Article
မအောင်မြင်သည့် မြန်မာ့ပဋိပက္ခ ဖြေရှင်းရန် ကြိုးပမ်းမှုအပြီး ရှေ့ဆက်ရန် အလားအလာ
လွန်ခဲ့သော တစ်နှစ် က
မြန်မာ့အကျပ်အတည်း မဖြေရှင်းနိုင်သည့်အတွက် အာဆီယံ၏ စုစည်းညီညွတ်မှုနှင့် ယုံကြည်ရမှုတို့ကို ရေရှည်တွင် ထိခိုက်မှု အကြီးအကျယ် ရှိလာမည်ဟု အင်ဒိုနီးရှား နိုင်ငံတကာ အဆင့်မြင့်လေ့လာရေးအင်စတီကျုမှ သုတေသီတစ်ဦးက ပြောဆိုသည်။
အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် ယခုလ အစောပိုင်းက ဂျကာတာတွင် တွေ့ဆုံခဲ့ကြပြီး ဒေသတွင်းမှ မဟုတ်သည့် အမေရိကန်၊ တရုတ်၊ ဩစတြေးလျ၊ ဂျပန်နှင့် တောင်ကိုးရီးယားတို့အပါအဝင် မိတ်ဖက်နိုင်ငံများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
ယခုနှစ်၏ အာဆီယံဥက္ကဌဖြစ်သူ အင်ဒိုနီးရှားသည် ဒေသတွင်းနှင့် ကမ္ဘာ့အပြောင်းအလဲများအကြား ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် အာရုံစိုက်လိုခဲ့သည်။ သို့သော် ဒေသတွင်း တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှု အရှိန်မြှင့်တင်ရန် ရည်မှန်းချက်များမှာ အာဆီယံနှင့် များစွာ အလှမ်းကွာဝေးနေဆဲဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အာဆီယံသည် မြန်မာနိုင်ငံမှ အခြေအနေများကို အဓိပ္ပါယ်ရှိစွာ ဖြေရှင်းနိုင်ခြင်း မရှိသေး၍ ဖြစ်သည်။
မြန်မာ့ငြိမ်းချမ်းရေး ဘာကြောင့် အရေးပါသလဲ။
မြန်မာ့ငြိမ်းချမ်းရေးသည် အာဆီယံအတွက် အရေးပါရခြင်းမှာ အကြောင်းရင်း နှစ်ခုရှိသည်။
ပထမတစ်ခုမှာ လူမှုစီးပွားရေး ဖြစ်သည်။ အာဆီယံသည် စီးပွားရေးတိုးတက်မှု ညီမျှရေးနှင့် ၎င်း၏ အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း ရည်မှန်းချက်များ ပေါင်းစည်းရေး ပြည့်ဝစွာအကောင်အထည်ဖော်ရာ၌ အခက်အခဲရှိနေသည်။ အာဆီယံ စီးပွားရေးအသိုင်းအဝိုင်း ရည်မှန်းချက်သည် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားခြင်း၊ မျှတသော စီးပွားရေးဖွံဖြိုးမှုရှိခြင်း၊ ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းနိုင်ခြင်းတို့နှင့် ပြည့်စုံသည့် တစ်ခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှုအခြေပြုရာအဖြစ် ရည်မှန်းထားသည်။
မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုများ မြင့်တက်လာခြင်းသည် အသိုင်းအဝိုင်းအတွင်း ထိရောက်အကျိုးရှိမှုကို အတားအဆီး ဖြစ်စေသည့် အချက်တစ်ခုဖြစ်ပြီး ၎င်းကို အကောင်အထည်ဖော်ရာတွင်လည်း အကန့်အသတ် ဖြစ်စေသည်။ ယင်းမျှ သာမက လက်ရှိ မြန်မာ့အကျပ်အတည်းသည် စစ်အာဏာရှင်းနှင့် ဆန့်ကျင်သူတို့အကြား ပဋိပက္ခမှ ထွက်ပြေးရသော ဒုက္ခသည်များလည်း ပေါ်ပေါက်လာစေသည်။ ကုလသမဂ္ဂအဆိုအရ မြန်မာလူဦးရေ တစ်သန်းကျော်မှာ ပြည်တွင်း ပြောင်းရွှေ့မှုများ ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။
အာဆီယံအတွက် အစုအဖွဲ့ထက် နိုင်ငံရေးက ပိုမိုအရေးကြီးနေသည်ဟု ယူဆနိုင်ခြင်း ဖြစ်သည်။
ဒုတိယအကြောင်းတစ်ချက်မှာ အာဆီယံအတွက် အစုအဖွဲ့ထက် နိုင်ငံရေးက ပိုမိုအရေးကြီးနေသည်ဟု ယူဆနိုင်ခြင်း ဖြစ်သည်။ မြန်မာ့အကျပ်အတည်းကို မဖြေရှင်းနိုင်ခြင်းသည် အာဆီယံ၏ စုစည်းမှုနှင့် ယုံကြည်ရမှုကို ရေရှည်တွင် ကြီးမားစွာ ထိခိုက်စေမည်ဖြစ်သည်။
အဆက်မပြတ် အရေးနိမ့်မှုများ
အာဏာသိမ်းမှုအပြီး လအတန်ကြာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာစစ်အာဏာရှင်နှင့် ဘုံသဘောတူညီချက် ငါးရပ်ကို သဘောတူမှု ရခဲ့သည်။
၎င်းသဘောတူညီချက်တွင် နိုင်ငံတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူအားလုံး ဆွေးနွေးညှိနှိုင်းရန်၊ အထူးကိုယ်စားလှယ် ခန့်အပ်ရန်၊ အာဆီယံ၏ လူသားချင်းစာနာမှု အထောက်အပံ့များ ပေးအပ်ရန်၊ သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံရန် အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ လာရောက်ရန်တို့ ပါဝင်သည်။
၎င်းသဘောတူညီချက်များမှာ အာဆီယံ၏ မြန်မာ့ပဋိပက္ခဖြေရှင်းရန် ချဉ်းကပ်မှု၏ အဓိက ညွှန်းဆို ကိုးကားဖွယ်ရာများ ဖြစ်သည်။
သို့သော် ယခုအချိန်အထိ စစ်အာဏာရှင်တို့သည် သဘောတူညီချက်များကို လျစ်လျူရှုထားဆဲဖြစ်ကာ အာဆီယံ အဖွဲ့အတွင်း စစ်အာဏာရှင်နှင့် ရှေ့ဆက် မည်သို့ ထိတွေ့ဆက်ဆံမည်ဆိုသည်ကို ကွဲလွဲမှုများ ဖြစ်ပေါ်စေခဲ့သည်။
"မြန်မာတွင် အားလုံးပါဝင်သည့် ဆွေးနွေးမှု" ကို တောင်းဆိုခဲ့သည်မှအပ လေးရက်ကြာ အဆင့်မြင့်အစည်းအဝေးတွင် မြန်မာ့အကျပ်အတည်း ဖြေရှင်းရန် သိသာထင်ရှားသည့် ရလဒ် မရရှိခဲ့ပေ။ ၎င်းတောင်းဆိုချက်ကို ဖော်ဆောင်နိုင်မည့် အချိန်ဇယားနှင့် ရလဒ်များကိုလည်း အစည်းအဝေးအတွင်း ရှင်းလင်းစွာ မရရှိနိုင်ခဲ့ပေ။
ထို့အတွက် အာဆီယံသည် အထူးသဖြင့် အင်ဒိုနီးရှားက ဥက္ကဌရာထူးရယူထားစဉ်အတွင်း ပဋိပက္ခကို ဖြေရှင်းနိုင်မည့် မြင်သာသည့် ငြိမ်းချမ်းရေးတိုးတက်ဖော်ဆောင်မှုများ လုပ်ဆောင်နိုင်စွမ်းကို သံသယများ မြင့်တက်လာစေခဲ့သည်။
ပြီးခဲ့သည့်လက ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် စစ်အာဏာရှင်နှင့် အလွတ်သဘောအစည်းအဝေး၌ "အခြားရွေးချယ် စရာ ဖြေရှင်းချက်များ"ကို ရှာဖွေခဲ့ကြသည်။
ယင်းအစည်းအဝေးကို အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများက အမြင်များ ရောထွေးကွဲပြားစွာ တုံ့ပြန်ခဲ့ကြသည်။ အချို့က အင်ဒိုနီးရှားနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ထိုင်းအစိုးရက ဖျက်ဆီးပစ်သည်ဟု စွပ်စွဲခဲ့ကြသည်။
ယင်းအချိန်တွင်ပင် မြန်မာအတိုက်အခံအဖွဲ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ဝေပြီး အကျပ်အတည်းဖြေရှင်းရေးတွင် အာဆီယံ၏ "အဆက်မပြတ်" အရေးနိမ့်မှုများဟု ဝေဖန်ခဲ့သည်။
ဒေသတွင်းမှမဟုတ်သည့် နိုင်ငံများနှင့် ထိတွေ့ဆက်ဆံခြင်း
အာဆီယံသည် နိုင်ငံတကာ ခေတ်ပြိုင်နိုင်ငံရေးတွင် ဆက်စပ်သက်ဆိုင်မှုရှိကြောင်း သရုပ်ဖော်ပြသနိုင်ရန် အလျင်အမြန် လိုအပ်နေသည်။
မဟုတ်ပါက အာဆီယံသည် မြန်မာပဋိပက္ခကို ၎င်းတို့ချည်းသာ ဖြေရှင်းနိုင်ခြင်းမရှိကြောင်း အသိအမှတ်ပြုရမည်ဖြစ်ပြီး အာဆီယံမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းညှိနှိုင်းရမည်ဖြစ်သည်။
အာဆီယံသည် မြန်မာပဋိပက္ခကို ၎င်းတို့ချည်းသာ ဖြေရှင်းနိုင်ခြင်း မရှိကြောင်း အသိအမှတ်ပြုရမည်ဖြစ်ပြီး အာဆီယံမိတ်ဖက် နိုင်ငံများနှင့် ပူးပေါင်း ညှိနှိုင်းရမည် ဖြစ်သည်။
ဥပမာအားဖြင့် အမေရိကန်နှင့် အနောက်မဟာမိတ်များသည် စစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ခြင်း၊ မြန်မာစစ်အစိုးရကို နိုင်ငံတကာဘဏ္ဍာရေးစနစ် အသုံးမပြုနိုင်စေရန် ကန့်သတ်မှုများ ပြုလုပ်ခဲ့ကြသည်။
၎င်းပိတ်ဆို့အရေးယူမှုများသည် စစ်အာဏာရှင်တို့ကို ဆွေးနွေးပွဲစကားဝိုင်းသို့ တွန်းပို့ပေးကောင်း ပေးနိုင်သော်လည်း အာဆီယံ၏ "ကြားဝင်မစွက်ဖက်ရေး မူဝါဒစည်းမျဉ်း"က မစွမ်းဆောင်နိုင်ပေ။ ၎င်း စည်းမျဉ်းက အာဆီယံနိုင်ငံများကို အခြားနိုင်ငံတစ်ခုချင်းစီ၏ ပြည်တွင်းရေးဝင်ရောက် စွက်ဖက်ခြင်းမှ တားမြစ်ထားသည်။ ပိတ်ဆို့အရေးယူမှုများသည် ၎င်းစည်းမျဉ်းကို ချိုးဖောက်ရာရောက်သည်။
သို့ရာတွင် အာဆီယံသည် ၎င်း၏ ဘုံသဘောတူညီချက်များအတွက် အားထုတ်မှုများကို အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် ချိတ်ဆက်နိုင်သည်။ စစ်အာဏာရှင်တို့က အာဆီယံနှင့် ညှိနှိုင်းမှုတိုးတက်လာလျှင် ပိတ်ဆို့ အရေးယူမှုများကို ဖြေလျှော့ပေးမည်ဟု ကမ်းလှမ်းနိုင်သည်။ ၎င်းခြေလှမ်းသည် အနောက်နိုင်ငံတို့မှ အပြန်အလှန် အသိအမှတ်ပြုမှုနှင့် အားထုတ်လုပ်ဆောင်မှုတို့လည်း လိုအပ်ပါသည်။ ဤသည်မှာ အာဆီယံနှင့် ၎င်း၏ မိတ်ဖက် နိုင်ငံများအကြား မြန်မာ့ပဋိပက္ခဖြေရှင်းရန် ပူးပေါင်းနိုင်သည့် ဥပမာပြဆိုချက်တစ်ခုမျှသာ ဖြစ်သည်။
မြန်မာနိုင်ငံမှ အခြေအနေများ တိုးတက်လာစေရေး မိတ်ဖက်နိုင်ငံများနှင့် ဆက်လက်ကြိုးပမ်းရန် အင်ဒိုနီးရှားအတွက် ဥက္ကဌအဖြစ် အချိန်ကျန်နေသေးပြီး ၎င်း၏ အားကောင်းသည့် သံတမန်ဩဇာကို အသုံးချရန် အချိန်ရှိပါသေးသည်။
ကိုးကား - CNA
ပုံစာ - အောက်တိုဘာ ၂၉ရက်နေ့ ၂၀၂၁ ခုနှစ်က စစ်အာဏာရှင်တို့၏ တပ်ဖွဲ့များ ဗုံးကြဲဖျက်ဆီးခံထားရသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့။ (Photo: STR / AFP)
Top News
လွန်ခဲ့သော ၂ ရက် က