Opinion
စပ်ဖြဲဖြဲဖြစ်သွားသော မြန်မာ့ မီဒီယာများ
လွန်ခဲ့သော ၉ နာရီ က
■ BAP၊ ဩဂုတ် ၆။
ပြည်ပကျောထောက်နောက်ခံရှိပြီး ပြည်တွင်းမှာ ယနေ့အထိအခြေစိုက်တဲ့ နိုင်ငံတကာမီဒီယာကြီးတခုရဲ့သတင်းထောက်ကို စစ်တပ်ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တုန့်ပြန်မေးခွန်း မေးတဲ့အခါ သတင်းထောက်က စပ်ဖြဲဖြဲ ဖြစ်သွားတာကို အားလုံးသတိပြုမိကြမှာပါ။
တကယ်တော့ အာဏာသိမ်းပြီးထဲက မြန်မာ့သတင်းမီဒီယာတွေ စပ်ဖြဲဖြဲဖြစ်နေတာအတော်လေးကို ကြာပါပြီ။
ပြည်တွင်းမှာ ကျန်နေခဲ့တဲ့ သတင်းဌာနတွေဟာ စစ်တပ်ကို စပ်ဖြဲဖြဲဆက်ဆံရသလို တော်လှန်ရေး နယ်မြေတွေထဲက သတင်းထောက်တွေဟာလည်း တော်လှန်ရေးအဖွဲ့တွေနဲ့တွေ့ရင် စပ်ဖြဲဖြဲပဲ နေကြရ ပါတယ်။
• သတင်းမီဒီယာဆိုတာ ဘာလဲ
ပညာရပ်ဆိုင်ရာစကားလုံးတွေမသုံးဘဲ လွယ်ကူရိုးရှင်းပြောရရင် လူတွေရဲ့ နေ့စဉ်ဘဝတွေမှာ စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ အကူအညီပေးဖို့ဖြစ်ပါတယ်။
ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ မိုးလေဝသ နိုင်ငံတကာရေးရာ စတဲ့ အကြောင်းကိစ္စတွေကို ဖော်ပြကြတဲ့အခါ သတင်းစားသုံးသူတွေက အဲဒီကရတဲ့ အချက်အလက်တွေနဲ့ နေ့စဉ်ဘဝရဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လေ့ရှိကြပါတယ်။
• သတင်းမီဒီယာကို လူတွေ ဘယ်လိုနားလည်ထားသလဲ
ယခင်ကရော ယခုပါ သတင်းမီဒီယာကို လူတိုင်းအလွယ်နားလည်ကြတာက “ဘက်မလိုက်ရဘူး” ဆိုတာပါပဲ။
ဒါဆို သတင်းတွေဟာ တကယ်ပဲ ဘက်မလိုက်ကြဘူးလား။
သတင်းရေးသားသူတွေ၊ သတင်းဌာန ထူထောင်သူတွေ၊ သတင်းဌာနကို ကျောထောက်နောက်ခံ ပေးတဲ့အဖွဲ့အစည်းတွေမှာရှိတဲ့ လူတွေဟာ လူသားတွေဖြစ်တာကြောင့် သတင်းတွေဟာ ဘက် မလိုက်ဘူးလို့ဆိုရင် သိပ်တော့ ယုတ္တိမတန်ပါဘူး။
သတင်းမီယာတွေကိုယ်တိုင် ဘက်တခုကို ရွေးချယ်မှုဟာ အာဏာသိမ်းအပြီးမှာ ပိုပြီး သိသာထင်ရှား လာပါတယ်။
စစ်တပ်အာဏာသိမ်းပြီးပြီးချင်း မြန်မာ့သတင်းမီဒီယာတွေကြားမှာ “ဓမ္မ” နဲ့ “အဓမ္မ” ဆိုပြီး ဘက် နှစ်ခု ပေါ်လာခဲ့ပါတယ်။
ရိုးရိုးလေးပြောရင် စစ်တပ်အာဏာသိမ်းတာကို ထောက်ခံတဲ့အစုအဖွဲ့ရယ် မထောက်ခံတဲ့ အစုအဖွဲ့ရယ်ဆိုပြီးဖြစ်ပါတယ်။
ဒီကြားထဲမှာပဲ ဘယ်လိုအုပ်စိုးသူဘဲဖြစ်ဖြစ် အဲဒီအောက်မှာနေထိုင်ပြီး သတင်းအလုပ်တွေကို လုပ်မယ်ဆိုတဲ့ တတိယ အုပ်စုလည်း ပေါ်လာပါတယ်။
-• စစ်တပ်ကို မထောက်ခံတဲ့ အစုအဖွဲ့
စစ်တပ်အာဏာသိမ်းတာကို မထောက်ခံတဲ့ သတင်းမီဒီယာတွေက ပြည်တွင်းမှာ လုံးဝမရှိတော့ဘဲ တော်လှန်ရေးနယ်မြေမှာ၊ နယ်စပ်မှာ နိုင်ငံရပ်ခြားတွေမှာ ရပ်တည်နေကြရပါပြီ။
သူတို့တွေ ထွက်သွားတဲ့အကြောင်းရင်းကလည်း စစ်တပ်ကြောင့်ပဲဖြစ်တာမို့ သတင်းတွေရေးသားရာမှာ စစ်တပ်နဲ့ပတ်သတ်တဲ့ မတရားမှုတွေကိုပဲ အသားပေးဖော်ပြကြပါတယ်။
စစ်တပ်ကို မုန်းရင်ပြီးရောဆိုပြီး စကားလုံးအသုံးအနှုန်းတွေကို ဖောဖောသီသီ သုံးစွဲလာကြတဲ့အထိပါပဲ။
• စစ်တပ်ထောက်ခံတဲ့ အစုအဖွဲ့
စစ်တပ်ထောက်ခံတဲ့အစုအဖွဲ့က ပြည်တွင်းမှာပဲ ရှိနေပြီး စစ်တပ်ရဲ့ ဝါဒဖြန့်မှုတွေမှာ သိသိသာသာရော မသိမသာပါ ပါဝင်နေကြပါတယ်။
စစ်တပ်မကြိုက်တဲ့ အသုံးအနှုန်း၊ သတင်းဖော်ပြမှုတွေကို ရှောင်ရှားပြီး အတိုက်အခံတွေရဲ့ လုပ်ရပ်တွေကို အသားပေးဖော်ပြသလို တိုင်းပြည်ဟာ ထင်သလောက်လည်း မဆိုးသေးပါဘူးဆိုတဲ့ ပုံစံမျိုးရေးသား ကြပါတယ်။
• တတိယ အစုအဖွဲ့
တတိယအစုအဖွဲ့က ဒုတိယအစုအဖွဲ့နဲ့ ဆင်ယောင်ယောင်လေးရှိပါတယ်။
ဘယ်သူတွေ အုပ်ချုပ်အုပ်ချုပ် သတင်းမီဒီယာအလုပ်ကိုပဲ ဆက်လုပ်မယ်၊ ပြည်တွင်းမှာလည်း နေမှ သတင်းတွေရနိုင်တာမျိုးရှိတဲ့အတွက် စစ်တပ်မကြိုက်တဲ့ အသုံးအနှုန်းတွေ ရှောင်ရှားမယ်ဆိုပြီး ဖြစ်ပါတယ်။
ဒီနေရာမှာ ပြည်ပအခြေစိုက် နိုင်ငံတကာသတင်းဌာနတွေက စစ်တပ်ရဲ့ မတရားမှုအကြောင်းသတင်းတွေ ဖော်ပြရာမှာ ပြည်တွင်းမှာရှိမနေတဲ့ သတင်းထောက်တွေကိုပဲ အသုံးချပြီး သတင်းတွေ တင်ဆက်ကြ ပါတယ်။ ဒါက သတင်းထောက်တွေရဲ့ လုံခြုံရေးလည်းပါသလို ပြည်တွင်းမှာ ရသလောက် ဆက်ပြီး ရပ်တည်နိုင်ဖို့ဖြစ်ပါတယ်။
စစ်တပ်ကလည်း သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတကာကသိအောင် လုပ်ပေးနိုင်တဲ့ အစုအဖွဲ့အဖြစ် လက်တဆုပ်မပြည့်တဲ့ နိုင်ငံတကာသတင်းဌာနတွေကို ပြည်တွင်းမှာ အခြေစိုက်ခွင့် ပေးထားပါတယ်။ ဒါက စစ်တပ်အတွက်ရော အဲဒီလို ရပ်တည်နေတဲ့ သတင်းဌာနအတွက်ရော နှစ်ဖက်စလုံး အကျိုးများစေပါတယ်။
တခုရှိတာက တတိယအုပ်စုထဲမှာပဲ သတင်းမီဒီယာအရေခြုံထားတဲ့ ဝါဒဖြန့်ချိရေးသမားတွေလည်း ပါနေပါတယ်။
သူတို့ဟာ မီဒီယာသမားစစ်စစ်ဆိုတဲ့ အရေခွံအောက်ကနေ စစ်တပ်ကို ပါးပါးလေး ဝေဖန်ပြီး အတိုက်အခံတွေကို ပေါ်ပေါ်တင်တင် ရှုတ်ချရေးသားပြောဆိုတာမျိုးတွေလုပ်ပါတယ်။
စစ်တပ်ရဲ့ မဆင်မခြင်လုပ်မှုကြောင့် ဘေးဒုက္ခရောက်ရတဲ့ ပြည်သူတွေကို လျစ်လျူရှုပြီး ဒီလို ဖြစ်ရတာ အားလုံးသည် အတိုက်အခံတော်လှန်ရေးအင်အားစုရဲ့ အပြစ်သာဖြစ်တယ်လို့ ပြောဆို ရေးသား ကြပါတယ်။
• ဒီကာလမှ လူတွေ သတင်းတွေကို ဘယ်လိုစားသုံးနေရသလဲ
အာဏာသိမ်းပြီး ၁ နှစ်နီးပါးလောက်ထဲက စစ်တပ်ရဲ့ ဖိနှိပ်မှုကြောင့်ရော၊ သတင်းဌာနတွေရဲ့ သူ့ဘက်ကိုယ့်ဘက် ဘက်ရွေးရေးသားမှုတွေကြောင့်ရော လူတွေဟာ သတင်းတွေနဲ့ ခပ်ဝေးဝေးမှာ နေလာကြပါတယ်။
သတင်းတွေလိုက်ဖတ်ကြည့်ရင်လည်း ဟိုဘက် ဒီဘက် အပြန်အလှန်ရိုက်နေတဲ့ တင်းနစ်ပွဲတခုကို မြင်နေရမှာပါ။
စစ်တပ်ကို ထောက်ခံရေးသားသူတွေကိုပဲ သတင်းမီဒီယာလို့ စစ်တပ်က ရှုမြင်သလို အတိုက်အခံတွေရဲ့ အောင်ပွဲတွေကိုပဲ ဖော်ပြတဲ့ မီဒီယာတွေကိုလည်း “ကိုယ့်လူ” ဆိုပြီး လက်ခံလာကြပါတယ်။
အဲဒီကြားထဲမှာမှ ဘာမှ မသိချင်တော့ဘူးဆိုပြီး လက်လျှော့လိုက်တဲ့ ပြည်တွင်းသတင်းစားသုံးသူတွေဟာ သတင်းတွေမပါတော့ဘဲ သူတို့နေ့စဉ်ဘဝကို ဆက်သွားဖို့ ရွေးချယ်လာကြပါတယ်။
• သတင်းမီဒီယာတွေ မလိုတော့ဘူးလား
သတင်းမီဒီယာရဲ့ အခြေခံအကျဆုံးတာဝန်က အုပ်ချုပ်သူ အုပ်ချုပ်ခံတွေရဲ့ အကြား တံတားတစင်းလို ပေါင်းကူးပေးရတာဖြစ်ပါတယ်။
အစိုးရနဲ့ ပြည်သူကို အပြန်အလှန်ထိန်းကျောင်းပေးရတဲ့ နေရာမှာရှိပါတယ်။
ဒီလို အပြန်အလှန်ထိန်းကျောင်းမှုဆိုတာ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အစိုးရတရပ်ဆိုရင် သတင်းမီ ဒီယာရဲ့ ကဏ္ဍဟာ ထင်သာမြင်သာရှိမှာဖြစ်ပေမဲ့ အာဏာရှင်တွေ ကြီးစိုးထားတဲ့နေရာမှာတော့ ထင်သလောက် အရာမရောက်နိုင်ပါဘူး။ သတင်းတွေသာ ဖတ်နေရပြီး လက်ရှိဘဝတွေ သိသာထင်ရှားစွာ ပြောင်းမလာတဲ့အခါ လူတွေက သတင်းတွေကို စိတ်ကုန်လာပါတယ်။
တဖက်မှာလည်း လူတွေရဲ့ နေ့စဉ်ဘဝကို အထောက်အကူမဖြစ်တဲ့ သတင်းတွေ ဖောင်းပွလာခြင်းဟာ အရည်အချင်းရှိတဲ့ သတင်းမီဒီယာသမားတွေ ရေရှည် ရပ်တည်ရေးကိုပါ ထိခိုက်လာစေပါတယ်။
စစ်တပ်ဘက်ကရော အတိုက်အခံကပါ သတင်းမီဒီယာကို “စပ်ဖြဲဖြဲ” ဆိုတဲ့နေရာမှာပဲ ရှိစေချင်ပါတယ်။
ဒါမှလည်း သူတို့ရဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်လို့ရနိုင်မှာပါ။
Photo: Cartoon Movement - Freedom of Expression by Mohammad Saba’aneh
Top News
လွန်ခဲ့သော ၉ နာရီ က
လွန်ခဲ့သော ၉ နာရီ က