bap-logo
Article

ရွှေဘိုအနောက်ပိုင်းဒေသရှိလယ်များကိုခြယ်လှယ်ပြီး တော်လှန်ရေး အင်အားကို နှိပ်ကွပ်နေသည့် စစ်ကောင်စီနှင့် လက်ပါးစေများ

oAgUjXMfn0Yfb5Wtt07cJ-image

လွန်ခဲ့သော ၂ နှစ် က

ရွှေဘိုမြို့နယ်အနောက်ပိုင်းတွင် ပျူစောထီးများသည် ဒေသခံများ၏လယ်လုပ်ပိုင်ခွင့်ကို သေနတ်ပြ၍ ဝင်ရောက် စွက်ဖက်ခြင်းများ ကျူးလွန်နေလျက်ရှိသည်ဟု ရွှေဘိုမြို့နယ်ဒေသခံများက ဆိုသည်။

 

တပ်စွဲထားတဲ့ရွာတွေမှာ သူတို့(ပျူစောထီး)က မလုပ်ရဘူးဆို မလုပ်ရဘူး၊ သူတို့ကလုပ်ဆိုတဲ့သူ လုပ်ရတယ်ဟု ရွှေဘိုမြို့နယ်ရှိ သီလုံးရွာသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရွာမှထွက်ပြေးတိမ်းရှောင်နေသည့် ကိုအောင်မင်းက ပြောသည်။

 

၎င်းတို့ရွာကို စစ်ကောင်စီတပ် တပ်စွဲထားသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး လက်ရှိတွင် ထိုရွာကို ၎င်းတို့ရွာခံ ပျူစောထီးများကသာ ခြယ်လှယ်နေသည်။

 

ရွှေဘိုမြို့နယ် အနောက်ဘက်ပိုင်းရှိ ရွာများတွင် ပျူစောထီးများက တော်လှန်နေသောသူများ ပိုင်လယ်များနှင့် ပတ်သက်၍ ခြယ်လှယ်နေလျက်ရှိသည်။ လယ်ပိုင်ရှင်များသည် စစ်ကောင်စီကို တော်လှန်နေသူများ ဖြစ်သော ကြောင့် ရွာတွင်မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာသို့ပြန်မလာနိုင်ကြပေ။

 

ထိုပြန်မလာနိုင်သူများ၏လယ်များ၊ အိမ်ရှိပစ္စည်းများနှင့် အခြားကျန်ရစ်ခဲ့သည့်ပိုင်ဆိုင်မှုများကို စစ်ကောင်စီ၏ ပျူစောထီးများက စိတ်ကြိုက်ခြယ်လှယ်နေကြခြင်းဖြစ်သည်။ ၎င်းတို့သည် လက်နက် ကိုင်ဆောင်ပြီး မထင် သလို ထိုလက်နက်ကို ၎င်းတို့အားအာခံသူများအပေါ် သုံးလေ့ရှိသောကြောင့် ရွာသူ/သားများက ၎င်းတို့၏ အမိန့်ကို မနာခံ၍မရပေ။

 

ရွာတွေမှာလည်း ဖမ်းလိုက်သတ်လိုက်နဲ့ဆိုတော့ ပြန်မလာရဲတော့ (လယ်)မလုပ်ရဘူးဟု ကိုအောင်မင်းက ဆိုသည်။

 

စကစကို တွန်းလှန်တယ်ဆို သူတို့တပ်ချင်တဲ့ပုဒ်မတပ်တယ်၊ ဝရမ်းထုတ်ပြီး ရွာမှာနေလို့မရအောင် လုပ်တယ်၊ ဖမ်းမယ်ပြုမယ်ဆိုပြီးဟု ထိုရွှေဘိုမြို့နယ်အနောက်ပိုင်းမှ ရွာများအတွင်းရှိ ရွာသူ/သားများ၏ အခြေအနေကို သူက ပြောပြလေသည်။

 

စကစကို တွန်းလှန်တယ်ဆို သူတို့တပ်ချင်တဲ့ပုဒ်မတပ်တယ်၊ ဝရမ်း ထုတ်ပြီး ရွာမှာနေလို့မရအောင် လုပ်တယ်၊ ဖမ်းမယ်ပြုမယ်ဆိုပြီး

 

 

ထိုသို့ရွာမှ ထွက်ပြေးတိမ်းရှောင်နေရသူများသည် ၎င်းတို့ရွာသို့ပြန်မလာနိုင်ကြသောကြောင့် ၎င်းတို့ လယ်များကို ဆွေမျိုးသားချင်းဖြစ်စေ၊ အိမ်နီးချင်းများကိုဖြစ်စေ လုပ်ကိုင်စေကာ လယ်လုပ်ငန်းကို အဝေးမှ လုပ်ကိုင်ကြ ရသည်။ ထိုအခြေအနေတွင် ရွာခံပျူစောထီးများက ထိုပိုင်ရှင် အဝေးရောက်နေသည့် လယ်မြေများကို မည်သူမှ မလုပ်ရဟု လက်နက်ပြကြေညာချက်ထုတ်သည်။

 

သူတို့(တိမ်းရှောင်နေသူများ) ကိုယ်တိုင်မလာရဲဘူး။ စကစ ပျူတွေ ဘေးပတ်ပတ်လည်ဝိုင်းနေတာ၊ မပြန်ရဲဘူး။ ဆွေမျိုးတွေအိမ်နီးချင်းတွေပဲလုပ်တာဟု ကိုအောင်မင်းကပြောသည်။ဒီလယ် ဘယ်သူက မလုပ်ရဘူး၊ မဆင်းရဘူး၊ ဆင်းရင် ပစ်သတ်မှာ စသည်ဖြင့်ပြောတာဟုဆက်ပြောသည်။

 

ထိုပျူစောထီးများသည် ရွာခံပျူစောထီးများဖြစ်သောကြောင့် လယ်များသည် မည်သူ့လယ်မှန်း သိကြသည်ဟု ကိုအောင်မင်းကဆက်ပြောသည်။ ထို့ကြောင့် တော်လှန်ရင်း တိမ်းရှောင်ထွက်ပြေးနေရသူများ၏ လယ်ကို ပိုင်ရှင် ခွင့်ပြုချက်ဖြင့် အခြားတစ်ဦးဦးက ဝင်လုပ်နေသည်ကို ပျူစောထီးများကသိပြီး ခြယ်လှယ်နိုင်နေခြင်းလည်း ဖြစ်သည်။

 

ရွှေဘိုမြို့နယ်အနောက်ပိုင်းရှိ ရွာအများစုတွင် ထိုကဲ့သို့ဖြစ်စဉ်များ ဖြစ်ပွားနေလျက်ရှိသည်။ စစ်ကောင်စီ တပ်စွဲ ထားသည့်ရွာများနှင့် နီးစပ်သောရွာများတွင် ထိုကဲ့သို့ကြုံတွေ့နေကြရကြောင်း ကိုအောင်မင်းက ပြောသည်။ လက်ရှိတွင် စုံစမ်းသိရှိချက်များအရ သီလုံး၊ နှစ်မစားရစ်၊ ဇီးဖြူကုန်း၊ ညောင်ကိုင်း၊ လယ်သီးတော၊ ပန်းရံ၊ ပလိုင်း၊ မင်းကြီးရွာ စသည့်ရွာများတွင် ဖြစ်ပွားနေလျက်ရှိပြီး ယင်းထက်လည်း ပိုနိုင်သည်။

 

ထို့အပြင် ပျူစောထီးများသည် တိမ်းရှောင်နေသူများ၏ လယ်များကို အခြားသူအား လုပ်ခွင့်မပေးသော် လည်း ၎င်းတို့က ဝင်ရောက်စိုက်ပျိူးနေကြသည်လည်းရှိသည်ဟု ဒေသခံတစ်ဦးဖြစ်သူ မမယ်လှက ပြောသည်။

 

ဒီကြားထဲမှာ ပြေးတဲ့သူတွေ တိမ်းရှောင်နေရတဲ့ သူတွေရဲ့လယ်တွေကိုစိုက်တယ်။ အဲ့မိသားစုဝင်တွေ လုပ်မယ်ဆို မရဘူး၎င်းတို့ရွာမှ ပျူစောထီးများအကြောင်းကို သူက ပြောပြသည်။

 

ယင်းသို့ ပျူစောထီးများ လယ်ဝင်စိုက်နေသည့် တိမ်းရှောင်နေသူများ၏လယ်သည် နှစ်မစားရစ်ရွာတွင် ခန့်မှန်းခြေ ၂၆ ဧက ခန့်ရှိသည်။ ညောင်ကိုင်းနှင့် လယ်သီးတော ရွာတို့တွင် ခန့်မှန်းခြေ ၅၀ ခန့်ရှိကြောင်း ကိုမင်းအောင်က ပြောသည်။ အခြားရွာများတွင် စာရင်းမသိရသေးပေ။

 

နှစ်မစားရစ်ရွာသည် လွန်ခဲ့သည့် ဖေဖော်ဝါရီလတွင် ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရသောကြောင့် အိမ်ခြေ သုံးရာခန့် ပျက်စီးခဲ့သည်။ မီးရှို့၍ထွက်ပြေးကြရပြီးကတည်းက စစ်ကောင်စီကို တော်လှန်နေသူများဟု အမည်ထွက်သူ များမှာ ရွာသို့ပြန်မလာနိုင်ဘဲ ဆက်လက်တိမ်းရှောင်နေကြရသည်။

 

လက်ရှိတွင် နှစ်မစားရစ်ရွာ၌ ယခင်၏ သုံးပုံတစ်ပုံခန့် ပြန်နေထိုင်ကြသည်ဟု ကိုအောင်မင်းက ပြောသည်။

 

အစိမ်းထောက်ခံသူများသည် ကိုရွာအေးဆေးပြန်လာနိုင်သည်။ အနီနှင့် အစိမ်း ဟိုဘက်ဒီဘက်မပါသည့် သူများ က ရွာသို့ပြန်လာရန် ပျူစောထီးများကို အကြောင်းကြားရပြီး ခွင့်ပြုချက်ရမှ ပြန်လာရသည်။ အစိမ်းဘက် ရပ်တည်သူများသည် ခွင့်ပြုချက်ပင်တောင်းစရာမလိုပေ။

 

အနီနှင့် အစိမ်း ဟိုဘက်ဒီဘက်မပါသည့် သူများက ရွာသို့ပြန်လာရန် ပျူစောထီးများကို အကြောင်းကြားရပြီး ခွင့်ပြုချက်ရမှ ပြန်လာရသည်။ အစိမ်းဘက် ရပ်တည်သူများသည် ခွင့်ပြုချက်ပင်တောင်းစရာမလိုပေ။

 

ယင်းဒေသများတွင် ယခင်ကတည်းက ရွာများ၌ အနီဘက်ရပ်သူများနှင့် အစိမ်းဘက်ရပ်သူများဟူ၍ ရှိကြသည်။ ရွာခံအချင်းချင်းသည် မည်သူက မည်သည့်ဘက်လဲ သိနိုင်ကြသည်။ ထို့ကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင် တော်လှန်မှုများကို နှိပ်ကွပ်မှုပြင်းထန်လာချိန်တွင် အနီဘက်ရပ်တည်သူများသည် စစ်ကောင်စီလက်ပါးစေများ၏ ပစ်မှတ်ဖြစ်လာကြသည်။

 

ထို့ကြောင့် ယခင်ကတည်းက အနီဘက်ရပ်တည်သူများနှင့် စစ်ကောင်စီ တော်လှန်နေသူများဟု ယူဆရသူ များသည် ပုံစံအမျိုးမျိုးဖြင့် စစ်ကောင်စီလက်ပါးစေများ၏ ဖိနှိပ်မှုကိုခံစားနေကြရခြင်းဖြစ်သည်။ ဘယ်ဘက်မှ မပါသည့်သူ အနည်းအကျဉ်းကို ထိုသို့ပြုလုပ်လေ့မရှိပေ။

 

သူတို့လည်း ကျီးကြည့်ကြောင်ကြည့် နေကြရမှာပေါ့ဟု ၎င်းရွာသို့မပြန်နိုင်သူ မမယ်လှက ရွာတွင် နေလို့ ရနေသေးသူများ၏ အခြေအနေကို ပြောပြသည်။

 

ထို့အပြင် ဇွန်လမှ စတင်၍ စစ်ကောင်စီကို ဆက်ကြေးပေးဆောင်ကြရသည်။ ယခုလ ဇူလိုင်တွင် စစ်ကောင်စီ အား ပေးဆောင်ရသည့် ဆက်ကြေးပမာဏသည် မလောက်ငဟူသော အကြောင်းပြချက်ဖြင့် ဈေးတက်သွား ပြန်သည်။

 

ယခင်က လယ်ပိုင်များ ၅,၀၀၀ ကျပ်နှင့် လယ်မရှိသူများ ၃,၀၀၀ ပေးဆောင်ရန်ဖြစ်သည်။ လက်ရှိတွင် လယ် ဧကထက် ပိုင်သူများသည် ငွေကျပ်တစ်သောင်း၊ ဧကအောက်များသည် ငါးထောင်နှင့် လယ်ပိုင်မရှိသူများသည် သုံးထောင်ကျပ် ပေးဆောင်ရန် ဖြစ်လာသောကြောင့် ဒေသခံများ ပိုမို ကြပ်တည်းလာကြသည်။

 

ထို့အပြင် ပျူစောထီးများသည် ၎င်းတို့လယ်များသာမက တော်လှန်ရေးနှင့်တိမ်းရှောင်နေသူများ၏ လယ်များ တွင် ပါဝင်စိုက်နေကြရာမှလည်း ဝင်ငွေရနေကြသည်။

 

ပဲ (ပဲတီစိမ်း)တွေ စိုက်နေကြတာ၊ ပဲတီစိမ်းတွေ သွားရောင်းလိုက်နဲ့၊ ပျူတွေကိုယ်တိုင်ပဲရောင်းပြီး အဲ့ဒါကို ရိက္ခာ လုပ်နေတယ်ရွှေဘိုမြို့အနောက်ပိုင်းဘက်မှ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုဒါန်းက ပြောသည်။သူတို့ကျတော့ စီးပွားရေးလုပ်စားနိုင်သေးတယ်၊ ကျတော်တို့ ကျတော့ ဘာမှလုပ်မရဘူးဆက်လက်ပြောလေသည်။

 

အချို့ စိုက်ပျိုးပြီးသောလယ်များရိတ်သိမ်းချိန်ရောက်လာသောအခါ ပျူစောထီးများသည်ထိုလယ်များကို မည်သူမျှမရိတ်ရ၊ စပါးရိတ်စက်ကိုလည်းမသုံးရ၊ ရိတ်လျှင်ပစ်သတ်မည်ဟုလက်နက်ပြ ခြိမ်းခြောက် သောကြောင့် ထိုလယ်များကို မည်သူမျှဆင်းမရိတ်ရဲပေ။

 

ပြီးမှ ထိုလယ်များကို ရိတ်သိမ်းလိုပါက ဘယ်လောက်ပေးမှရိတ်သိမ်းရမည်ဟု ငွေညှစ်သည်လည်း ရှိကြောင်း ကိုအောင်မင်းကပြောသည်။ ထိုလယ်များသည် တော်လှန်ရေးကြောင့် တိမ်းရှောင်နေသူများ ငှားလုပ်သော လယ်အများစုနှင့် ဘယ်ဘက်မှမပါသည့် ကြားနေသူအနည်းစု၏ လယ်များဖြစ်ကြောင်း ၎င်းက ဆက်ပြော ပြသည်။

 

၎င်းတို့ရွာများတွင် ဒေသခံများသည် အိမ်များ၌ စပါးလှောင်သည့်အကျင့်ရှိသည်။ စပါးတင်း ငါးထောင် ခြောက်ထောင်ခန့် လှောင်လေ့ရှိကြသည်ဟု ကိုအောင်မင်းကပြောသည်။ ထိုရွာများတွင် စစ်ကောင်စီ တပ်များ ဝင်ရောက်သောင်းကျန်းပြီး တပ်စွဲသောကြောင့် ဒေသခံများထွက်ပြေးရချိန်တွင် ၎င်းတို့ပစ္စည်းများ၊ သိုလှောင် ထားသော စပါးများ စသည်ပိုင်ဆိုင်မှုတို့ကို ထားခဲ့ကြရသည်။

 

ပျူစောထီးများက ထိုကျန်ခဲ့သောပစ္စည်းများကို ယူဆောင်ရုံသာမက စပါးများကိုလည်း ယူသွားကြကြောင်း ကိုအောင်မင်းပြောသည်။ပြေးရတဲ့အချိန် စပါးတွေမသယ်နိုင်ဘူး၊ ပဲကတော့ လှောင်တာမရှိဘူး။ စပါးပဲ လှောင်တာ။ ဈေးမကြိုက်သေးတဲ့စပါးတွေကို လှောင်ထားတာလည်း ရှိတယ်ဟု ၎င်းတို့ရွာခံများ၏ ဓလေ့ကိုပြောပြသည်။

 

ပျူစောထီးများက ယင်းသို့သောင်းကျန်းနေကြသည်ကို ယင်းဒေသမှ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့်လည်း ထိထိရောက်ရောက် ဝင်မဖြေရှင်းနိုင်ကြသေးပေ။

 

ဒေသကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း စစ်တပ်ကျောထောက်နောက်ခံရှိနေသည့် ပျူစောထီးများကို အပြတ် တိုက်ခိုက်ရန် လိုအပ်ချက်များရှိနေသည်ဟုဆိုသည်။

 

ထိတွေ့တိုက်ပွဲတွေ ခဏခဏရှိတယ်၊ ဒါပေမယ့်အပြတ်မတိုက်နိုင်သေးဘူးဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ကိုဒါန်းက ပြောသည်။

 

ရွှေဘိုအနောက်ပိုင်းတွင်ပင် လွန်ခဲ့သည့် ရက်ပိုင်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်များ ပစ္စည်းမှာထား သည်များ မရောက်သေးသောကြောင့် ခေတ္တမလှုပ်ရှားနိုင်ချိန်တွင် စစ်ကောင်စီတပ်များသည် သွားလာနေသော ပြည်သူများကို မထင်သလို အချက်သုံးလေးရာခန့် လျှောက်ရမ်းပစ်သည်များ ပြုလုပ်သကဲ့သို့ ထောင်လာ သောကြောင့် စခန်းတစ်ခုကို ဝင်တိုက်ပြခဲ့ရကြောင်းဆိုသည်။

 

ထိုရွှေဘိုမြို့အနောက်ပိုင်းဒေသတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များသည် အားပြိုင်နေကြသည့်အနေအထားတွင်ရှိသည်။

 

ကျတော်တို့က လွတ်မြောက်နယ်မြေလို့မပြောချင်သေးဘူး၊ တတ်နိုင်သလောက်လုပ်နေတာဟု ကိုဒန်းက ၎င်း၏ တိုက်ပွဲအတွေ့အကြုံများကို အခြေခံပြီးပြောသည်။

 

ကျတော်တို့က လွတ်မြောက်နယ်မြေလို့ မပြောချင်သေးဘူး၊ တတ်နိုင်သလောက် လုပ်နေတာ

 

လွတ်မြောက်နယ်မြေလို့ပြောလို့ရတယ်ဆိုတာက သူတို့သတ်မှတ်ထားတဲ့ ရွှေဘို(မြို့နယ်) ဆိပ်ခွန်ရွာ အနောက်ကိုမလာရဲကြဘူးကိုဒန်းက ရှင်းပြသည်။လွတ်မြောက်နယ်မြေလို့ ပြောလို့ရတယ်ဆိုတာက သူတို့ကို လက်နက်အရယှဉ်ဖိုက်နိုင်တဲ့ အနေအထားမရှိဘူး၊ သူတို့စစ်ကြောင်းကို ဟန့်တားနိုင်တာမျိုး မရှိသေးဘူး၊ အလုံးအရင်းနဲ့ဝင်လာရင် ပြန်ဆုတ်ပေးရတယ်ဟု၎င်းက ဆက်ရှင်းပြသည်။

 

မည်သို့ဆိုစေ စစ်ကောင်စီတပ်စွဲထားသော ရွာများနှင့် နီးစပ်ရွာများသည် စစ်ကောင်စီနှင့် လက်ပါးစေများ၏ စိတ်ကြိုက်ဖိနှိပ်ခြယ်လှယ်ကာ ရိက္ခာရနိုင်ရန်အတွက်ပင် အသုံးပြုနေကြသည်။

 

ဒေသခံကာကွယ်ရေးတပ်များအတွက်မူ ဝင်ငွေရနိုင်သည့်လမ်းကြောင်းမှာ ပြည်သူ့အလှုုငွေများသာ ရှိသည်။ စစ်ကောင်စီသည် ၎င်းတို့၏ ဖြတ်လေးဖြတ်ဗျူဟာအတိုင်း တော်လှန်ရေးအား ထောက်ပံ့သူများ၏ ဝင်ငွေနှင့် သတင်းစီးဆင်းမှုကိုဖြတ်တောက်ရန် ဒေသခံများအား ဖိနှိပ်ခြယ်လှယ်မှုမျိုးစုံနှင့် ကျူးလွန်နေလျက် ရှိသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုဒန်းကတော့စကစ ထိုင်ထားတဲ့ရွာတွေကို အပြတ်မတိုက်နိုင်သေးတော့ ပြဿနာတွေက မပြီးဘူးဖြစ်နေတယ်ဟု ဆိုလေသည်။  

 

Burma Associated Press

စစ်ကိုင်း
ရွှေဘို
ပျူစောထီး

Share With
bap-logo