bap-logo
Article

စစ်ကောင်စီတပ်စွဲရာ သီလုံးရွာ

myp425G6vdwjC1IJu5jpR-image

လွန်ခဲ့သော ၂ နှစ် က

 

စပါးအဓိကစိုက်ပျိုးသည့် သီလုံးရွာသည် ၎င်းတို့၏ပေါ်ဆန်းမွှေးဆန်ဖြင့် ကျော်ကြားသည်။

 

ရွှေဘိုမြို့မှပေါ်ဆန်းမွှေးတွင် သီလုံးရွာမှထွက်သည့် ဆန်သည် အကောင်းဆုံးဖြစ်သည်ဟု မခင်သီက ပြောချိန် တွင် အသံပိုကျယ်လာသည်။

 

ရွှေဘိုပေါ်ဆန်းကို အစိုက်ဆုံးပဲ၊ သီလုံးရွာက ထွက်တဲ့ ပေါ်ဆန်းကအကောင်းဆုံးဟု စပါးအဓိက စိုက်သည့် ၎င်းရွာကို ဦးတည်ပြောဆိုလေသည်။

 

ပေါ်ဆန်းဆန်နှင့် ကျော်ကြားသည့် ထိုသီလုံးရွာသို့ လွန်ခဲ့တဲ့ ဧပြီလက ဝင်ရောက် သောင်းကျန်း ဖျက်ဆီး လုယက် မီးရှို့မှုများကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်သည် ယင်းရွာတွင်ပင် တပ်စွဲခဲ့ပြီး ယခုနှစ် ဇွန်လတိုင် ထွက်ခွာမည့် အရိပ်ယောင်မရှိသည့်အပြင် ဆက်ကြေးပင်ကောက်နေသည်။ အင်အား ၃၀ မှ ၄၀ ကြားရှိသည့် ယင်း စစ်ကောင်စီတပ်သည် တပ်စွဲပြီးတစ်နှစ်ကျော်အကြာ မေနောက်ဆုံးအပတ်တွင် ဒေသခံများ ဆက်ကြေး ပေးဆောင်ရန် ကြေညာခဲ့သည်။

 

လယ်မြေပိုင်သည့် အိမ်ထောင်စု တစ်စုလျှင် ၅,၀၀၀ ကျပ်နှင့် လယ်မြေမပိုင်သည့် အိမ်ထောင်စု တစ်စုလျှင် ၃,၀၀၀ ကျပ် တစ်လတစ်ကြိမ် ပေးဆောင်ရန်ကြေညာခဲ့သည်။ ကြေညာစဉ် ပျူစောထီးများသည် ၎င်းတို့ရုံးရှိရာ အနီးတွင်ပင် မိုက်ဖြင့်အော်၍ကြေညာခဲ့သော်လည်း ဆက်ကြေးကောက်သည့်အခါ လက်နက်ကိုင်ထားသော လူအုပ်စုပုံစံဖြင့်ဖြစ်သည်။

 

ယင်းသို့ကြေညာပြီးနောက်အပတ် ဇွန် တွင် စစ်ကောင်စီတပ်သား အနည်းငယ်နှင့် အချို့တွင် လက်နက် ကိုင်ထားသည့် ပျူစောထီးအင်အားပေါင်း ၁၅ မှ ၂၀ ဦးခန့်တို့သည် ဆက်ကြေးပိုက်ဆံကို လာရောက် တောင်းခဲ့ကြသည်။

 

၁၅ ယောက် အယောက် ၂၀ လောက် လက်နက်တွေနဲ့ မပေးရင် ပစ်တော့မယ့်ပုံနဲ့၊ ခံပြင်းလို့ဟု သီလုံး ကျေးရွာသားတစ်ဦးဖြစ်သည့် မခင်သီ (အမည်လွှဲ)က ပြောသည်။လယ်မရှိတဲ့ လက်လုပ် လက်စား (ကူလီ) က ၃,၀၀၀၊ တောင်သူ လယ်ရှိတဲ့သူက ၅,၀၀၀ တဲ့ဟု ထိုဒေသခံကဆက်ပြောသည်။

 

ဤသို့ဖြင့် စစ်ကောင်စီ၏ လစဉ် ဆက်ကြေးကောက်ခံခြင်းသည် အသက်ဝင်လာပြီဖြစ်သောကြောင့် သီလုံး ရွာသူရွာသားများ အခက်တွေ့နေကြသည်။

 

ပေးရတာပေါ့၊ မပေးချင်လည်း ပေးရတာပေါ့၊ စားဖို့တောင်အနိုင်နိုင်ဘဝတွေဆက်ကြေးပေးရသည့် ဒေသခံ များ၏ အခြေအနေကို ပြောပြသည်။ပေးရတဲ့သူတွေက ရှားပါးနေကြတာ၊ တို့တောသူ တောင်သားဆိုတာ သုံးရာ ငါးရာကလည်းနည်းတာ မဟုတ်ဘူး၊ လူတိုင်းတောင်လယ်မစိုက်နိုင်ဘူးဟု ယင်းကျေးရွာသားများ၏ အခြေအနေကို ဆိုလေသည်။ကူလီ (လယ်ပိုင်မရှိသည့်သူများ) တွေဆို ပိုဆိုးတယ်၊ ဘယ်လိုမှ အဆင်မပြေ ကြတဲ့သူတွေ။ မရှိရှိတာ ရောင်းချပေးနေကြတာဟု ပြောသည်။

 

"တို့တောသူ တောင်သားဆိုတာ သုံးရာ ငါးရာကလည်းနည်းတာ မဟုတ်ဘူး၊ လူတိုင်းတောင် လယ်မစိုက်နိုင်ဘူး၊ ကူလီ (လယ်ပိုင်မရှိသည့်သူများ) တွေဆို ပိုဆိုးတယ်၊ ဘယ်လိုမှ အဆင်မပြေကြတဲ့သူတွေ။ မရှိရှိတာ ရောင်းချပေးနေကြတာ"

 

စပါးအဓိကစိုက်ပျိုးသည့်အရပ်တွင် လယ်ပိုင်ရှိသည့်သူပင် ခက်ခဲနေသည်ဖြစ်လေရာ လယ်ပိုင်မရှိသည့် လက်လုပ်လက်စားများအတွက် ဆက်ကြေးပေးရန် ပိုမိုခက်ခဲကြလေသည်။

 

လက်ရှိတွင် စစ်ကောင်စီတပ်သားများက ရွာတွင်းတပ်စွဲပြီး မကြာခဏတောထဲဝင်သည်လည်း ရှိသော ကြောင့် ဒေသခံများအနေဖြင့် တောထဲရှိ ၎င်းတို့လုပ်ငန်းများကို ကောင်းစွာမလုပ်ကိုင်နိုင်ကြပေ။

 

မထင်သလို ပစ်ခတ်လေ့ရှိသော စစ်ကောင်စီတပ်၏အကျင့်ကို သိနေကြသောကြောင့် ဒေသခံများက စစ်ကောင်စီတပ်သားများ တောထဲဆင်းလျှင် တောထဲသွားရန်ရှောင်လေ့ရှိကြသည်။ ၎င်းတို့ရွာတွင် တပ်စွဲသည့်အချိန်မှစ၍ ဒေသခံများ၏  တောထဲရှိသည့်လယ်လုပ်ငန်းများလည်း ရှောရှောရှုရှု မရှိတော့ပေ။


လက်ရှိရွာတွင်ကျန်ခဲ့သည့် ဒေသခံများလည်း လယ်စိုက်ရန် သက်စွန့်ဆံဖျား အားထုတ်ကြရသည်။

 

ဤကဲ့သို့ အခက်အခဲများနှင့် ဆက်ကြေးကြောင့် အခက်အခဲတွေ့ကြသော်လည်း သီလုံးရွာသည် စစ်ကိုင်းတိုင်းမှ ရွာအများစုကဲ့သို့ ယခုတိုင်မီးရှို့မခံရဘဲ အန္တရာယ်ကင်းနေသေးသည်ဖြစ်သောကြောင့် အချို့က ဒလန်ရွာဟု ပြောကြကြောင်း မခင်သီက တိုးညှင်းစွာပြောသည်။

 

အဲ့လို မဟုတ်ပါဘူးဟု ၎င်းကဆိုသည်။

 

စိတ်ကျဉ်းကျပ်တယ်၊ သူတို့တွေရှိတယ်ဆိုရင်ကို အဆင်မပြေတော့ဘူး။ ပျူတွေကလည်းရှိနေတော့ ကိုယ့်လူ သူ့လူမသိဟု မခင်သီက ရွာတွင်ကျန်ခဲ့သောရွာသားများ၏ နေထိုင်ရသည့် အခြေအနေကို ပြောပြသည်။

 

နာရီကျော်လျှင် ရွာတွင်း၌ပင် အပြင်ထွက်ခြင်းကို ကန့်သတ်ရခြင်းသည်လည်း အပါအဝင် ဖြစ်သည်။  

 

သီလုံးရွာမှ ထွက်ပြေးတိမ်းရှောင်သူများနှင့် စွန့်ခွာသွားသူများလည်းရှိသည်။ NLD ပါတီဝင်များ၊ NLD အစိုးရ လက်ထက် ရပ်ကျေးဥက္ကဌ၊ ရိုးရိုးဆန္ဒပြပြည်သူများနှင့် တော်လှန်ရေးနှင့်ပတ်သက်၍ နာမည်ထွက်နေသူများကို စစ်အုပ်စုတပ်မှ ဖမ်းဆီးလေ့ရှိသောကြောင့် ရွာမပြန်နိုင်ကြဘဲ တိမ်းရှောင်နေကြရသည်။ ၎င်းတို့တွင် အချို့မှာ မိသားစုလိုက် တစ်အိမ်လုံး ထွက်ပြေးနေရသည်လည်းရှိသည်ဟု မခင်သီကပြောပြသည်။

 

ထွက်ပြေးတိမ်းရှောင်နေကြရသည့် မိသားစု သုံးဆယ်ခန့်ရှိသည်ဟု သူကခန့်မှန်းပြောသည်။

 

၂၀၁၅ သန်းခေါင်စာရင်းအရ သီလုံးရွာတွင် အိမ်ထောင်စု ၈၁၀ ခန့်ရှိသည်။ ထိုကာလများအတွင်း သီလုံးရွာ၏ သုံးပုံနှစ်ပုံသောလူငယ်များသည်လည်း ထိုရွာတွင်မရှိကြတော့ဘဲ တောထဲထွက်ပြေးခြင်းနှင့် အခြားဒေသသို့ စွန့်ခွာသွားကြခြင်းဖြစ်သည်ဟု မခင်သီက ဆက်ပြောသည်။

 

ရွာတွင်ကျန်ခဲ့နေသေးသည့် ဒေသခံများကတော့ လယ်ပြန်စိုက်နေကြသည်ဟု မခင်သီကပြောသည်။ ရွာမှ ပျူစောထီးများသည် ထွက်ပြေးတိမ်းရှောင်နေသောသူများပိုင်သည့် လယ်မြေများတွင် ဝင်ရောက် လယ်စိုက် သည့် ဖြစ်စဉ်များလည်းရှိသည်။ ထိုသို့ပျူစောထီးအဖွဲ့ဝင်များ ဝင်စိုက်သည့် လယ်မြေပိုင်ရှင်များ၏ မိသားစု များပင် စိုက်ခွင့်မရကြောင်း ၎င်းကဆိုသည်။

 

လက်ရှိတွင် သီလုံးရွာသားများသည်လည်း တစ်နိုင်ငံလုံးကဲ့သို့ပင် လုပ်ကိုင်စားသောက်ရအဆင်မပြေဘဲ စားဝတ် နေရေး ခက်ခဲနေကြသည်။ ထိုကဲ့သို့သော ယခုလိုအချိန်တွင် ဆက်ကြေးပေးရခြင်းသည် ဒေသခံများအတွက် ပိုမိုအခက်အခဲဖြစ်စေကြောင်း ၎င်းဒေသခံကရှင်းပြသည်။

 

အင်တာနက်ဖြတ်ခံထားရပြီးနောက် ယင်းရွာဒေသခံများအနေဖြင့် အင်တာနက်လိုင်း ဖြတ်ခံထားရသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ရာ သီလုံးကျေးရွာသားများအနေဖြင့်လည်း မျက်စိပိတ် နားပိတ်ဖြစ်နေသည်ဟု ဆိုသည်။

 

ထို့အပြင် ပျူစောထီးများသည် ၎င်းတို့ကောက်ခံနေသည့် ဒေသခံများပေးဆောင်ရန်ဆက်ကြေးသည် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF များမှ တောင်းခံခြင်းဟု ဒေသခံများကြား လက်တို့၍သတင်းဖြန့်သည်ဟု မခင်သီက ဆိုသည်။ စစ်ကောင်စီတပ်အကြောင်းသေချာသိသည့် ဒေသခံများအတွက် ယုံကြည်စရာ မရှိသော်လည်း အင်တာနက်ပြတ်၍ မျက်စိပိတ်နားပိတ်ဖြစ်နေချိန်တွင် နှစ်ဖက်ခွထိုင်နေသည့် ဒေသခံများအတွက် သို့လောသို့လောပင်။

 

သူတို့(ပျူစောထီးများ) ပိုက်ဆံကောက်ပြီး PDF တွေကလို့ သတင်းလွှင့်ခိုင်းထားတာ၊ ခွထိုင်နေတဲ့ သူတွေကတော့ သို့လောသို့လောပေါ့ဟု ၎င်းကပြောပြသည်။

 

သီလုံးရွာတွင် လက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်တွင် တာဝန်ထမ်းဆောင်နေသူ စစ်ဗိုလ်နှင့် အငြိမ်းစား အငြိမ်းစားစစ်ဗိုလ်များ၏ အိမ်များလည်းရှိသည်။ သီလုံးရွာသားများသည် ရွာထဲ၌ ရန်သူပင်ဖြစ်လေ့ကစား ရွာပြင်တွင် မိတ်ဆွေများကဲ့သို့ ပြုမူကြကြောင်း သီလုံးရွာသား၏ စရိုက်ကို မခင်သီက ပြောပြသည်။ ရွာတွင် ယခုထိ မီးရှို့ဖျက်ဆီးမခံရသေးသည်မှာ ဘာကြောင့်မှန်း မခင်သီ မသိပေ။

 

ရွာခံပျူတွေက ရွာကို အထိမခံသေးတာဖြစ်မှာပေါ့။ တကယ်ဖြစ်လာရင်တော့ ရွာကိုရင်းမှာပဲဟု မခင်သီက ပြောသည်။

 

ရွာခံပျူတွေက ရွာကို အထိမခံသေးတာဖြစ်မှာပေါ့။ တကယ် ဖြစ်လာရင်တော့ ရွာကိုရင်းမှာပဲဟု မခင်သီက ပြောသည်။

 

 

ပျူစောထီးပင်ဖြစ်လင့်ကစား ရွာကိုချစ်စိတ်ရှိသော ၎င်းတို့ရွာသားများ၏ ပင်ကိုယ်အခံကြောင့်ကြား စစ်ဗိုလ်များ ၏ အိမ်များရှိခြင်းကြောင့်လား၊ ၎င်းတို့ လိုချင်သည့် တော်လှန်ရေးသမား အဖမ်းခံရနိုင်သည့်သူ တစ်ဦးမှ ရွာတွင် မရှိသောကြောင့်လား မခင်သီသေချာမသိပေ။

 

ကိုယ်တိုင်လည်း ရွာကတိမ်းရှောင်နေရသူမခင်သီ သေချာသိသည်မှာ တော်လှန်ရေးအောင်နိုင်မှ အိမ်ပြန်ရမည် ပင်။ တော်လှန်ရေးကြောင့် ဒေသအသီးသီးမှ ထွက်ပြေးလာသူများကဲ့သို့ပင် မခင်သီ အပါအဝင် ထွက်ပြေးလာ သည့် သီလုံးရွာသားများသည် တော်လှန်ရေးအောင်နိုင်မှ အိမ်ပြန်ကြရမည် ဖြစ်သည်။

 

Burma Associated Press

 

မြန်မာ
စစ်ကိုင်း
ရွှေဘို
သီလုံးရွာ
စစ်တပ်
အရပ်သား
ပျူစောထီး

Share With
bap-logo