Politics
စစ်တွေမှာ ည ၉ နာရီနောက်ပိုင်း ညမထွက်ဖို့ စစ်ကောင်စီအမိန့်ထုတ်
လွန်ခဲ့သော တစ်နှစ် က
စစ်တွေ၊ ဖေဖော်ဝါရီ ၂။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး ည ၉ နာရီ ကနေ မနက် ၄ နာရီထိ ညမထွက်ရ သတ်မှတ်ထားတယ်လို့ ဖေဖော်ဝါရီ ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
စစ်တွေမြို့က ရဲကင်းရဲစခန်းတွေတိုက်ခိုက်ခံနေရတာကြောင့် စစ်သားနဲ့ရပ်တပ်ဖွဲ့ဝင်တွေ ကျဆုံးဒဏ်ရာ ရရှိခဲ့တဲ့အပြင် အဆောက်အဦးတွေပျက်စီးမူတွေရှိခဲ့တယ်ဆိုပြီး အသိပေးထားပါတယ်။
အခုအမိန့်က ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ၂ လ အတည်ဖြစ်တယ် လို့ စစ်ကောင်စီရဲ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
"မနေ့ကတည်းက ပုဒ်မ၁၄၄ထုတ်မယ်ဆိုပီးသတင်းတွေထွက်နေတာ၊ စစ်တွေက ရန်ကုန်ကို သွားတဲ့သူတွေ ဒီရက်ပိုင်း တအားများနေတယ်၊ ကားလက်မှတ်ကအစ လေယာဥ်အဆုံး ရတာနဲ့သွားနေကြ တာ" လို့ စစ်တွေမြို့က ဝန်ထမ်းတဦးက ပြောပါတယ်။
စစ်တွေမြို့နယ်ပေါ်ရှိလမ်းများနဲ့ အများပြည်သူသွားလာရာလမ်းသွယ်၊ လမ်းကြားဥယျာဥ်၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေအပါ ည ၉ နာရီကနေ မနက် ၄ နာရီထိ ညမထွက်ရအမိန့်စာထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒီရက်ပိုင်း စစ်တွေ မြို့မှာ ပစ်ခတ်သံတွေကြားရပြီး တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တာကြောင့် ရန်ကုန်၊ မန္တလေး စတဲ့မြို့တွေကို သွားရောက်သူတွေများနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာစတင်ခဲ့တဲ့ AAနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေက ပိုမို အရှိန်မြင့်လာပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က မနေ့ကထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်က မြို့တွေဖြစ်တဲ့ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲနဲ့ ဘူးသီးတောင် မြို့နယ်တွေမှာရခိုင်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဖြစ်ပြီး၊ စစ်ကောင်စီရဲ့ တပ်စခန်းအချို့ကို အပြီးသတ်သိမ်းပိုက်ရယူဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AAကအသိပေးထားပါတယ်။
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၈ ရက် က