bap-logo
Opinion

ကျဆင်းနေတဲ့စစ်တပ်သိက္ခာ ကြက်ဥရောင်းပြီး အဖက်ဆယ်လို့မရ

8SSU9WJYUKgUFA29xNw2R-image

လွန်ခဲ့သော ၃ လ က

- ရေးသူ - ညိုထွန်း

BAP၊ ဒီဇင်ဘာ ၁၂။

 

ဒီနေ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ ဂုဏ်သိက္ခာအကြောင်းပါ။ လူတစ်ဦး၊တစ်ယောက်ပဲဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုပဲဖြစ်စေ၊ နိုင်ငံတစ်ခုပဲဖြစ်စေ ဂုဏ်သိက္ခာဆိုတာ အရေးကြီးပါတယ်။ တကယ်တမ်းကျ ဂုဏ်သိက္ခာဆိုတာက လူသားတွေရဲ့ လုပ်ရပ်တွေနဲ့ထုဆစ်ထားတဲ့ အထိမ်းအမှတ်ဖြစ်ပါတယ်။

 

ဒီနေ့ မြန်မာနိုင်ငံရဲ့စစ်တပ်ဟာ နိုင်ငံတကာမှာတင်မကဘဲ ပြည်တွင်းမှာလည်း ဂုဏ်သိက္ခာကျဆင်းနေပါတယ်။ ဒီလိုဂုဏ်သိက္ခာကျဆင်းတာနဲ့ပတ်သက်ပြီး တစ်ဦးတစ်ယောက်ချင်းကို လက်ညှိုးထိုးဖို့မရှိပေမဲ့ စစ်တပ်ကို ချုပ်ကိုင်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်ကတော့ အဓိက တာဝန်ယူရမှာဖြစ်ပါတယ်။

 

စစ်တပ်ဟာ သူ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ဖို့ ကြိုးစားပေမဲ့လည်း ဘယ်တော့မှ နည်းမှန်လမ်းမှန် မကြိုးစားခဲ့ဘူးလို့ ဆိုရမှာပါ

 

မြန်မာပြည် စစ်တပ်ရဲ့ ဂုဏ်သိက္ခာ ဘာကြောင့် ကျဆင်းလဲဆိုတာကို ဆင်ခြင်ကြည့်တဲ့အခါ

 

ပြည်သူ့မေတ္တာကို ရယူနိုင်စွမ်းမရှိတာ

 

စစ်တပ်ခေါင်းဆောင်တွေ အာဏာကို အလွန်အကျွံမက်မောတာ

 

နိုင်ငံရဲ့ ကယ်တယ်ရှင်၊ ကျေးဇူးရှင်အဖြစ် အထင်ရောက်နေကြတာ

 

ပြည်သူကို နှိပ်စက်တာကြောင့်ဆိုပြီး အဓိကလေးချက်ကို တွေ့ရမှာဖြစ်ပါတယ်။

 

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဘီအိုင်အေခေတ် တပ်မတော်ဆိုတာ ပြည်သူက ပေါက်ဖွားလာတယ်ဆိုတာ ဘယ်သူမှ ငြင်းမရပါဘူး။ ဒီတပ်မတော်ကိုပဲ ပြည်သူက ထောက်ခံပြီး လွတ်လပ်ရေးရယူခဲ့တယ်။ ၁၉၅၀ ဝန်းကျင် တုန်းက အမေရိကန်စီအိုင်အေ ကျောထောက်နောက်ခံပြုထားတဲ့ တရုတ်ဖြူ ကူမင်တန်ကျူးကျော်မှုကိုလည်း ဒီတပ်မတော်ကပဲ တိုက်ထုတ်ခဲ့တယ်ဆိုတာ ငြင်းမရတဲ့ တပ်မတော်ရဲ့ သမိုင်းဖြစ်ပါတယ်။

 

အဲဒီ ဘီအိုင်အေ တပ်မတော်ဆိုတာကလည်း ပြည်တော်ဝင်ရင် ပြည်သူက သပြေပန်းနဲ့ လက်ကမ်းကြိုရတဲ့ တပ်မတော်ဖြစ်ပါတယ်။ ဒီလို ဂုဏ်သိက္ခာရှိခဲ့တာဖြစ်ပါတယ်။ ပြည်သူကကျွေး၊ ပြည်သူကို ပြန်စောင့်ရှောက်တဲ့ ဒီတပ်မ တော်ဟာ ပြည်တွင်းမှာတင် ဂုဏ်သိက္ခာရှိတာမဟုတ်ဘဲ နိုင်ငံတကာမှာလည်း ဂုဏ်တင့်ခဲ့ပါတယ်။ စိတ်မကောင်းစရာ ဖြစ်ရတာက ဒါတွေက ကြာခဲ့ပါပြီ။

 

၁၉၆၂ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ စစ်တပ်(အသုံးအနှုန်းသတိပြုပါရန်)က အာဏာသိမ်းလိုက်ပြီးတဲ့ နောက်မှာတောင် ရဲဘော်သုံးကျိပ်ကို မျက်နှာမူထားတဲ့ ပြည်သူတချို့က ထောက်ခံခဲ့ပါသေးတယ်။ ဒါပေမဲ့ တိုင်းပြည်လည်း ချွတ်ခြုံကျပြီး စစ်တပ်မိသားစုတွေသာ ကောင်းစားတဲ့ ဝါဒကြီးစိုးလာတဲ့နောက်မှာတော့ စစ်တပ်ဟာ ပြည်သူ့ချဉ်ဖတ်ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပါတယ်။

 

အဲဒီကနေ ဦးသန့်အရေးအခင်း၊ သခင်ကိုယ်တော်မှိုင်းဈာပန၊ ကျောင်းသားအရေးအခင်းတွေ၊ ပြီးတော့ အလုပ်သမားလှုပ်ရှားမှုတွေ၊ ရှစ်လေးလုံးလူထုအရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေးတွေမှာ ပြည်သူကိုနှိပ်စက်သတ်ဖြတ်ခဲ့မှုတွေကြောင့် ပြည်သူ့မေတ္တာခမ်းခြောက်ရတဲ့အထိ ဖြစ်လာခဲ့ရပါတယ်။

 

အဆိုးဆုံးကတော့ လွတ်လပ်ပြီးခေတ်မှာ ပါလီမန်ဒီမိုကရေစီစနစ်ကနေ အာဏာသိမ်းဓလေ့ဖြစ်ထွန်းအောင်၊ အာဏာသိမ်းဓလေ့ ကြီးထွားအောင် စစ်တပ်က အကြိမ်ကြိမ်အာဏာသိမ်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ပဲ စစ်တပ်ရဲ့ဂုဏ်သိက္ခာဟာ တွင်းဆုံးကျသွားခဲ့တာ ဖြစ်ပါတယ်။

 

စစ်တပ်ဟာ သူ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ဖို့ ကြိုးစားပေမဲ့လည်း ဘယ်တော့မှ နည်းမှန်လမ်းမှန် မကြိုးစားခဲ့ဘူးလို့ ဆိုရမှာပါ။

 

စစ်တပ်ရဲ့ဂုဏ်သိက္ခာဆိုတာ နိုင်ငံ့ရန်ကို ကာကွယ်နိုင်စွမ်း၊ ပြည်သူတွေကို စောင့်ရှောက်နိုင်စွမ်းကို ခေါ်တာဖြစ်ပါတယ်။ နိုင်ငံ့ရန်ကို ကာကွယ်နိုင်တဲ့အခါ ပြည်သူကို စောင့်ရှောက်တဲ့အခါ အဲဒီစစ်တပ်ရဲ့ ဂုဏ်သိက္ခာက ကြီးမြင့်လာပါတယ်။ မကာကွယ်၊ မစောင့်ရှောက်ဘဲ နှိပ်စက်နေရင်တော့ ဂုဏ်သိက္ခာက တွင်းဆုံးကျနေမှာပါ။

 

ဒီလိုတွင်းဆုံးကျရာကနေ ပြန်မတက်လာအောင်လုပ်လိုက်တာကတော့ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုဖြစ်ပါတယ်။ ဒါပေမဲ့ အဖက်ဆယ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်တစ်ခုကတော့ ကြက်ဥရောင်းပေးနေတာပဲဖြစ်ပါတယ်။

 

တကယ်တော့ စစ်တပ်နဲ့ စီးပွားရေးဆိုတာ သီအိုရီအရပြောရင်တော့ ဘုန်းကြီးနဲ့ဘီးလို မအပ်စပ်ပါဘူး။ မြန်မာ့စစ်တပ် စီးပွားရေးဘက်ကို မျက်ပြူးဆံပြာ နင်းကန်ရှာခဲ့တဲ့ သမိုင်းကို ပြန်ကြည့်ရင်လည်း ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်ကပဲ အစပြုခဲ့တာပါ။

 

၁၉၅၈ မှာ ဝန်ကြီးချုပ် ဦးနုဆီကနေ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာကို မလိမ့်တပတ်ရယူပြီး အိမ်စောင့်အစိုးရ (Caretaker Government) ကို ဖွဲ့စည်းပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းအားကိုးရတဲ့ ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်က စစ်တပ်ဖွဲ့စည်းပုံကြီးထွားလာအောင်၊ ဗိုလ်မှူးချုပ်​ဟောင်းအောင်ကြီးက စစ်တပ်စီးပွားရေး ကြီးထွားလာအောင် လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေရဲ့ သက်သာချောင်ချိရေးတို့၊ တပ်မတော်လုပ်ငန်းတို့ဆိုတာ ပေါ်ထွက်လာတာဖြစ်ပါတယ်။

 

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကျ ဒါတွေကို ထပ်ချဲ့ပါတယ်။ အဲဒီကနေ တိုင်းပြည်ကို ကာကွယ်ဖို့ပဲ တာဝန်ရှိတဲ့ စစ်တပ်ဟာ ကြက်မွေး၊ ဝက်မွေး၊ ကန်ဇွန်းရွက်စိုက်ပြီး ပိုလျှံရင် တပ်ရင်းရံပုံငွေရအောင် ဈေးမှာ ထွက်ရောင်းရတဲ့ အဆင့်ကို ရောက်လာခဲ့ပါတယ်။ တပ်ရင်းမှူးလာစစ်ရင် မရှိတဲ့ ကြက်ကို ဖြည့်တင်းရတာတို့၊ စာရင်းလိမ်ပြရတာတို့ကတော့ အဲဒီခေတ်က ပြည်သူတိုင်းသိတဲ့ လျှို့ဝှက်ချက်ပါ။

 

အဲဒီလိုနည်းလမ်းတွေနဲ့ ပြည်သူမေတ္တာရအောင်၊ စစ်တပ်ကို လူထုချစ်အောင်၊ သူတို့ဟာ ပြည်သူ့အကျိုးလုပ်နေပါတယ်ဆိုတာမျိုး အမြင်ရောက်အောင် လုပ်ခဲ့ကြပေမဲ့ အရာမရောက်ခဲ့ပါဘူး။ အခုလည်း တကျော့ပြန်သတင်းတွေ ကြားလာရပြန်ပါပြီ။

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ စစ်တပ်က ကြက်ဥတွေကို ဈေးချိုချိုနဲ့ ရောင်းပေးနေတဲ့ သတင်းကို ကြားနေရပါတယ်။ စစ်တပ်နဲ့ ကြက်ဥ၊ ကြက်ဥနဲ့ စစ်တပ် ဘယ်လို ဆက်စပ်လို့ရပါသလဲ။ စစ်တပ်က ကြက်ဥတွေကို ဘာလို့ ဈေးချိုချိုနဲ့ ရောင်းပေးနိုင်တာပါလဲ။

 

စစ်တပ်လက်အောက်ခံ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့လတွေတုန်းက မွေးမြူရေးလုပ်ငန်းရှင်တွေကို အစည်းအဝေးခေါ်ခဲ့ပါတယ်။ အစည်းအဝေးတက်ရောက်ရတဲ့ လုပ်ငန်းရှင်တွေကတော့ သူတို့နာမည် ထုတ်ဖော်ရေးသားမှုကို လုံခြုံရေးအခြေအနေကြောင့် မလိုလားပါဘူး။ ဒါကြောင့်သူတို့နာမည်တွေကိုတော့ မဖော်ပြနိုင်ပါဘူး။

 

ရန်ကုန်တိုင်းဝန်ကြီးချုပ်က နိုင်ငံမှာ ဒေါ်လာလိုအပ်ချက်ရှိနေတာကြောင့် မလိုအပ်တဲ့ သွင်းကုန်တွေ လျှော့ချရမယ်။ ဒါကြောင့် ပဲပုပ်နဲ့ စာအုန်းဆီ သွင်းတာကို လျှော့ရမယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒီအကျိုးဆက်ကြောင့် ပြည်တွင်းမှာ စားအုန်းဆီတင်သွင်းမှုလျော့ကျလာလို့ အခုထိတိုင် ဆီဈေးတွေမြင့်တက်ပြီး လူတွေတန်းစီဝယ်ယူနေကြရပါတယ်။

 

ဒီလိုပဲ ပဲပုပ်ဆိုတာ မွေးမြူရေးလုပ်ငန်းမှာ အစာကုန်ကြမ်းအဖြစ် သုံးနေတာဖြစ်ပါတယ်။ အဲဒါကို မသွင်းဘူးဆိုရင် ကြက်သား၊ ဝက်သားကစပြီး ကုန်ချောဈေးတွေတက်ကုန်မယ်ဆိုပြီး မွေးမြူရေးလုပ်ငန်း ရှင်တွေက ထောက်ပြပေမဲ့ သူတို့က လက်မခံခဲ့ပါဘူး။

 

ဒီလိုနဲ့ပဲ ပဲပုပ်တင်သွင်းမှုကို သုံးလ အတွင်း အဆင့်ဆင့်လျှော့ချခဲ့ပါတယ်။ အဲဒီမှာ မွေးမြူရေး အစာကုန်ကြမ်းဈေးတွေ မြင့်တက်ကုန်ပြီး ကြက်ဥဈေးတွေကလည်း တစ်လုံး ၅၀၀ ဝန်းကျင်ဖြစ်ကုန်ပါတယ်။ အဲဒီအခါကျ လုပ်ငန်းရှင်တွေကို ခေါ်တွေ့ပြီး ဈေးချဖို့ပြောပါတယ်။

 

သူတို့ပြောတာက အတော်ရှင်းတယ်။ ခင်ဗျားတို့ကို ညှိနှိုင်းနေတာ မဟုတ်ဘူး။ ခင်ဗျားတို့ရှေ့မှာ ရွှေတို့၊ ဆန်တို့ တွေ့တယ်မလား အဲဒီလိုပြောတာ။ သဘောကတော့ ထောင်ထဲဝင်မလား၊ ဈေးနှုန်းလျှော့မလား ပြောတဲ့ သဘော”ဆိုပြီး မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြန်ပြီး ဖောက်သည်ချပါတယ်။

 

ဒီလိုနဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေဆီကနေ ကြက်ဥတစ်လုံး ၃၄၀ ကျပ်နဲ့ တစ်နေ့ အလုံး ၇၃၀,၀၀၀ ကျော် ဝယ်ပါတယ်။ ပြီးတော့ ရန်ကုန်မြို့ထဲက ဈေးတစ်ဈေးကို ကျပ်ဥ အလုံးတစ်သောင်းရောင်းပါတယ်။ စစ်တပ်က ကားတွေနဲ့ လှည်လည်ရောင်းချပါတယ်။ စီးတီးမတ်မှာလည်း ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ကို ပိတ်ပင်ထားလို့ စီးတီးမတ်ကလည်း တင်မရောင်းရဲပါဘူး။ စီးတီးမတ်က တင်မရောင်းရဲတဲ့အတွက် လုပ်ငန်းရှင်တွေကလည်း စီးတီးမတ်စ်ကို သွားပြီးဖြန့်ဖြူးလို့မရပါဘူး။ ဒါကြောင့်လည်း စီးတီးမတ်စ်မှာ ကြက်ဥတွေက ဈေးချိုနေတာဖြစ်ပါတယ်။

 

ပြည်တွင်းဈေးကွက်မှာ ဒီလိုစနစ်နဲ့ လည်ပတ်နေတာကြောင့် လုပ်ငန်းရှင်တွေကတော့ အခက်ကြုံနေ ကြရပါတယ်။ တကယ်တော့ ကုန်ကြမ်းပိတ်လိုက်ရင် ကုန်ချောဈေးတက်မယ်။ ဒေါ်လာလိုချက်ရှိလို့ ကုန်ကြမ်းပိတ်တယ်ဆိုတော့ ဒေါ်လာတွေကို စစ်လက်နက်ပဲ ဝယ်နေရင်တော့ လိုအပ်ချက်က ရှိနေမှာပဲ ဖြစ်ပါတယ်။

 

ဈေးနှုန်းတွေကြီးလာတော့မှ ကယ်တင်ရှင်ဝင်လုပ်၊ ကြက်ဥတွေကို Fixed Price လည်ပင်းညှစ်ဈေးနဲ့ဝယ်၊ အမြတ်တင်ပြီး ပြည်သူကို မျက်နှာလို မျက်နှာရလုပ်ပြန်ရောင်းတာမျိုးကတော့ ရွာသားအလှူ၊ သူကြီးကောင်းမှုပဲ ဖြစ်ပါတယ်။

 

ဒီလိုလုပ်ရုံနဲ့တော့ ကျဆင်းနေတဲ့ စစ်တပ်ရဲ့ ဂုဏ်သိက္ခာ ပြန်တက်လာဖို့မရှိပါဘူး။ ကျပ်ဥတစ်လုံး ၃၅၀ လောက်နဲ့ ဝယ်ခွင့်ရလို့လည်း ဘယ်ပြည်သူကမှ စစ်တပ်ကို ကျေးဇူးတင်မှာမဟုတ်ပါဘူး။ ဒါဟာ အရှိတရားလည်းဖြစ်သလို အမှန်တရားလည်းဖြစ်ပါတယ်။

 

ကိုယ့်အိမ်၊ ကိုယ့်ရွာ ကိုယ့်ဆွေမျိုးသားချင်းတွေကို မီးရှို့ပြချ၊ ကျန်ရစ်သူကိုလည်း အေးချမ်းစွာ လုပ်ကိုင် စားသောက်လို့မရအောင် အမျိုးမျိုးနှိပ်စက်ပြီးကာမှ သူတို့အိမ်မှာစားလို့မကုန်တဲ့ ဟင်းလေးတစ်ခွက် လာပေးတဲ့ လူကို ဘယ်သူကများ ကျေးဇူးတင်ဖူးပါသလဲ။

 

ဒါ့ကြောင့် ဂုဏ်သိက္ခာဆိုတာ ကိုယ့်ရဲ့လုပ်ရပ်တွေနဲ့ ထုဆစ်ထားတဲ့ မှတ်တိုင်ဖြစ်ပါတယ်။ ပြည်သူ့မေတ္တာ၊ ကိုယ့်ဂုဏ်သိက္ခာကိုရဖို့ စစ်တပ်ဆိုတာ ကြက်ဥရောင်းပေးဖို့မလိုပါဘူး။

 

စစ်တန်းလျားပြန်ပြီး နိုင်ငံကိုကာကွယ်၊ ပြည်သူကို စောင့်ရှောက်နိုင်ရေးဆိုတာကိုပဲ အာရုံစိုက်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်မယ်ဆိုရင်တော့ ပြည်သူ့မေတ္တာ ၊ စစ်တပ်ဂုဏ်သိက္ခာလည်း ပြန်လည်ရရှိနိုင်မှာ ဖြစ်ကြောင်း စေတနာကောင်းနဲ့ အကြံပြုလိုက်ရပါတယ်။

 

Burma Associated Press

 

စစ်တပ်
အာဏာသိမ်း
သန်းရွှေ
နေဝင်း

Share With
bap-logo