစဖြစ်သည်။ တကယ်တမ်းမူ ၂၀၀၈ ခြေဥဆိုသည် ပြည်သူပါဝင်မှု မရှိဘဲ အာဏာရှင်စိတ်ကြိုက် ရေးဆွဲခဲ့သည့်တိုင် ပြည်သူက လက်ခံပေးခဲ့ခြင်းမျှသာ ဖြစ်သည်။
တနည်းဆိုရလျင် အားလုံးတန်းတူညီမျှသော နိုင်ငံရေးစနစ်ဆီသို့ ခရီး၏ ကြားခံတစ်ခုအဖြစ် မှန်းဆချက် ဖြစ်သည်။ သို့ရာတွင် ထိုမျှော်လင့်ချက်အားလုံးသည် အဓိပ္ပါယ်မဲ့သော မျှော်လင့်ချက်သာဖြစ်ကြောင်း ပြည်သူ များက ယခုအခါနားလည်ခဲ့ပြီ ဖြစ်၏။
အထူးသဖြင့် ယခုအချိန်ကဲ့သို့ စစ်ကောင်စီ၏ ရက်စက်မှုအပေါင်း သရဖူဆောင်းနေခြင်းက ထိုအချက်အား ပို၍ အတည်ပြုပေးခဲ့သည်။ အာဏာသိမ်းပြီးချိန် ၂ နှစ်အတွင်း စစ်ကောင်စီ လုပ်ဆောင်နိုင်ခဲ့သော အရာသည် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုဘဝ အရာအားလုံး တွင်းဆုံးထိ ဒုတ်ဒုတ်ကျရင်း တိုင်းပြည်သည် နိုင်ငံတကာ အလယ်တွင် အဖတ်ဆယ်မရတော့သော ဘဝပင်ဖြစ်သည်။
နိုင်ငံတစ်ခုကို စီမံအုပ်ချုပ်ခြင်းဆိုသည် အရာရာကို အမိန့်ပေးစေခိုင်းခြင်းနှင့် သဘောသဘာဝချင်း ဆန့်ကျင် ဘက် ဖြစ်သည်။ နိုင်ငံတဝှမ်းနေထိုင်ကြသော ပြည်သူအားလုံး၏ လူမှုစီးပွား ဘဝသာမက လုံခြုံတည်ငြိမ်ရေး အတွက်ပါ တတ်နိုင်သမျှစီမံရခြင်းဖြစ်ရာ ထို့အတွက်အဓိက လိုအပ်ချက်သည် ဉာဏ်ပညာပင် ဖြစ်၏။
ယနေ့လို ၂၁ ရာစုကာလမျိုး၌ ပညာ၏အရေးပါမှုက ယခင်ထက်ပိုလာချိန် ဗမာပြည်၏ နိုင်ငံအုပ်ချုပ် မင်းလုပ် ချင်သူ အစုအဖွဲ့၏ ပညာရေချိန်ကား သြချလောက်သည်ဆိုရမည်။ ထိုမျှဖြင့် မည်သို့ တိုင်းပြည် နိုင်ငံတိုးတက်ရန် စီမံခန့်ခွဲမလဲဆိုသည်က တွေးရန်ပင်မလို။ ဆိုရလျင် ငွေတမတ်နှင့် ငါးကြင်းခေါင်း တက်ကိုင်ချင်၍မရ ဆိုသော စကားကဲ့သို့ပင်ဖြစ်၏။
မည်သို့ဆိုစေ သေချာသည်က မည်သည့်နေရာပင်ကြည့်ကြည့် ၎င်းတို့၏ မအောင်မြင်မှုများသာ မြင်ရမည်ဖြစ်ရာ ထိုအရာကို ကျားကန်ရန် သွေးရူးသွေးတန်း ကြိုးစားနေကြခြင်းက မြေကြီးလက်ခတ် မလွဲပေ။ ထို့အတွက် ပြည်သူများအနေနှင့် လုပ်စရာရှိသော အချင်းအရာတို့အား ပို၍ ထည့်ဝင်အားဖြည့်ခြင်းဖြင့် စစ်အာဏာရှင် အငုတ်အမြစ်ပြုတ်ရေး ပြိုင်တူတွန်း၍ ရွေ့စေနိုင်ရန် အရေးကြီးလှပါသည်။