Opinion
ကရင့်တော်လှန်ရေးအတွက် အချိန်အခါကောင်း
လွန်ခဲ့သော တစ်ရက် က
BAP၊ ဩဂုတ် ၂၉။
(အတွေးအမြင်)
စစ်အုပ်စုက ကရင်အမျိုးသားအစည်းအရုံး KNU ကို မတရားအသင်းအဖြစ်ကြေညာကာ အကြမ်းဖက် အဖွဲ့အစည်းအဖြစ်သတ်မှတ်ခဲ့သည်။
ထိုသို့ မကြေညာမီကတည်းက KNU ထိန်းချုပ်နယ်မြေများအတွင်း လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက် ကြီးပစ်ခတ်မှုများရှိနေသည့်အတွက် ယခုကြေညာချက်သည် KNU ကို နိုင်ငံရေးအရ ဖိအားပေးလာခြင်းသာဖြစ်သည်။
KNU သည် ဦးသိန်းစိန်အစိုးရလက်ထက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်-NCA တွင် အစောဆုံးလက်မှတ်ထိုးခဲ့သည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်သည်။
ထို NCA ကြောင့်ပင် KNU ၏ နိုင်ငံရေးဩဇာသည် အခြားသော လက်မှတ်မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ်တွင် အတန်အသင့် လျော့ကျခဲ့သည်။ ထို့အပြင် မိခင်အဖွဲ့အစည်းအတွင်း တွင်လည်း NCA ကိုထောက်ခံသည့် အစုအဖွဲ့နှင့် မထောက်ခံသည့် အစုအဖွဲ့ဟူ၍ သိသိသာသာ ကွဲပြားသွားခဲ့သည်။
နွေဦးတော်လှန်ရေးအစတွင်ပင် KNU ခေါင်းဆောင်ပိုင်းတွင် NCA ကို ဆက်လက်ဆုပ်ကိုင်ထားလိုသည့် အစုအဖွဲ့၊ NCA ပျက်သုဉ်းပြီးဖြစ်သည်ဟူသည်အဖွဲ့ဟူ၍ သဘောထားကွဲမှုများရှိခဲ့သေးသည်။ ထိုအခြေ အနေကို ကောင်းစွာ နားလည်သည့် စစ်တပ်သည် KNU ကို ချော့တလှည့်ချောက်တခါဖြင့် NCA ညွတ်ကွင်းအတွင်း ပြန်ဝင်လာရန် သွေးဆောင်နေခဲ့သည်။
ထို NCA အောက်မှာပင် စစ်အာဏာရှင်ကို လက်နက်စွဲကိုင် တော်လှန်လိုသည့် ဗမာနှင့် အခြား တိုင်းရင်းသားလူမျိုးပေါင်းစုံကို စစ်ရေးလေ့ကျင့်မှုများ အစောဆုံးပေးခဲ့သည့်အပြင် ယခု ပေါ်ပေါက် နေသည့် အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တို့ဖြစ်ပေါ်လာစေရန်လည်း ကူညီဆောင်ရွက်ပေးခဲ့သည်။
KNU နယ်မြေအတွင်း စခန်းသိမ်းတိုက်ပွဲများကို PDF များနှင့်အတူ ဆင်နွှဲခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရေးနိုင်ငံရေး ပူးပေါင်းသူများကို “အကြမ်းဖက်မှုကိုလိုလားသည့် KNU/KNLA အစုအဖွဲ့များ” ဟု မင်းအောင်လှိုင်၏ စစ်တပ်က ခွဲခြား သုံးနှုန်းခဲ့သည်။
မြန်မာ့နွေဦးတော်လှန်ရေးသည် KNU ကို တဖန်အင်အားကောင်းစေရုံမျှမက ကျဆင်းနေသည့် ဩဇာကိုလည်း အဖက်ဆည်နိုင်ခဲ့သည်။
နွေဦးတော်လှန်ရေးအရှိန်အဟုန်မြင့်လာသည့်နှင့်အမျှ ကရင်လူထုအပါအဝင် အခြားတိုင်းရင်းသားတို့၏ စစ်အာဏာရှင် ချုပ်ငြိမ်းရေးလိုအင်ဆန္ဒပြင်းပြမှုများကို KNU လူကြီးများကိုယ်တိုင် သတိပြုမိလာခဲ့သည်။
မင်းအောင်လှိုင်၏ စစ်တပ်သည် လွန်ခဲ့သော နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကဲ့သို့ပင် KNU နှင့် အခြားကရင်လက်နက်ကိုင်များကို သီးခြားခွဲထုတ်သည့် နည်းဗျူဟာကို သုံးလာခြင်းဖြစ်သည်
ယခင်က နီးလျှက်နှင့် ဝေးနေသည့် ကရင်နယ်ခြားစောင့်တပ်-BGF၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် -DKBA အစရှိသည့် ကရင်လက်နက်ကိုင်တို့သည် ကျောချင်းကပ်အနေအထားမှ KNU နှင့် မျက်နှာချင်းဆိုင်ဆွေးနွေးမှုများဖြင့် ပိုနီးကပ်လာခဲ့သည်။
မြန်မာ့နွေဦးသည် အကွဲကွဲအပြားပြားဖြစ်နေသည့် ကရင်လက်နက်ကိုင်များကို စစ်ရေးနိုင်ငံရေးအရ ပေါင်းစည်းမှုများဖြစ်စေရန် တနည်းတဖုံ တွန်းအားပေးခဲ့သည်။
ထိုအခြေအနေကို စစ်တပ်မသိသည်မဟုတ် သိလျှက်နှင့်ပင် ကရင်လက်နက်တို့အား အဖွဲ့ခွဲကာ ဆက်ဆံခဲ့သည်။ KNU တဖွဲ့ထဲမှာပင် လူခွဲကာ ဆက်ဆံခဲ့သည်လည်းရှိသည်။
အခြားတဖက်တွင်လည်း KNU နှင့် ထိတွေ့ဆက်ဆံနေပြီး စစ်တပ်နှင့်လည်း ဆက်ဆံရေးကောင်းများ ရှိနေသည့် ကရင်လက်နက်ကိုင်များကိုပါ မတရားအသင်းကြေညာခံထားရသည့် အဖွဲ့နှင့် ထိတွေ့ ဆက်ဆံမှု မရှိစေရန် ခွဲခြားလိုခြင်းဖြစ်သည်။
စစ်တပ်သည် BGF၊ DKBA တို့အား တိုက်ရိုက်ကိုင်တွယ်မည်ဆိုပါက ရှိရင်းစွဲ နေရာများကို ထပ်မံ ဆုံးရှုံးရနိုင်ခြေများသည့်အပြင် ကရင်လက်နက်ကိုင်များ ယခုထက်ပိုမိုစည်းလုံးသွားပေလိမ့်မည်။
ထို့ကြောင့် မင်းအောင်လှိုင်၏ စစ်တပ်သည် လွန်ခဲ့သော နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကဲ့သို့ပင် KNU နှင့် အခြားကရင်လက်နက်ကိုင်များကို သီးခြားခွဲထုတ်သည့် နည်းဗျူဟာကို သုံးလာခြင်းဖြစ်သည်။
၁၉၉၅ ခုနှစ် DKBA ခွဲထွက်မှုသည် စစ်တပ်စနက် မကင်းသကဲ့သို့ ထိုခွဲထွက်လာသည့် ကရင်လက်နက် ကိုင်များ၏ အင်အားနှင့်ပင် မိခင်အဖွဲ့အစည်းဖြစ်သည့် KNU ၏ ဌာနချုပ်များကို ထိုးစစ်ဆင်ခဲ့သည်။
စစ်တပ်နှင့် DKBA ပူးပေါင်းစစ်ဆင်ရေးကြောင့် KNU ၏ အခိုင်အမာခြေကုပ်စခန်းများကို ထိုအချိန်က လက်လွှတ်ခဲ့ရသော်လည်း KNU သည် ကရင့်တော်လှန်ရေးအတွင်းမှ ထွက်ခွာသွားခြင်းမရှိသည့်အပြင် ရသမျှအင်အားကို စုဖွဲ့ခဲ့သည်။
ယခုဆိုလျှင် KNU သည် ၎င်း၏ အင်အားနှင့် ဩဇာကို ပြန်လည်ထူထောင်ပြီးဖြစ်ကာ နွေဦးတော်လှန်ရေးတွင် စစ်တပ်နှင့်လည်း အတိအလင်း ရန်ငါ ပြတ်စဲသွားပြီဟု ဆိုရပေမည်။
စစ်တပ်က ကရင်အမျိုးသားအစည်းအရုံး-KNU ကို မတရားအသင်းကြေညာလိုက်ခြင်းက KNU အတွင်း NCA ဖက်တွယ်ထားလိုသည့် အင်အားစုကို အလိုလို နောက်ပို့လိုက်သကဲ့သို့ဖြစ်စေပေလိမ့်မည်။
စစ်တပ်၏ သပ်လျိုသွေးခွဲမှုသည် ကရင်လက်နက်ကိုင်များအချင်းချင်း ပိုမိုနီးကပ်ရမည့်အပြင် ကိုယ်ကျိုး စီးပွားများကို ခေါက်သိမ်း၍ ဘုံရန်သူကို အံတုရမည့်အချိန်ပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယခု အချိန်သည် ကရင့်တော်လှန်ရေး၏ အချိန်ကောင်း အခွင့်အလမ်းကောင်း ဖြစ်နေသောကြောင့်ပင်။
သံချေးသည် သံကိုဖျက်သကဲ့သို့ ကရင်များအကွဲအပြဲဖြစ်ခဲ့ရပြီး တော်လှန်ရေးအရောင်မှိန်ခဲ့သည့် သင်ခန်းစာကို ကရင်များကိုယ်တိုင်လည်း သင်ယူခဲ့ရပြီးဖြစ်သည်။
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော တစ်ရက် က