Opinion
အနာသိပြီး ဆေးမရှိတဲ့ ကရင်နယ်ခြားစောင့် ရောဂါ
လွန်ခဲ့သော ၂၀ ရက် က
BAP၊ ဖေဖော်ဝါရီ ၁၃။
လတ်တလောအခြေအနေမှာ ကရင်နယ်ခြားစောင့်ပါတဲ့ သတင်းခေါင်းစဉ်တွေ့ရင်ကို ဟာသတပုဒ်ဖတ်ရတော့ မယ်လို့ လူတွေက တွေးတတ်လာပါပြီ။
ကရင်နယ်ခြားစောင့်ကို အရေးယူမှုတွေရော၊ ကရင်နယ်ခြားစောင့်နဲ့ DKBA တို့ရဲ့ ဟန်ပြ အရေးယူနေတာတွေရောက လူရယ်စရာဖြစ်နေလို့ပါပဲ။
ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ ကရင်နယ်ခြားစောင့်ကိစ္စဟာ အင်အားနဲ့အာဏာချိနဲ့လာတဲ့ စစ်တပ်နဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။
မြန်မာ-ထိုင်း အမှတ်(၂) တံတား အောက်မှာ ပိတ်မိနေတဲ့ စစ်သားတွေကို မြဝတီအခြေစိုက် ခလရ-၂၇၅ ထဲ ပြန်ထည့်လိုက်ထဲက နယ်စပ်မြို့က တစ်ခုတည်းသော စစ်တပ်ရဲ့ ဩဇာဟာ ရုံသွင်းပြစားခံဘဝ ရောက်သွား တော့တာပါပဲ။
မြို့စောင့်တပ်ဘဝကနေ တပ်စောင့်တပ်အဖြစ် အိမ်နိမ့်စံဖြစ်သွားရရှာပေါ့။
အမှန်တော့ သင်္ကန်းညီနောင်ဗျူဟာ အစုလိုက်အပြုံလိုက် လက်နက်ချမှုပြီးကထဲက စစ်တပ်ဟာ ကရင် နယ်ခြားစောင့်ရဲ့ ထားရာနေစေရာသွားဘဝကို ရောက်ခဲ့တာပါ။ လက်ရှိမှာလည်း မြဝတီရဲ့ လုံခြုံရေးကို ကရင် နယ်ခြားစောင့်နဲ့ DKBA တို့က ဆောင်ရွက်နေတာပါ။ ခလရ- ၂၇၅ တပ်ထဲက စစ်သားတွေကတော့ အကျယ်ချုပ်ဘဝနဲ့ ပင်စင်ယူမဲ့အချိန်ကို လက်ချိုးရေနေရုံပါပဲ။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထဲက ကားအသွားအလာလုပ်လို့မရတော့တဲ့ မြန်မာ-ထိုင်း အာရှလမ်းမကို ပြန်မဖွင့်နိုင်ခြင်းကလည်း စစ်တပ်အတွက် မြန်မာနယ်စပ်မြို့နဲ့ ပိုပြီး အဆက်ပြတ်စေပါတယ်။
တစ်နှစ်ကျော်ကြာပိတ်နေတဲ့ လမ်းမကြီး ပြန်ဖွင့်လည်း ခက်ခဲနေဦးမှာပါပဲ။
စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့တွေ ကြီးစိုးရာ မြဝတီ-ထို့ကော်ကိုးလမ်းပိုင်းဟာ အဲဒီမှာ ရှိနေသူတွေကို အူစိုစေလို့ပါပဲ။ အဖွဲ့စုံ ငွေအတောင်းကြမ်းမှုကြောင့် မြဝတီကနေ ကော့ကရိတ်၊ ကျုံဒိုးမြို့တွေဆီ ရောက်ဖို့အတွက် ၁၀ ဘီးကား ကုန်တင်ယာဉ် တစင်းဟာ ကျပ် သိန်း ၄၀ နီးပါး အခွန်အခ ပေးရပါတယ်။ ဒီတော့ အာရှလမ်းမပွင့်ဖို့ဆိုတာ စစ်တပ်အနေနဲ့ အောင်ဇေယျတင်မက ကုန်းဘောင်မင်း တဆက်လုံး နာမည်သုံးပြီး လုပ်နေရင်လည်း အလှမ်းဝေးနေဦးမှာပါပဲ။
လက်နက်နဲ့ ငွေကြေးတောင့်တင်းတဲ့ ကရင်နယ်ခြားစောင့်ဆိုတဲ့ ဆူးကို ဖယ်ရှားဖို့အတွက်ကလည်း စစ်တပ် ဩဇာခံမဟုတ်တဲ့ တော်လှန်ရေးအဖွဲ့တွေအတွက် ခက်ခဲနေဦးမှာပါ။ ဒါကို BGF နေရာမှာ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ နာမည်ကြီး တော်လှန်ရေးအဖွဲ့တစ်ခုက လွန်ခဲ့တဲ့ ၂ နှစ်က သက်သေပြခဲ့ပြီးဖြစ်ပါတယ်။
ကရင်နယ်ခြားစောင့်တပ်ဟာ Game of Thrones စီးရီးထဲက လန်နစ်စတာတွေနဲ့ ဆင်တူပါတယ်။ သူတို့ရဲ့ ကြွယ်ဝမှုကို အခြေခံတဲ့ အင်အားကို ပိုင်ဆိုင်ထားပြီး အခြားအင်အားနည်းသူတွေကို ကောင်းကောင်းကြီး စည်းရုံးထားနိုင်လို့ပါ။
အဲဒီလိုအခြေအနေမှာ မြန်မာပြည်မြောက်ပိုင်းကနေ တောင်ပိုင်းကို ကူးစက်လာတဲ့ ကျားဖြန့် ကပ်ရောဂါဟာ BGF ကို တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကပါ ပိုပြီးသတိထားမိလာစေပါတယ်။
စစ်တပ်လက်အောက်ခံလို့ အမည်ခံသော်လည်း အာဏာသိမ်းစစ်တပ်ရဲ့ ဩဇာမရှိသလောက်ဖြစ်နေတဲ့ ကရင်နယ်ခြားစောင့်ဟာ သူ့ပြဿနာကို သူဟာသူပဲ စိတ်ကြိုက်ဖြေရှင်းနေတာတွေ့ရမှာပါ။
တရုတ်ကတော့ ဗိုလ်မှူးကြီးစောချစ်သူကို ဒုစစ်ခေါင်းဆောင်လို ချော့ပြောဖို့ ပြင်ဆင်ထားဟန်မတူပါဘူး။ သူ့ရဲ့လက်တံအားလုံးသုံးပြီး တားဆီးဖို့ ဆက်ကြိုးစားနေမှာပါပဲ။
အခုဆိုရင် ကျားဖြန့်နှိမ်နင်းရေးဆိုတဲ့ တရုတ်ဖိအားနဲ့ ထိုင်းနိုင်ငံက မြန်မာနယ်စပ်မြို့တွေဆီ လျှပ်စစ်မီးနဲ့ လောင်စာ ဖြတ်တောက်မှုမှာ ကရင်နယ်ခြားစောင့်ထက် အထိနာနေရတာက အခြေခံလူတန်းစားတွေပါပဲ။
ထိုင်းနိုင်ငံဘက်တင်မက အာဏာသိမ်းစစ်တပ်ကလည်း တရားဝင်လမ်းမကြီးတွေကနေ မြဝတီမြို့ဘက်ကို စက်သုံးဆီတွေ တင်သွင်းတာကို ပိတ်ပင်ထားပါတယ်။
ဒါဆို မြဝတီကို စက်သုံးဆီတွေမရောက်နိုင်တော့ဘူးလား။
ငွေကို ရေလိုသုံးနိုင်တဲ့ ကရင်နယ်ခြားစောင့်နဲ့ စီးပွားဖက်တွေဟာ စက်သုံးဆီတွေကို ကြိုက်ဈေးပေးပြီး ရတဲ့နေရာကနေ ရသလောက်ဝယ်နေလို့ ဈေးကွက်တွေ ကမောက်ကမဖြစ်လာပြီး ဘားအံလို မြို့ကြီးတွေမှာတောင် လောင်စာဆီ လိုသလောက်မရတဲ့ အခက်အခဲနဲ့ ရင်ဆိုင်လာနေရပါတယ်။ ဓာတ်ဆီ၊ ဒီဇယ် ၅ ဂါလံဝင် ပုံးတပုံးကို ကျပ် သုံးသိန်းအထိ ပေါက်စေတဲ့ မှောင်ခိုဈေးကွက်ကြီးဖြစ်လာနေလို့ပါပဲ။
ဖုန်ထူနေပူတဲ့ကြားကနေ တရားမဝင်လမ်းတွေပေါ်မှာ ဆီပီပါတွေ၊ ပုံးတွေနဲ့ ပျားပန်းခတ်နေတဲ့လူတွေကို ကြည့်ပြီး ကရင်နယ်ခြားစောင့် ခေါင်းဆောင်ကတော့ ပြုံးပြုံးကြီးဖြစ်နေဦးမှာပါပဲ။
သူကလည်း နယ်နယ်ရရမှမဟုတ်ဘဲ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် သီရိပျံချီဘွဲ့ထူးကို အပ်နှင်ခြင်းခံထားရတာမဟုတ်လား။
Burma Associated Press
Related Articles
Top News
လွန်ခဲ့သော ၁၅ ရက် က
လွန်ခဲ့သော ၂၀ ရက် က
လွန်ခဲ့သော ၂၀ ရက် က