Politics
တရုတ်သမ္မတ ရှီ အနောက်နိုင်ငံများကို အံတု၍ ‘ဖရိုဖရဲ ဝင်ရိုးတန်း’ နိုင်ငံများနှင့် စစ်ရေးပြအခမ်း အနား တွင် တွေ့မည်
လွန်ခဲ့သော တစ်ရက် က
BAP၊ ဘာသာပြန်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အနောက်နိုင်ငံများကို ဆန့်ကျင်ရာတွင် ညီညွတ်ကြောင်း ပြသသည့်အနေဖြင့် ကမ္ဘာ့ ဒဏ်ခတ်အရေးယူမှု အပြင်းထန်ဆုံး ခံရသည့်နိုင်ငံများဖြစ်သော ရုရှား၊ မြောက်ကိုးရီးယား၊ အီရန်နှင့် မြန်မာတို့မှ ခေါင်းဆောင်များ ခြံရံလျက် စစ်ရေးပြအခမ်းအနားတစ်ခုကို ဘေဂျင်းတွင် လာမည့်အပတ်အတွင်း ကျင်းပသွားမည်ဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်၊ မြောက်ကိုးရီးယားမှ ကင်ဂျုံအန်တို့သည် စက်တင်ဘာ ၃ ရက်နေ့တွင် ဂျပန်နိုင်ငံ တရားဝင်လက်နက်ချပြီးနောက်ပိုင်း ဒုတိယကမ္ဘာစစ် အဆုံးသတ်သည့် နှစ်ပတ်လည်အဖြစ် ကျင်းပသော “Victory Day” စစ်ရေးပြချီတက်ပွဲသို့ တက်ရောက်မည်ဖြစ်သည်။ ၎င်းတို့နှစ်ဦးကို သမ္မတ ရှီနှင့် လူအများမြင်ကွင်းတွင် ပထမဦးဆုံး တွေ့မြင်ရခြင်းဟု Reuters က ဖော်ပြထားသည်။
အီရန်သမ္မတMasoud Pezeshkian လည်း စင်မြင့်ပေါ်တွင် ရှိနေမည်ဟု မျှော်လင့်ရပြီး နိုင်ငံခြား ခရီးသွားလာမှု နည်းပါးသည့် မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်လည်း အခမ်းအနားသို့ တက် ရောက်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ပြောသည်။
စစ်ရေးပြအခမ်းအနားသို့ တက်ရောက်မည့် နိုင်ငံခြားအစိုးရ အကြီးအကဲ ၂၆ ဦးတွင် အနောက်နိုင်ငံများမှ ခေါင်းဆောင်များ ပါဝင်ခြင်း မရှိသလောက်ပင်ဖြစ်သည်။ အနောက်နိုင်ငံများဦးဆောင်သည့် ကမ္ဘာ့ စီစဥ်ကြီးစိုးမှုကို ပြောင်းလဲပုံဖော်လိုသည့် နိုင်ငံများအပေါ် လွှမ်းမိုးနိုင်ကြောင်း သမ္မတရှီ၏ သရုပ်ဖော်မှုဟု နိုင်ငံရေးအကဲဖြတ်လေ့လာသူများက ဆိုသည်။
“ရှီကျင့်ဖျင်က သူဟာ အလွန် အင်အားကြီးတယ်၊ တရုတ်နိုင်ငံမှာ အာဏာပြင်းနေသေးတယ်၊ လူတွေ လက်ခံနေကြသေးတယ်ဆိုတာကို ပြသဖို့ ကြိုးစားနေတာပါ။” ဟု စင်ကာပူ အမျိုးသားတက္ကသိုလ်၊ လီကွမ်ယူ ပြည်သူ့မူဝါဒရေးရာကျောင်း တွဲဖက်ပါမောက္ခ Alfred Wu က ပြောသည်။
“ရှီက ဒေသတွင်းဦးဆောင်သူအဖြစ်ပဲ ရှိခဲ့စဥ်က သူက ပူတင်ကို သူလေ့လာသင်ယူရမယ့် ခေါင်းဆောင်မျိုးဖြစ်တယ်ဆိုပြီး တလေးတစား မော့ကြည့်ခဲ့ရတာပါ။ အခု သူ ကမ္ဘာ့ခေါင်းဆောင် ဖြစ်လာပြီ။ ကင်ဂျုံအန် သူ့ဘေးမှာ ရှိနေတယ်ဆိုတာက ရှီလည်း အခုအခါ ကမ္ဘာ့ခေါင်းဆောင် ဖြစ်လာပြီဆိုတာ အလေးပေးပြသနေတာဖြစ်ပါတယ်။”
အနောက်နိုင်ငံများ ဦးဆောင်သည့် ကမ္ဘာ့အစီအစဥ်ကြီးစိုးမှုကို ပြောင်းလဲပုံဖော်ရန် လျော့တိလျော့ရဲ စုဖွဲ့ထားသော နိုင်ငံများသည် အမေရိကန်အကျိုးစီးပွား အားနည်းယုတ်လျော့စေရန်အတွက် ထိုင်ဝမ်အရေး၊ သင်္ဘော လမ်းကြောင်းများ ပိတ်ဆို့ခြင်းတို့ ပြုလုပ်ခဲ့ကာ အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုကို အားနည်းပျက်ပြယ်စေရန် အချင်းချင်း စီးပွားရေးအသက်သွေး ကြောများ ထောက်ပံ့ပေးခဲ့ကြသည်ဟု လေ့လာအကဲဖြတ်သူများက ဆိုသည်။
ဘေဂျင်းအခမ်းအနားသို့တက်ရောက်မည့် အနောက်နိုင်ငံအစိုးရ ခေါင်းဆောင်နှစ်ဦးမှာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဆလိုဗက်ကီးယား ဝန်ကြီးချုပ် Robert Fico နှင့် ဆားဗီးယား သမ္မတ Aleksander Vucic တို့နှစ်ဦးသာ ရှိသည်။
Fico သည် ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများကို ဆန့်ကျင်ခဲ့သူဖြစ်ဖြစ်ပြီး ဥရောပသမဂ္ဂနှင့် အတိုက်အခံပြုကာ မော်စကိုသို့ သွားရောက်လည်ပတ်သူဖြစ်သည်။ Vucic သည်လည်း မေလက မော်စကိုသို့ သွားရောက်ခဲ့ပြီး ရုရှား၊ တရုတ်တို့နှင့် ဆက်ဆံရေး ကောင်းမွန်လိုသော်လည်း ဆားဗီးယားနိုင်ငံက ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန် ကတိပြုအားထုတ်နေဆဲဖြစ်သည်ဟု ဆိုသည်။
■ မဟာဗျူဟာ မိတ်ဖက်
တရုတ်အစိုးရက မဟာဗျူဟာ မိတ်ဖက်အဖြစ် သတ်မှတ်ထားသော ရုရှားနိုင်ငံသည် ၂၀၂၂ ခုနှစ် ယူကရိန်းကျူးကျော်မှုနောက်ပိုင်း အနောက်နိုင်ငံများ၏ အကြိမ်ကြိမ်ဒဏ်ခတ်အရေးယူမှုများ ခံထားရပြီး စီးပွားရေးကျဆင်းမှု အစွန်းသို့ ကျရောက်နေသည်။
ယူကရိန်းမှ ကလေးသူငယ် ရာပေါင်းများစွာကို ရုရှားသို့ တရားမဝင် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် စစ်ရာဇဝတ်မှုအတွက် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံးမှ အလိုရှိနေသည့် ပူတင်သည် တရုတ်နိုင်ငံသို့ ၂၀၂၄ ခုနှစ်က နောက်ဆုံးလာရောက်ခဲ့သည်။
တရုတ်နိုင်ငံ၏ တရားဝင်သဘောတူညီမှုရယူထားသည့် မဟာမိတ် မြောက်ကိုးရီးယားသည် နျူကလီးယားလက်နက်များနှင့် ပဲ့ထိန်းဒုံးကျည်များထုတ်လုပ်မှုတို့ကြောင့် ၂၀၀၆ ခုနှစ်ကပင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဒဏ်ခတ်အရေးယူမှုများခံထားရသည်။ ကင်က တရုတ်နိုင်ငံသို့ ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးလာရောက်ခဲ့သည်။
ကမ္ဘာ့ ဒုတိယစီးပွားရေးအကြီးဆုံး နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ဒဏ်ခံအရေးယူခံထားရသည့် အီရန်ရေနံတင်ပို့မှု ၉၀% ကို ဝယ်ယူခဲ့သည်။ ထို့ပြင် လေအားလျှပ်စစ်တာဘိုင်များ၊ ဆေးဘက်ဆိုင်ရာ စက်ကိရိယာများ၊ လျှပ်စစ်မော်တော်ယာဥ်များထုတ်လုပ်ရာတွင် အရေးပါသော မြေရှားသတ္တုများကို မြန်မာနိုင်ငံမှ ဆက်လက်ရရှိနေသည်။
အခမ်းအနားသို့ တက်ရောက်မည့် အခြား ခေါင်းဆောင်များတွင် ဘယ်လာရုစ်သမ္မတAleksandr Lukashenko၊ အင်ဒိုနီးရှားသမ္မတ Prabowo Subianto နှင့် တောင်ကိုးရီးယား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Woo Won-shik တို့ ပါဝင်သည်ဟု တရုတ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Hong Lei က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။
ကုလသမဂ္ဂမှ Under-Secretary-General Li Junhua က တက်ရောက်မည်ဖြစ်သည်။ သူသည် ယခင်က အီတလီ၊ San Marino နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတာဝန်များအပါအဝင် တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ်ဟောင်းYukio Hatoyama စစ်ရေးပြအခမ်းအနားသို့ တက်ရောက်မည်ဟု Hong က ပြောသည်။ ၎င်းက ဒုတိယကမ္ဘာစစ်မှ အင်အားကြီးဝင်ရိုးတန်းနိုင်ငံများဖြစ်သည့် အီတလီနှင့် ဂျာမနီနိုင်ငံများမှ လာရောက်မည့်သူများ ရှိ၊ မရှိ ဖော်ပြခဲ့ခြင်း မရှိပေ။
ကိုးကား - Reuters
ပုံစာ - ဩဂုတ်လ ၂၀ ရက်နေ့ ၂၀၂၅ ခုနှစ် ဒုတိယကမ္ဘာစစ် အဆုံးသတ်သည့် နှစ် ၈၀ ပြည့် စစ်ရေးပြချီတက်ခြင်းအခမ်းအနားမတိုင်မီ တွေ့မြင်ရေသော တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ စစ်သားများ။ REUTERS/Maxim Shemetov/File Photo
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော တစ်ရက် က