bap-logo
Politics

အုပ်ချုပ်ရေးမှူးအချို့က ဆိုင်ကယ်ကယ်ရီနဲ့ အနှေးယာဉ်သမားတွေပါ ရပ်ကွက်လုံခြုံရေး ကင်းလှည့် ခိုင်းနေ

KNGVkGCrHI4etceA5Cce3-image

လွန်ခဲ့သော တစ်နှစ် က

ရန်ကုန်၊ ဖေဖော်ဝါရီ ၂။

 

ရန်ကုန်မြို့က ရပ်ကွက်အချို့မှာ ဆိုင်ကယ်ကယ်ရီမောင်းတွေနဲ့ အနှေးယာဥ်မောင်းတွေကို စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ရပ်ကွက်အတွင်း ကင်းလှည့်ပြီး လုံခြုံရေးယူခိုင်း နေတယ်လို့ သိရပါတယ်။

 

ရပ်ကွက်အလိုက် ည ၁၀ နာရီ ဝန်းကျင်ကနေ ၁၁ နာရီ ဝန်းကျင်အထိ လမ်းတွေထဲလှည့်လည်ပြီး မသင်္ကာသူတွေကို သတင်းပေးတာမျိုးတွေပြုလုပ်ပေးနေရတယ်လို့ သာကေတမြို့နယ်က နေထိုင်သူ အချို့က ပြောပါတယ်။

 

"ည ၉ နာရီကျော်ရင် ရပ်ကွက်ရုံးမှာ ဘေးတွဲယာဥ်တွေစုရတယ်၊ ဝတ်စုံတွေနဲ့ အယောက် ၂၀ ကျော်စုပြီး ကင်းလှည့်ရတဲ့သဘောပါ၊ PDF တွေကို ကြောက်လို့လုပ်ခိုင်းတဲ့သဘောပါပဲ၊ ကင်းမလှည့်ရင်ဘေးတွဲတွေ အသိမ်းခံရမှာစိုးလို့ လာကြရတာ" လို့ ဘေးတွဲယာဥ်မောင်းတဦးက ပြောပါတယ်။

 

ဒီလိုကင်းလည့်ခိုင်းနေတဲ့ ဖြစ်စဥ်တွေဟာ သာကေတ၊ ဒေါပုံ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ယုဇနဥယျဥ်မြို့တော်၊ ဒလ၊ သန်လျင် စတဲ့နေရာတွေမှာ ပြုလုပ်နေတာလို့သိရပါတယ်။

 

ရန်ကုန်က မြို့နယ်အချို့မှာလည်း ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုတာတွေ ဖွဲ့စည်း ထားပြီး အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ရပ်ကွက်ထဲက လူဆိုးလူမိုက်တွေ ပါပါဝင်နေတယ်လို့ ရပ်ကွက်နေသူအချို့ဆီက သိရပါတယ်။

 

ဒီအဖွဲ့တွေဟာ လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးငွေညှစ်တာမျိုးတွေပြုလုပ်နေတာကြောင့် မိဘတွေ စိုးရိမ်နေ ကြရတယ်လို့ သာကေတမြို့နယ်က အမျိုးသမီးတဦးက ပြောပါတယ်။

 

လှည့်ကင်းမှာ စစ်တပ်ပါတဲ့အဖွဲ့နဲ့တွေ့ရင် အချို့အဖမ်းခံရတာရှိတယ်၊ ယောက်ကျားလေးတွေ လူငယ်တွေ တွေ့ရင် အဓိက ဖမ်းတယ်၊ အနည်းဆုံးသိန်းဂဏန်းနဲ့ပြန်ရွေးရတယ်၊ လူစုပြီးထိုင်နေလို့ မရဘူး" လို့ သာကေတမြို့နယ် နေသူတဦးက ပြောပါတယ်။

 

ရန်ကုန်မြို့နယ်ရှိ အချို့ရပ်ကွက်တွေမှာ ပြည်သူ့လုံခြုံရေးအဖွဲ့ကို မီးသတ်အဖွဲ့ဝင်တွေအပါအဝင် ဦးရေ ၂၀ ခန့်နဲ့ ဖွဲ့စည်းထားပြီး ရပ်ကွက်အတွင်းက လူငယ်တွေရဲ့သတင်းကို ထောက်လှမ်းခိုင်းတာမျိုးတွေပြုလုပ်နေတယ်လို့ ရပ်ကွက်နေသူအချို့ကပြောပါတယ်။

 

Burma Associated Press

 

ရန်ကုန်
အုပ်ချုပ်ရေးမှူး
လုံခြုံရေး
ဆိုက်ကား

Share With
bap-logo