bap-logo
Editorial

တကောင်းနီကယ်စက်ရုံ အရေးနဲ့ ရှဉ့်လျှောက်ပျားစွဲအခင်းအကျင်း

O9im7VtGCFMOGcvQ2NMB1-image

လွန်ခဲ့သော ၂ နှစ် က

 

ပြည်တွင်း၌ ဖြစ်ပျက်နေသော စစ်ရေးသတင်းများအရ မင်းအောင်လှိုင်စစ်တပ်သည် အရှုံးပေါင်းများစွာကို ရင်ဆိုင်နေရကြောင်း သိသာထင်ရှားနေသည်။ စခန်းသိမ်း၊ မြို့သိမ်းနှင့် စစ်ဌာနချုပ်သိမ်းသည့် တိုက်ပွဲအောင်သံများ ညံစီအောင် ကြားနေရပြီ ဖြစ်သည်။

 

ထိုသို့ အောင်ပွဲသံကြားရသည့်အထဲတွင် တရုတ်ပိုင် နီကယ်စက်ရုံတည်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ နယ်၊ မောင်းကုန်ကျေးရွာအောင်ပွဲမှာလည်း မသေးလှသော အောင်ပွဲဖြစ်သလို အတွေးများရမည့် ကိစ္စလည်း ဖြစ်ပါသည်။

 

ဒေသန္တရလွတ်လပ်သော သတင်းဌာနများ၏ဖော်ပြချက်အရ တကောင်းတောင်နီကယ်စက်ရုံ တည်ရှိရာ အမျိုးသား ညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေတွင် စက်ရုံကို ပုံမှန်အတိုင်းလည်ပတ်ခွင့် ပေးထားကြောင်း သိရသည်။

 

ထိုအချက်သည် စစ်ရေး၊ ဒေသအရေး၊ စီးပွားရေးနှင့် တရုတ်နိုင်ငံအရေး ကိုင်တွယ်ရာတို့တွင် အချက်ကျပြီး မည်သို့ ကိုင်တွယ်မည်နှင့် တရုတ်ကိုကိုယ့်ဘက်ပါအောင် မည်သို့သိမ်းသွင်းမည်ဆိုသော နိုင်ငံရေးနည်းနာ ဖြစ်ပေလိမ့်မည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် တရုတ်အစိုးရတို့၏ နိုင်ငံရေးအရ ဆက်ဆံရေးသည် အားရ လောက်အောင် မရှိသေးပါ။ မကြာသေးမီက ပြုလုပ်ခဲ့သော ဘီဘီစီမြန်မာပိုင်းနှင့် ဒေါက်တာဆာဆာတို့၏ တွေ့ဆုံမေးမြန်းမှု ချက်အလက်များအရလည်း တရုတ်နှင့်ခိုင်မာသော အစိုးရဆက်ဆံရေးမရှိသေးကြောင်း ပေါ်လွင်သည်။ တရုတ် စိုးရသည် အမျိုးသားညီညွတ်ရေးအစိုးရထက် ဒေါ်အောင်ဆန်းစုကြည် အပေါ်သာ ပိုမိုစိတ်ဝင်စားနေသည်။

 

စစ်ရေးပြယုဒ်အကောင်းဆုံးဖြစ်နေသော ရှမ်း-မန်းစစ်ဆင်ရေးအပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို အထင်အရှား သတိပြုရမည် ဖြစ်သလို မင်းအောင်လှိုင်အင်အားစု မဟုတ်သော အခြားသောနိုင်ငံရေးအင်အားစုများကိုလည်း ရုတ်အစိုးရက ထိတွေ့နေကြောင်း သတိရှိရပါမည်။

 

အကျိုးစီးပွားရှေ့ရှု့သော တရုတ်အစိုးရ၏ စီမံကိန်းအများစုသည် မြန်မာနိုင်ငံဒေသအတွင်း နေရာအသီးသီးတွင် ရှိ နေကြောင်း သတိပြုရမည်ဖြစ်ပြီး ယင်းတို့အပေါ်သာ အလေးထားကြောင်း သတိရှိရပါမည်။ အများပြည်သူလိုလား သော ဖက်ဒရယ်ဒီမိုကရေစီထက် စီးပွားရေးတည်ငြိမ်ပြီး စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးသည် တရုတ်အစိုးရအတွက် ဦးစားပေးဖြစ်ကြောင်း သိသာနေပါသည်။

 

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တကောင်းတောင် တရုတ်နီကယ်စက်ရုံကိစ္စ ကိုင်တွယ်ပုံသည် တရုတ် အစိုးရနှင့်ဆက်ဆံရေး အထာကျစေမည့်ကိစ္စဖြစ်ပါမည်။ ထိုသို့ ကိုင်တွယ်ရာတွင် မထိခိုက်စေရေးမူဝါဒကိုအမျိုး သားညီညွတ်ရေးအစိုးရက သတိပြုရပါမည်။

 

တရုတ်အစိုးရဖြင့် ပြေလည်ရေးဦးစားပေးခြင်းကြောင့် အများပြည်သူ၏ အခြေခံလူ့အခွင့်အရေးထိခိုက်ခြင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စံနှုန်းများကို မထိခိုက်ရေး သတိပြုရပါမည်။ ယင်းတို့သည် အလွန်ခက်ခဲသော ကိစ္စများဖြစ်သည့်တိုင် အလွန်သိမ်မွေ့သော နိုင်ငံရေးနှလုံးရည်ကိစ္စလည်း ဖြစ်ပါမည်။

 

ယင်းအခြေအနေများအကြား တရုတ်အစိုးရ၏ လတ်တလော လိုလားချက်မှာ စစ်ရေးအရ လုံခြုံရေး ဖြစ်ပါလိမ့်မည်။ ထို လုံခြုံရေးကို ကနဦး ဦးစားပေး၍ တရုတ်အစိုးရကို ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်ရန် အားထုတ်သင့်ပြီး သူမသာ ကိုယ်မနာ၊ သူမနာ ကိုယ်မသာ အခင်းအကျင်းကို ဖန်တီးနိုင်မှ ဟန်ကျမည် ဖြစ်သည်။

 

Burma Associated Press

တကောင်းနီကယ် စက်ရုံ
မြန်မာ
စစ်ကိုင်း
တရုတ်

Share With
bap-logo