Urban Life
ကြပ်တည်း မြို့တော်
လွန်ခဲ့သော တစ်ရက် က
BAP၊ ဩဂုတ် ၂၈။
ရန်ကုန်မြို့ရှိ ပြည်သူများသည် အထွေထွေအကြပ်အတည်းနှင့် မလုံခြုံမှုများကြားတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုများကို ခံစားနေကြရသည်။
“မီးပွိုင့်”
မူလတန်းအရွယ် မီးမီးသည် မနက်ပိုင်းကျောင်းတက်ပြီး ညနေပိုင်းဆိုလျှင် ရန်ကုန်မြို့ ဆူးလေမီးပ္ပိုင့်၌ မီးနီမိနေသည့် ကားများထံမှ လိုက်လံတောင်းရမ်းတတ်သည်။ ၎င်း၏ အဒေါ်ဆိုသူက သူ့ကို လှမ်းမြင်ရနိုင်သည့် မီးပွိုင့်အနီးမှ ပလက်ဖောင်းပေါ်တွင် ငုတ်တုတ်ထိုင်လျှက်ရှိသည်။
တောင်းရမ်းနေစဥ် အသက် ၄၀ ဝန်းကျင်အရွယ်အမျိုးသားတဦးက မီးမီးထံသို့ စကားလာပြောသည်။ ညရောက်လျှင် လာခေါ်မည်ဖြစ်ကြောင်းပြောပြီး ထွက်သွားသည်။ ယင်းအမျိုးသားသည် ၎င်း၏ ဦးလေး ဖြစ်သည်ဟု မီးမီးကဆိုသည်။
မီးမီးသည် မီးရထားဝင်းအတွင်းနေထိုင်ပြီး ယင်းအနီးမှ မူလတန်းကျောင်းတွင် ဒုတိယတန်း တက်နေသည်ဟု ဆိုသည်။ မီးမီးအသားတွေက ဖြူကာသန့်နေသည်၊ လမ်းတွင်နေထိုင်တောင်းရမ်းသည့် ကလေးအများစုကဲ့သို့ ညစ်နွမ်းနေခြင်းမရှိပေ။
ရန်ကုန်မြို့ရှိ ကလေးအများအပြားသည် ဤကဲ့သို့သော ကလေးတဦးနှင့် မသက်ဆိုင်သင့်သော နိစ္စဓူဝကိစ္စများကို ရင်ဆိုင်နေကြရသည်။
ကုလသမဂ္ဂ၏ ဇွန်လအတွင်းထွက်ရှိခဲ့သော မြို့ပြဆင်းရဲမွဲတေမှုအစီရင်ခံစာတွင် လက်ရှိကာလတွင် ရန်ကုန်မြို့နေ ပြည်သူများ၏ နှစ်သန်းခွဲကျော် (၂ ဒသမ ၇ သန်း) သည်ဆင်းရဲမွဲတေမှုကို ခံစားနေရပြီး ထိုသူတို့၏ ဆင်းရဲမွဲတေမှု သည်လည်း နက်သည်ထက် နက်လာသည်ဟု ဖော်ပြထားသည်။
ရန်ကုန်မြို့ရှိ ဆင်းရဲသောမိသားစုများအတွင်း၌ ကလေး ၁၇ ရာခိုင်နှုန်းသည် ကျောင်းမတက်ကြဘဲ အိမ်ထောင်စု ၂၇ ရာခိုင်နှုန်းသည် ၎င်းတို့ကလေးများကို မိသားစုဝင်ငွေရှာဖွေရာတွင် ပါဝင်စေလေ့ရှိသည်ဟု ထိုစစ်တမ်းက ဆိုထားသည်။
“အသက်မွေးဝမ်းကြောင်းအတွက်လည်း ရုန်းကန်ရ၊ လုံခြုံရေးလည်းစိုးရိမ်ရ၊ ငွေရေးကြေးရေး အခက်အခဲကိုလည်း ပူပန်ရ စတဲ့ဖိအားတွေအောက်က ထိုမိသားစုများအတွက်တော့ ပညာရေး၊ကျောင်း တက်ရေးဆိုသည်မှာ ဦးစားပေး အရာတခုလည်းမဟုတ်တော့ပေ” ဟု စစ်တမ်းတွင် ဖော်ပြထားသည်။
ရန်ကုန်ရှိ ဆင်ခြေဖုံးမြို့နယ်များနှင့် ဆင်းရဲနွမ်းပါးသည့် ရပ်ကွက်မှ ကလေးများသည် ဆင်းရဲမွေတေမှု အကြပ်အတည်းကြောင့် ပညာရေးဆုံရှုံးရသည်။ ကျောင်းတက်နေရသည့်ကလေးများတွင်လည်း ပညာရေးစနစ် ရပ်တန့်သွားသည့် နောက်ဆက်တွဲကြောင့် စာသင်ကြားမှုအခက်အခဲများကို ခံစားကြရသည်။
ဒေါ်သန္တာ၏ ၁၁ နှစ်အရွယ်သမီးငယ်သည် မူလတန်းစတင်ရမည့်အရွယ်၌ စစ်အာဏာသိမ်းမှုနှင့်ကြုံတွေ့ခဲ့သည်။ ဒေါ်သန္တာသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ပြည်သူတဦးဖြစ်သည့်အလျောက် စီဒီအမ် ဆရာ/မနှင့် ကျောင်းသား/ သူအများအပြားကဲ့သို့ပင် တော်လှန် ရေးပြီးသည့်အချိန်မှသာ ၎င်း၏သမီးကို ကျောင်းထားရန်ဆုံး ဖြတ်ခဲ့သည်။
“ တော်လှန်ရေးက နှစ်နှစ် သုံးနှစ်အတွင်း ပြီးမယ်ထင်တာပေါ့” ဟု ဒေါ်သန္တာက ဆိုသည်။
၂၀၂၄ ခုနှစ်ရောက်သည့်အချိန်တွင်တော့ ဆယ်နှစ်အရွယ်ရောက်ပြီဖြစ်သည့် အတန်းကျောင်းလုံးဝမတက်ရသေးသည့် သမီးဖြစ်သူအား ကျောင်းထားရန် ပူရပါတော့သည်။ အတန်းနောက်ကျပြီးမှ ကျောင်းထားသည်ဖြစ်သောကြောင့် ကလေးမှာ စာလိုက်ရာတွင်အခက်အခဲရှိနေသည့်အပြင် လူမှုဆက်ဆံရေးတွင်လည်း လူတောမတိုးဟု ဒေါ်သန္တာက ထင်သည်။
“ရာဇဝတ်မြို့တော်”
ရန်ကုန်မြို့ရှိ လူကြီးများသည်လည်း အလုပ်အကိုင်ရှားပါးမှု၊ လုပ်အားခလစာနှင့် အခြေခံကုန်ဈေးနှုန်းကွာဟချက် ကြီးမှု၊ မလုံခြုံမှုတို့ကြောင့် စိတ်ပိုင်း ရုပ်ပိုင်းထိခိုက်ခံစားကြရသည်။
စက်မှုဇုန်အများအပြားတည်ရှိရာ တောင်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ စသည့် ဆင်ခြေဖုံးမြို့နယ်များတွင် စစ်ကောင်စီတပ်၏ စစ်သားစုဆောင်းရေး အဖမ်းအဆီး၊ ပေါ်တာဆွဲသည့် အဖမ်းအဆီးသတင်းများကို မကြာခဏကြားရသည်။
UNDP ၏ အစီရင်ခံစာတွင် ဆင်ခြေဖုံးမြို့နယ်များ၌ နေထိုင်သည့်သူများအနက် ၄၄ ရာခိုင်နှုန်းသည် ညနေပိုင်း များ၌ပင် တဦးတည်း လမ်းလျှောက်လျှင်ပင် မလုံခြုံမှုခံစားရကြောင်း ဖြေကြားကြသည်ဟုဆိုထားသည်။
ထူပြောလာသည့် ရာဇဝတ်မှုများ၊ ငွေကြေး လုယက်မှုများ၊ အာဏာပိုင်များ၏ အာဏာအလွဲသုံးစား အနှောက် အယှက်များအပေါ်စိုးရိမ်ထိတ်လန့်မှုတိုးလားခြင်းသည် လူအများလွတ်လပ်စွာလှုပ်ရှားသွားလာမှုအား အကန့်အသတ် ဖြစ်စေပြီး အလုပ်အကိုင်ရှာဖွေရန်နှင့် အရေးကြီးသော ဝန်ဆောင်မှုများကို ရယူရာတွင် အကန့်အသတ်များ ပေါ်လာစေသည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
Global Organized Crime Index တွင် မြန်မာနိုင်ငံသည် မှုခင်းအဖြစ်အများဆုံးနိုင်ငံအဖြစ် ပထမနေရာတွင် ရပ်တည်နေသည်။ ကိုလံဘီယာနှင့် မက္ကဆီကိုတို့သည် မြန်မာနောက်မှလိုက်သည်။
ရန်ကုန်မြို့လမ်းပေါ်များတွင် မနက်ခင်း လူရှင်းသည့်နေရာ၌ လူမသိသူမသိ ဖမ်းခေါ်ခံရခြင်းများလည်း ရှိသကဲ့သို့ ညအချိန်ဆွဲခေါ်ခံရခြင်းများကိုလည်း မကြာခဏကြားရသည်။
အသက် ခြောက်ဆယ်ဝန်းကျင်ရှိ ဒေါ်မာမာ သည်လမ်းပေါ်တွင် မနက်ပိုင်းအလုပ်သွားချိန် ပေါ်တာဆွဲခံလိုက်ရသည့် သားဖြစ်သူများ လိုက်လံရှာဖွေနေသည်မှာ သုံးရက်ခန့်ရှိချေပြီ။ ရဲစခန်းမှ တဆင့် စစ်ကြောရေးများ နှင့် ဌာနအလိုက် လိုက်လံစုံစမ်းနေရာ ၎င်းတွင် လမ်းစရိတ်ပင်မရှိတော့သဖြင့် လမ်းစရိတ်အနည်းငယ်ရရန် တောင်းရမ်းနေခဲ့မိသည်။
“ဘုရင့်နောင် စစ်ကြောရေးမှာတဲ့၊ လိုက်သွားဖို့ ကားခ နှစ်ရာပဲရှိတော့တယ်။ ရဲစခန်းကလူတွေကလည်း ကောင်းကောင်းမပြောကြဘူး၊ ငေါက်လွှတ်တယ်၊ လိပ်စာနှစ်ခါမေးလို့တဲ့” ဟု ဒေါ်မာမာက တိုးတိုးသာဆိုသည်။
သူ၏လက်ထဲတွင် သားဖြစ်သူကိုတွေ့ပါက ပေးခဲ့ရန် စီစဥ်ထားသည့် ငပိကြော်ဗူးနှင့် ပေါင်မုန့်အနည်းငယ်ပါသည်။ ဘုရင့်နောင်စစ်ကြောရေးတွင် မတွေ့ပါက ထပ်မံရှာဖွေရပေဦးမည်။
“ရှားပါးမှု”
မြို့ပြသည် နေထိုင်စရိတ်ကြီးမြင့်ကာ အလုပ်အကိုင်ရှားပါးလာသည်။
ရန်ကုန်သည် နိုင်ငံခြားထွက်လိုသည့် လူငယ်များအတွက် တထောက်နားရာလည်းဖြစ်သည်။ စစ်ဖြစ်နေသည့် အရပ်ဒေသမှ ထွက်ပြေးလာသူများ၊ နိုင်ငံခြားတွင်အလုပ်သွားလုပ်ရန်အတွက် စာမေးပွဲဖြေရန်နှင့် သင်တန်းတက်ရန် လာရောက်ကြသူများ၊ ဆေးလာကုသူများ၊ အလုပ်လာလုပ်သူများစသည့် အခြေခံလူတန်းစားတို့နှင့် စည်ကားနေဆဲ ရန်ကုန်မြို့သည် ငွေးကြေးအတန်ငယ်တတ်နိုင်သည့်သူများအတွက်ပင် ပညာရေးအခွင့်အလမ်းအရဖြစ်စေ အလုပ် အကိုင် အခွင့် အလမ်းအရဖြစ်စေ ကျန်းမာရေးဝန်ဆောင်မှုအရဖြစ်စေ ရွေးချယ်စရာမဟုတ်တော့ပေ။
ရန်ကုန်မြို့ရှိ ဆေးရုံများအားလုံးတွင် ဆေးဝါးမလုံလောက်သည့်ဒဏ်၊ ဆေးဝါးပြတ်တောက်သည့်ဒဏ်များကို အာဏာသိမ်းပြီးကတည်းက တစစပိုမိုခံစားလာရသည်။ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီဘက်မှ သွင်းကုန်များကန့်သတ်လိုက်ခြင်း နှင့် အခွန်တိုးမြှင့်ခြင်းတို့ကလည်း သက်ရောက်မှုရှိစေသည်။
နာမည်ရပုဂ္ဂလိကဆေးရုံများအပါအဝင် ရန်ကုန်တမြို့လုံးရှိ ကျန်းမာရေးဝန်ဆောင်မှုပေးသည့် နေရာအားလုံး ဆေးဝါးပြတ်လပ်မှုကိုသာမက မက်စ်အချိုရည် ကဲ့သို့သော စားသောက်ကုန်ပစ္စည်းများတွင် အချို့အမျိုးအမည်များ ပြတ်လပ်မှုကို ကြုံကြရသည်။
“မတရားမှုများကို ခေါင်းငုံခံရခြင်း”
UNDP အစီရင်ခံစာတွင် ဖြေဆိုသူများ၏ ၃၃ ရာခိုင်နှုန်းသည် ၎င်းတို့ပတ်ဝန်းကျင်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိုတွေ့မြင်ရကြောင်း ဖြေဆိုထားသည်။ ထိုအကြမ်းဖက်မှုများအတွက် ကူညီဆောင်ရွက်ပေးသော ဝန်ဆောင်မှုအကြောင်းကို သိရှိမှုလွန်စွာနည်းပါးဆဲ ဖြစ်သည် ဟု ဖော်ပြထားသည်။
ဥပဒေစိုးမိုးမှုနှင့် အစိုးရယန္တရားလည်ပတ်မှုသည် စစ်အာဏာသိမ်းပြီး ၂၀၂၁ နောက်ပိုင်းကတည်းက ရန်ကုန်တွင် ပျောက်ကွယ်သွားသည်။ ခိုးမှု၊ လုယက်မှု၊ ဓားပြမှုများ၊ အစိုးရဌာနများ ငွေကြေးမတရားတောင်းခံမှု၊ ခေါင်းပုံဖြတ်မှု၊ ဆက်ဆံရေးအဆင်မပြေမှု၊ တာဝန်ပျက်ကွက်မှုများ မကြာခဏကြုံကြရသော်လည်း အရပ်သားအစိုးရခေတ်တွင်ကဲ့သို့ ရဲစခန်း သို့မဟုတ် သက်ဆိုင်ရာဌာနသို့တိုင်ကြားခြင်း မပြုကြတော့ပေ။
ဒေါ်သန္တာသည် မေလအတွင်း၌ သိန်းရာချီနီးပါး တန်ဖိုးရှိ လက်ဝက်လက်စားများ အခိုးခံခဲ့ရသည်။ သို့သော် ရဲတိုင်ကြားခြင်းမပြုခဲ့ပေ။
“ရဲတိုင်ရင် သူတို့ကိုပိုက်ဆံထပ်ပေးရမှာပေါ့” ဟု သူက ဆိုသည်။
အခိုးခံရသည့်ပစ္စည်းများကို ရဲစခန်းက ရှာဖွေပေးနိုင်မည်ဟုလည်း လုံးလုံးမယုံကြည်ကြောင်းဆိုသည်။
ဗုဒ္ဓဘာသာဝင်ဖြစ်သည့် သူက “အရင်ဘဝက ချေးထားတာတွေပြန်ဆပ်လိုက်ရတာလေ” ဟုဖြေသိမ့်သည်။
ပစ္စည်းပျောက်ခြင်း၊ လုယက်ခံရခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရခြင်းတို့အတွက် သက်ဆိုင်ရာသို့ တိုင်ကြား အရေးယူရန်အားထုတ်မှု မပြုကြသူများသည် ဒေါ်သန္တာတဦးထဲမဟုတ်ပေ။
ဘက်စ်ကားပေါ်ရှိ ခါးပိုက်နှိုက် များနှင့် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်သူများကို ကိုယ့်နည်းနှင့်ကိုယ် ကာကွယ်နေကြသော ပြည်သူများကို ဆိုရှယ် မီဒီယာခေတ်တွင် လူမှုကွန်ယက်၌ လွယ်လွယ်တွေ့လာရသည်။
မီတာခ လိမ်လည်တောင်းနေသည့် လျှပ်စစ်ရုံး၏လှည့်ဖျားမှုနှင့် တာဝန်ပျက်ကွက်မှုများအတွက် ငြိမ်ခံနေရသည်။
အသက် ခြောက်အရွယ် ဦးဘယ်ကျော်သည် ခြံဝန်းထဲမှ အိမ်နှစ်လုံးအတွက် မီတာနှစ်ခုရှိပြီး၎င်းတို့ထဲမှ တခုကို တော်လှန်ရေးအစောပိုင်းကာလ၌ မီတာမဆောင်သည့်အချိန်ကအကြွေးများကြောင့်သိမ်းသွားလေသည်။ ထိုမီတာကို မဆောင်ဘဲနေသော်လည်း ခြံထဲရှိ အခြားတလုံးကိုမီးဖြတ်သွားကာ မီတာအကြွေးလာဆောင်ရန်ဖိအားပေးလေသည်။
ဦးဘယ်ကျော်က လာဖြုတ်သွားသည့်အလုံးအတွက် မီတာအကြွေးဆောင်သော်လည်း ဖြုတ်ပြီးဖြစ်သဖြင့် အသစ် ပြန်လျှောက်မှရမည်ဆိုကာ အကြွေးချေပြီးသော မီတာကို ပြန်မတပ်ပေးပေ။ မီတာအသစ်တပ်ရန်မှာ နှစ်သိန်း ကျော်ခန့် ထပ်မံကုန်ကျဦးမည်ဆိုသဖြင့် ဦးဘယ်ကျော်တယောက် ထိုမီတာကို ပြန်မလျှောက်ဖြစ်တော့ပေ။ သူကိုယ်တိုင်မှာ တရက်လုပ်တရက်စား ဘေးတွဲမောင်းနေသည့်သူတဦးသာြဖစ်သည်။ ဘေးတွဲပြင်ရန်ပင် ရပ်ကွက် အတွင်း ငွေတိုးချေးရသေးသည်။ ထိုကိစ္စအတွက် ဦးဘယ်ကျော် ဘယ်ကိုမှ မတိုင်ကြားဖြစ်တော့ပေ။
မီတာရုံးသာမက ရေမလာလျှင်လည်း အရပ်သားအစိုးရခေတ်ကကဲ့သို့ စည်ပင်သာယာကို စောဒကတတ်ရန် အားမထုတ်ကြတော့၊ လူဝင်မှုကြီးကြပ်ရေးရုံးများ၌ ငွေတောင်းကြမ်းသော်လည်း တိုင်တောရမည့်နေရာမရှိ၊ နိုင်ငံကူးလက်မှတ် လုပ်ပေးရာတွင် အဆင်မပြေဖြစ်ကြသော်လည်း ဖြစ်သလိုသာနေကြတော့သည်။ ရန်ကုန်သည် ၂၀၁၀ ခုနှစ် မတိုင်မီကထက်ပင် ပိုမိုဆိုးရွားလာသည်။
“ကိုယ်ပိုင်အချက်အလက်ချိုးဖောက်ခံရ”
လက်ရှိတွင် ဘဏ်များ၌ ငွေထုတ်ပါက “ထိုငွေကိုမည်သည့်အတွက်ထုတ်သလဲ” ဆိုသည့်မေးခွန်းကို မဖြစ်မနေ ဖြေဆိုရမည်ဖြစ်သည်။
ထိုအချက်ကို ငွေထုတ်ရန်လျှောက်လွှာတင် ထည့်ရေးပြီးမှတ်တမ်းတင်ထားသည်။ ထို့အပြင် ပုံမှန်ဘဏ်လုပ်ငန်းများ၌ အချက်အလက်များ ပိုမိုတင်းကြပ်စွာစစ်ဆေးလာကြသည်။ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများသည် အရပ်သားအစိုးရ ခေတ်တွင်ကဲ့သို့ စားသုံးသူဝန်ဆောင်မှုကို အာရုံစိုက်ကြခြင်းထက် ဖောင်တွင်ဖြည့်နေသည့် အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးနေကြခြင်းကို ဦးစားပေးလာကြသည်။ ယင်းသည် ၂၀၁၀ မတိုင်မီအစိုးရဘဏ်မှဝန်ထမ်းများ အပြောအဆို အပြုအမူမောက်မာကြသည်ကိုပင် အမှတ်ရမိစေသည်။
ထို့အပြင် ရန်ကုန်ရှိ ပစ္စည်းပို့လုပ်ငန်းများ၏ ပစ္စည်းများမှ နယ်စပ်ဝင်ပေါက်ဖြစ်သည့် မြဝတီ၊ ထိုမှ ဘားအံစသည်တို့တွင် ပိတ်မိနေပြီး ပစ္စည်းပို့ဆောင်မှုလုပ်ငန်းများ ကြန့်ကြာနေလျက်ရှိသည်။ စစ်ကောင်စီသည် ၎င်းတို့စိုးမိုးထားရာအရပ်များတွင် လာမည့် ဒီဇင်ဘာ၌ ရွေးကောက်ပွဲလုပ်မည်ဟုကြေညာထားသည်။
တနိုင်ငံလုံးအနှံ့ စစ်ဘေးရှောင်များများပြားလာခြင်း၊ ဒေသတွင်း ကုန်သွယ်စီးဆင်းမှုမသေချာမရေရာခြင်း၊ လစဥ်ကုန်ဈေးနှုန်းတက်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း နှင့် အာဏာပိုင်များ၏အန္တရာယ်ပေးခြင်းကို ရင်ဆိုင်ကြရခြင်း တို့သည် ၂၀၁၀ ခုနှစ် မတိုင်မီအချိန်က စစ်အာဏာရှင်လက်အောက်တွင်ထက် ပိုဆိုးသည့်အရာများဖြစ်ကြသည်။
ဓါတ်ပုံ- ကိုခွန်
Related Articles
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော တစ်ရက် က