bap-logo
Politics

ပအိုဝ်းနယ်မြေသုံးပြီး စစ်တပ်က လွိုင်ကော်ကို အပြည့်အဝထိန်းချုပ်ဖို့ ကြိုးပမ်းနေ

MiIN9kix8MM72W2zm1uZ0-image

လွန်ခဲ့သော ၁၂ ရက် က

 

BAP၊ နိုဝင်ဘာ ၁။

 

ကရင်နီပြည်နယ်၊ လွိုင်ကော်ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက  ကြိုးစားနေပြီး ပအိုဝ်းဒေဖြစ်တဲ့ ဆီဆိုင်မြို့ကနေ စစ်ကားတွေနဲ့ နေ့စဉ် အလုံးအရင်းသွားနေတယ်လို့  မြင်တွေ့နေရတဲ့ ပြည်သူတွေက‌ ပြောပါတယ်။

 

"နေ့စဉ် စစ်အင်အားအလုံးအရင်းနဲ့သွားနေကြတာ၊ မြို့ထဲလည်းစစ်သားအစစ်တွေမကျန်တော့ဘူး ၊ ပြည်သူ့စစ်နဲ့ ရဲတွေပဲ ကျန်နေတာ၊ ဆီဆိုင်ကိုပြန်နေတဲ့ ဝန်းထမ်းတွေကအစ တစ်လေးလုံး နှစ်ပတ်လည်နေ့ကို လန့်နေကြတာ"လို့ ဆီဆိုင်မြို့နယ်ထဲမှာနေထိုင်တဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၁၁လပိုင်းက ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက လွိုင်ကော်မြို့နေရာတွေကို ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် ဒီနှစ် ဇွန်လကစပြီး စစ်တပ်က  ပြန်လည်ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။

 

ရှမ်းပြည်နယ် မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့တစ်လေးလုံး” စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်ဖွဲ့တွေက လွိုင်ကော်မြို့ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ကြတာပါ။ စစ်ကောင်စီဘက်ကလည်း စစ်ရေး၊ အုပ်ချုပ်ရေးယန္တရား အခိုင်အမာတည်ဆောက်ထားတဲ့ လွိုင်ကော်မြို့ကို မဆုံးရှုံးရအောင် နည်းလမ်းမျိုးစုံနဲ့ အင်အားသုံးပြီး ပြင်းပြင်းထန်ထန် ခုခံကာကွယ်ခဲ့တာပါ။

 

"ဆီဆိုင် စစ်တပ်နှစ်ခုလုံးက လွိုင်ကော်ဖက်တိုက်ပွဲမှာ အကုန်နီးပါးသေခဲ့တာ၊ ခုရောက်လာတာက တပ်ရင်းအသစ်တွေ၊ အခုလည်း လွိုင်ကော်ဖက်တိုက်ပွဲပြန်ဖြစ်ဖို့များနေပြီ တပ်ရင်းအသစ်က လူတွေ အကုန်ပို့နေပြီ" လို့ စစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

 

 

ကရင်နီပြည်မှာစစ်တပ်က အာဏာသိမ်းစ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကစပြီး အခုနှစ် အောက်တိုဘာ ၃၁ ရက် အထိ စစ်တပ်ဖက်ကသေဆုံးသူ သုံးထောင်ကျော် (၃,၅၆၅) ဦးရှိခဲ့တယ်လို့ ကရင်နီဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ PKPF Information Centre က အသိပေးထားပါတယ်။

 

ခုလက်ရှိမှာ စစ်တပ်အတွက်ရိက္ခာကားတွေက ပအိုဝ်းဒေသ ဆီဆိုင်မြို့ကနေ နေ့စဉ်သွားနေပေမဲ့ လွိုင်ကော်မြို့ကို ဝင်မယ့် အရပ်သားကားတွေမှာ စားသောက်ကုန် ဆေးဝါး၊ စက်သုံးဆီနဲ့ ဘိလပ်မြေကအစ တင်သွင်းခွင့် ပိတ်ထားပါတယ်။

 

လွိုင်ကော်မြို့မှာ တိုက်ပွဲတွေ ပြန်ဖြစ်တော့မယ်ဆိုတဲ့ သတင်းတွေ  ဆီဆိုင်မြို့မှာ ပြန့်နှံ့နေပြီး တောင်ကြီး -လွိုင်ကော်လမ်းတလျောက် အစစ်ဆေးတွေ ကြမ်းနေပါတယ်။

 

လွိုင်ကော်မြို့ကို သွားရောက်မယ့် လူငယ်တွေမှန်သမျှကို စစ်တပ်က အစစ်ဆေးကြမ်းနေပါတယ်။ မသင်္ကာသူတွေကို ဖုန်းအပါဝင် တက်တူးတွေကအစ စစ်ဆေးနေတယ်လို့ လွိုင်ကော်မြို့ကို သွားရောက်ခဲ့သူ အချို့က ပြောပါတယ်။

 

"ဘယ်သွားမှာလဲမေးလို့ သေချာမဖြေနိုင်တဲ့လူဆိုရင် လွိုင်ကော်ဘောလုံးကွင်းထဲခေါ်သွားတယ်၊ တော်လှန်ရေး အမှတ်အသားပါ တက်တူးပါလားဆိုပြီး စစ်တယ်၊ မှတ်ပုံတင်တွေ ဖုန်းတွေသိမ်းထားပြီး လွိုင်ကော်မြို့က အပြန်မှ ပေးမယ်ဆိုပြီးလုပ်ထားတယ်၊ ဒီရက်တွေပိုကြမ်းနေတယ် တစ်လေးလုံးနှစ်ပတ်လည်နေ့ကို သူတို့ကြောက် နေကြတာ၊ လူငယ်တွေကိုလဲအမှန်တိုင်းပြောမင်းတို့ PDF ကို ထောက်ပံ့ဖို့လာတာမလားဆိုပြီးမေးတာ " လို့ ကိုယ်တိုင် ကြုံခဲ့ရသူအချို့က ပြောပါတယ်။

 

လွိုင်ကော်မြို့ရှိ စစ်ကောင်စီ တပ်စခန်းတွေကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊နဲ့ PDF တပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင် တိုက်ခိုက်ခဲ့တာပါ။

 

၁၁.၁၁ စစ်ဆင်ရေး ၂ နှစ် ပြည့်နေ့မှာ လွိုင်ကော်မြို့ကို ပြန်သိမ်းဖို့ ပြင်ဆင်နေတယ်လို့ ယူဆမှုတွေ ရှိနေတာကြောင့် နောက်ထပ်တပြန် စစ်ရှောင်ကြဖို့ ကရင်နီပြည်သူအချို့က ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

 

"လွိုင်ကော်ကိုပြန်နေနေတာက စစ်တပ်ကိုထောက်ခံလို့မဟုတ်ဘူး၊ အခြားမြို့မှာနေနေရတာက အိမ်လခကအစ စားစရိတ် မတတ်နိုင်လို့ ပြန်လာတာ၊ ဒီရက်တွေပြည်သူတွေလည်း လန့်နေကြတယ်၊ လေကြောင်းနဲ့ တိုက်ခိုက် ခံရမှာ စိုးရိမ်နေတယ်"လို့ လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။

 

ကရင်နီပြည်မှာစစ်တပ်က အာဏာသိမ်းတဲ့အချိန်ကနေ အခုနှစ် အောက်တိုဘာလကုန်အထိ တိုက်ပွဲအကြိမ်အရေ  တစ်ထောင်ကျော် (၁,၂၂၇)  ကြိမ် လေကြောင်းတိုက်ခိုက်မှု အကြိမ် နှစ်ထောင်နီးပါး ( ၁.၇၁၆ )ကြိမ်ရှိခဲ့တယ်လို့ PKPF Imformation Centreက အသိပေးထားပါတယ်။

 

စစ်တပ်ခေါင်းဆောင် မင်းအောင်လိူင်က စက်တင်ဘာလ ၄ ရက်က လွိုင်ကော်မြို့ကို သွားရောက်ခဲ့ပါတယ်။

 

"ဆီဆိုင်ကိုရောက်လာတဲ့နေ့ကလဲ ကြိုမပြောဘူး။ မနက် ၄ နာရီလောက်ကမှ ရောက်မယ့်အကြောင်း မြို့ခံ ရပ်မိရပ်ဖ အချို့ကသိရတာ၊ သူကတော့ တိုက်ပွဲတွေကြောင့် မီးလောင်သွားတဲ့ ဆီဆိုင်ဈေးကို ၃ ထပ် ပြန်ဆောက်ပေးမယ် မက်လုံးပေးသွားတာ၊ ဘယ်သူမှသူတို့ကိုမကြိုက်ဘူး"လို့ ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။

 

စစ်တပ်ခေါင်းဆောင်ဟာ လွိုင်ကော်မြို့ကိုရောက်ချိန်က မြို့ကို ပုံမှန်အခြေအနေ အမြန်ဆုံး ပြန်ရောက်ရှိအောင် ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါသေးတယ်။

 

ဆီဆိုင်နဲ့လွိုင်ကော်မြို့ကိုရောက်ရှ်ိချိန်မှာ မြို့တွေပျက်စီးရတာဟာ  တော်လှန်ရေးတပ်ဖွဲ့တွေကြောင့်လို့  စွပ်စွဲပြောဆိုခဲ့ကာ ပုံမှန်အခြေအနေအတိုင်း ပြန်ရောက်ရှိအောင် ဆောင်ရွက်သွားမယ်လို့ သူက ပြောခဲ့ပါသေးတယ်။

 

"စစ်တပ်က ဆီဆိုင်ကိုအပြည့်အဝထိန်းချုပ်ထားနိုင်ပြီဆိုတော့ လွိုင်ကော်ကိုပြန်ရဖို့ ဆီဆိုင်မြို့ကနေအထိုင်ချပြီး လူအင်အားကအစ အကုန်လုံးစနှစ်တကျလုပ်နေတာ၊ တောလမ်းတွေကအစပိတ်ပြီး တော်လှန်ရေးအဖွဲ့တွေကို ထောက်ပို့မယ်ထင်တဲ့သူမှန်သမျှ ချေမူန်းနေတာ "လို့ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။

 

လက်ရှိမှာ တောင်ကြီးကနေ လွိုင်ကော်မြို့ကို လိုင်းကားတွေ ပြေးဆွဲနေပြီး လမ်းတလျောက် စစ်ဆေးရေး ဂိတ်တွေမှာ ပအိုဝ်းပြည်သူ့စစ်နဲ့ရဲတွေကိုသာ စောင့်ခိုင်းထားတယ်လို့ လွိုင်ကော်ကို သွားရောက်ခဲ့တဲ့ ပြည်သူအချို့က ပြောပါတယ်။

 

ဆီဆိုင်၊ ဟိုပုံးမြို့နယ် ရှမ်းတောင်ဒေသဖက်က စစ်အင်အားမှန်သမျှ လွိုင်ကော်မြို့ကို ပို့ဆောင်ထားပြီး တပ်ထဲမှာ အသက်အရွယ်ကြီးသူတွေသာ ချန်ထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

 

"လမ်းတလျောက်စစ်ဆေးရေးဂိတ်မှာအများဆုံးက ပအိုပြည်သူ့စစ်က အသက် ၁၄ နှစ် အရွယ် ကလေးတွေနဲ့ ရဲအချို့ဆိုလည်း အသက်ကြီးသူတွေပဲ အများဆုံးထားထားတာ၊ လူအင်အားမှန်သမျှလွိုင်ကော်ပို့နေတာ" လို့ ဟိုပုံးမြို့ခံတဦးက ပြောပါတယ်။

 

ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို​  စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်များစွာသုံးပြီး မြို့ကို ပြန်လည် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

 

ဆီဆိုင်မြို့အထွက် လွိုင်ကော်မြို့ဘက်က ကျေးရွာတွေမှာ လူတဦးကို ဆန်ဆယ်ပြည်သာ ပေးသယ်နေပြီး ခွင့်ပြုထားတာထက်ပိုသယ်သူကို ပစ္စည်းသိမ်းဆည်းတာ၊ ငွေကြေးတောင်းတာတွေကို ပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြူံသူတွေက ပြောပါတယ်။

 

ကရင်နီပြည်နယ်မှာ တစ်လေးလုံး” စစ်ဆင်ရေးမတိုင်မီ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့ ကစလို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ လက်ရှိမှာ ရှမ်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေ အထိ ကျယ်ပြန့်လာနေပါတယ်။

 

ဓာတ်ပုံ - KNDF

 

Burma Associated Press

တစ်လေးလုံး
လွိုင်ကော်
KNDF
စစ်ကောင်စီ

Share With
bap-logo