bap-logo
Politics

တာလီဘန်များက စစ်အခြေစိုက်စခန်းများကို အထူးစီးပွားရေးဇုန်ဖော်ဆောင်မည်

K90VpFiDhTx4UnUNP8ESJ-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၂၀

 

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များ အပြီးတိုင်ထွက်ခွာပြီးနောက် ကျန်ခဲ့သည့် စစ်အခြေစိုက်စခန်းများကို အထူးစီးပွားရေးဇုန်အဖြစ် ပြောင်းလဲရန်လုပ်ဆောင်မည်ဖြစ်ကြောင်း တာလီဘန် စီးပွားရေးဆိုင်ရာ ယာယီ လက်ထောက်ဝန်ကြီးချုပ်က တနင်္ဂနွေနေ့ထုတ်ပြန်ချက်တစ်ခုတွင် ပြောဆိုခဲ့သည်။

 

အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ အာဖဂန်စီးပွားကူးသန်းဝန်ကြီးဌာနက အမေရိကန်စစ် အခြေစိုက် စခန်းများကို ပြုပြင်ပြောင်းလဲရန် လုပ်ဆောင်နေပြီး ခွင့်ပြုချက်ရယူရန် ဝန်ကြီးအဖွဲ့ကို တင်ပြမည်ဖြစ်ကြောင်း ယာယီစီးပွား ကူးသန်းဝန်ကြီးက ရိုက်တာသတင်းသို့ ပြောကြားခဲ့သည်။

 

"အသေအချာ ဆွေးနွေးပြီးတဲ့နောက်မှာ နိုင်ငံခြားတပ်ဖွဲ့တွေရဲ့ အခြေစိုက်စခန်းတွေကို အထူးစီးပွားရေးဇုန် ဖော်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သိမ်းယူဖို့ ဆုံးဖြတ်လိုက်ကြတာပါ" ဟု ဝန်ကြီး Mullah Baradar က ဆိုသည်။

 

အာဖဂန်နစ္စတန်စီးပွားရေးမှာ ရုန်းကန်နေရပြီး ပြည်ပတပ်ဖွဲ့များထွက်ခွာ၊ နှစ် ၂၀ ကြာစစ်ပွဲ အဆုံးသတ်ပြီး တာလီဘန်များ နိုင်ငံကိုပြန်သိမ်းယူပြီးနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဆိုက်လာဖွယ်ရှိကြောင်း နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီများက သတိပေးထားသည်။

 

တာလီဘန်များ ပြန်လည်သိမ်းယူပြီးနောက် အာဖဂန်နစ္စတန်ဖွံ့ဖြိုးရေးရန်ပုံငွေ ဖြတ်တောက်ခြင်း၊ ပြည်ပရှိ ဗဟိုဘဏ်ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခံရခြင်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အရေးယူပိတ်ဆို့မှုများ ရင်ဆိုင်ခဲ့ရသည်။

 

အာဖဂန်ပြည်သူ သန်းပေါင်းများစွာသည် နိုင်ငံတကာအကူအညီကို အားကိုးနေရသည့်တိုင် ပြီးခဲ့သည့် နှစ်မှစ၍ တာလီဘန်များက အန်ဂျီအိုအမျိုးသမီးဝန်ထမ်းအများစုကို အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်သောကြောင့် ကူညီ ထောက်ပံ့ရေးလုပ်ငန်းများ တစ်ဝက်တစ်ပျက် ရပ်ဆိုင်းသွားခဲ့ရသည်။

 

တာလီဘန်များက ၎င်းတို့အနေဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် စီးပွားရေးဖူလှုံရေး တိုးမြှင့် လုပ်ဆောင်ရန် အာရုံစိုက်လျှက်ရှိကြောင်း ပြောကြားထားသည်။ သို့သော် မကြာသေးမီလပိုင်းက တရုတ် စီးပွားရေးသမားများ ဝင်ထွက်သွားလာမှုများသည့် ဟိုတယ်တစ်ခုအား IS အဖွဲ့မှ တိုက်ခိုက်ပြီးနောက် ပြည်ပရင်း နှီးမြှုပ်နှံသူများကြား လုံခြုံရေးဆိုင်ရာစိုးရိမ်မှု မြင့်တက်ခဲ့သည်။

 

သို့သော်လည်း အာဖဂန်နစ္စတန်၏ ပို့ကုန်တန်ဖိုး ပြန်လည်မြင့်တက်လာပြီး တာလီဘန်အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ် နိုင်ငံဝင်ငွေတည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားထားသည်။

 

Source – Reuters

ပုံစာ။ အာဖဂန်နစ္စတန်နိုင်ငံ ပါဝန်ပြည်နယ်ရှိ Bagram အမေရိကန်လေတပ်စခန်း။

 

Burma Associated Press

 

တာလီဘန်
အမေရိကန်
စီးပွားရေး

Share With
bap-logo