bap-logo
Politics

ကရင်နီတွင် လွိုင်ကော်မြို့ပေါ်လောက်သာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားများ အသက်ဝင်နေသည်ဟု KNDF ပြော

NT6nbOaHndbNEOlnX5KU9-image

လွန်ခဲ့သော တစ်နှစ် က

ဇွန် ၆။

 

ကရင်နီ(ကယား)တွင် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များတွင်သာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားများ အသက်ဝင် ကျန်ရစ်နေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ဘီအေပီသို့ ပြောသည်။

 

“တိုက်ပွဲဖြစ်နေတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲ၊ မိုးဗြဲမှာ သူတို့ကတော့ တပ်စွဲနေတယ်၊ လွိုင်ကော်မြို့က လွဲပြီးတော့ တခြားမြို့တွေမှာ လူနေလို့ မရဘူး၊ စစ်ကောင်စီတပ်ကတော့ လွိုင်ကော်မြို့ပေါ်လောက်ပဲ ထိန်းချုပ်နိုင်တဲ့ အနေအထား ဖြစ်နေပါတယ်” ဟု ဆိုသည်။

 

“လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဘော်လခဲကို သွယ်တန်းထားတဲ့ လမ်းပိုင်းကို စစ်ကောင်စီက ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်၊ လွိုင်ကော်ကနေ ဒီးမော့ဆိုအရှေ့ဘက်ခြမ်း၊ ပြီးတော့ ဘော်လခဲကနေ စစ်ကြောင်း ထိုးနေတယ်၊ နှစ်ဖက်ညှပ်ပြီးတော့ ဒီးမော့ဆို-ဘော်လခဲလမ်းကြောင်းကတဆင့် ထောက်ပို့ လမ်းကြောင်းကို ထိန်းနိုင်ဖို့အတွက် စစ်ကြောင်းထိုးနေတာလို့ ယူဆရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

 

လက်ရှိ မိုးဗြဲမြို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး မိုးဗြဲ-လွိုင်ကော်လမ်းကြောင်းကို စစ်ကောင်စီက အခိုင် အမာတပ်စွဲရန် စစ်ကြောင်းထိုးနေပြီး စစ်ရေးအရ အရေးပါသည့် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲကနေ လွိုင်ကော်ထိ လမ်းကြောင်းများကို ထိန်းချုပ်ရန် အပြင်းအထန် တိုက်ပွဲဆင်နွှဲနေသည်ဟုလည်း သိရသည်။

 

“ပင်လောင်းကနေ ဖယ်ခုံအနောက်ဘက်ခြမ်းထိ စစ်ကောင်စီ စစ်ကြောင်းထိုးနေတာ ရှိတယ်၊ အဲဒီ ဒေသတွေက နေပြည်တော်နဲ့ နီးကပ်တဲ့ အနေထားတွေဖြစ်နေလို့ အဲဒီမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေကို နှိမ်နင်းဖို့အတွက် စစ်ကြောင်းထိုးနေတဲ့ အနေအထားမျိုးဖြစ်တယ်လို့ ယူဆရပါတယ်” ဟု ပြောသည်။

 

“ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း နိုင်ငံတကာဥပဒေနဲ့အညီ၊ လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်း ထားပါတယ်” ဟုလည်း အသိပေးသည်။

 

ကရင်နီတွင် ၂၀၂၁ ခုနှစ်၊ မေလမှစ၍ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ဖြစ်ပွားခဲ့ရာ  စစ်ကောင်စီတပ်သား နှစ်ထောင်ကျော် (၂,၀၆၅ ဦး) သေဆုံးခဲ့ပြီး ၄၁ ဦး အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ယမန်နေ့ KNDF ဖွဲ့စည်း တည်ထောင်ခြင်း (၂) နှစ်ပြည့်တွင် ထုတ်ပြန်သည်။

 

၂ နှစ်အတွင်း KNDFက စစ်ဗျူဟာ ၆ ခုဖြင့် တပ်ရင်း ၂၂ ရင်း အခိုင်အမာဖွဲ့စည်းနိုင်ခဲ့ပြီး ကရင်နီနှင့် ရှမ်းပြည်တောင်ပိုင်းတွင် တပ်ဖြန့်ထားကာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိနေသည်ဟု ဆိုသည်။

 

စစ်ကောင်စီ၏ ရှေ့တန်းစခန်း ၁၀ ခုနှင့် စစ်ဆေးရေးဂိတ်အချို့ သိမ်းပိုက်နိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီလက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုအပြင် တရားမဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ပြည်သူ ၁၅၂ ဦး သေဆုံးခဲ့ရပြီး ၁၆၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

 

နှစ်နှစ်အတွင်း KNDFမှ တော်လှန်ရေး ရဲဘော် ၁၅၃ ဦး ကျဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

 

ကရင်နီတွင် လက်ရှိအချိန်ထိ နှစ်နှစ်အတွင်း စစ်ဘေးရှောင်ပြည်သူ နှစ်သိန်းမှ နှစ်သိန်းနီးပါးခန့်ထိ ရှိနိုင်သည်ဟု KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူက ခန့်မှန်းပြောသည်။

 

Burma Associated Press

ကရင်နီ
စစ်တပ်

Share With
bap-logo