bap-logo
Politics

ရန်ကုန် ဗိုလ်ချုပ်ဈေး ဈေးဝယ်သူမရှိဖြစ်လို့ ပိတ်ထားရတဲ့ ဆိုင်ခန်းများလာ

JXvXaM5otXtsQcXV9JrZm-image

လွန်ခဲ့သော တစ်နှစ် က

နိုဝင်ဘာ ၃။

 

ရန်ကုန်မြို့ အထင်ကရစျေးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းစျေးမှာ စျေးဝယ်သူတွေမရှိလို့ ပိတ်ထားတဲ့ဆိုင်ခန်းတွေ များလာနေပါတယ်။

 

"တပတ်လောက် စျေးဦးမပေါက်တဲ့အခြေနေထိ ဖြစ်နေကြတယ်၊ လက်ရှိ ဖွင့်နေသူတော်တော်များများက ဆိုင်ခန်းပိုင်ရှင်တွေများလို့သာ ဆက်ဖွင့်နိုင်နေတာ၊ အချို့ကလည်း အခြေနေလေးကောင်းလာမလားဆိုပြီး ဆက်ဖွင့်နေကြတာ"လို့ ဗိုလ်ချုပ်စျေးအတွင်း ရိုးရာလက်မှုအထည်ပစ္စည်းရောင်းချသူတဦးက ပြောပါတယ်။

 

ကိုဗစ်-၁၉ ကာလကစတင်ပြီး လက်ရှိအာဏာသိမ်းတဲ့ကာလအထိ ဆိုင်ခန်း ငှားခတွေကို ထက်ဝက်မက လျော့ချ ထားပေမယ့် ရောင်းမကောင်းတာကြောင့် မငှားကြတော့တာလို့ စျေးဆိုင်ခန်းပိတ်ခဲ့သူအချို့က ဆိုပါတယ်။

 

လက်ရှိဆိုင်ခန်းငှားခက အနည်းဆုံး သိန်းကျပ်ကနေ သိန်းဆယ်ဂဏန်းကျော်ထိ ပေါက်စျေးရှိနေပြီး ဆိုင်ခန်း အများအပြား ပိတ်ထားဆဲ ဖြစ်ပါတယ်။

 

ဗိုလ်ချုပ်စျေးရှေ့မျက်နှာစာမှာလဲ ရဲဝန်ထမ်းအချို့ရှိနေပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ကားတစီးရပ်ကာ မျက်စိ ဒေါင့်ထောက်ကြည့်နေတာကြောင့် လာရောက်လည်ပတ်သူ ပိုရှားပါးနေတာလို့ စျေးရောင်းချသူတွေက ပြောပါတယ်။

 

" ဖိနပ်တို့ အထည်ဆိုင်အလှကုန်ပစ္စည်းဆိုင်တွေဖက်လဲ စျေးဦးပေါက်ရုံသာ ရှိတာ လူမဝင်ဘူး၊ ကျောက်မျက် ရတနာဖက်တန်းဆို ပိုဆိုးတယ်၊ ပိတ်ထားတဲ့ ဆိုင်တွေအများကြီး အရင်ငှားခ ၁၅ သိန်းတန်အခန်း အခု သိန်းနဲ့ ရတာတောင် မကိုက်ဘူး၊ အလုပ်သမားစားရိတ်နဲ့ မကာမိဘူး"လို့ အထည်ရောင်းချသူ တဦးက ပြောပါတယ်။

 

ရန်ကုန် ပန်းဘဲတန်းမြို့နယ်ထဲမှာရှိတဲ့ ဗိုလ်ချုပ်စျေးဟာနှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိပြီး ဖြစ်ပြီး (စကော့စျေး) လို့ လည်း ခေါ်ကြပါတယ်။

 

"နိုင်ငံခြားသားအဝင်မရှိလို့ လူမစည်ဘူးဆိုပေမဲ့ မျက်နှာချင်းဆိုင်က junction city တို့ ဗိုလ်ချုပ်စျေးသစ် တို့ကျတော့ နယ်ဝေးဧည့်သည်လာရင် ဝင်ကြသေးတယ်၊ ဗိုလ်ချုပ်စျေးကပိတ်ရက်လဲ ခြောက်ကပ် နေတာပဲ"လို့ အနီးအနားမှာ အငှားကားမောင်းသူတဦးက ပြောပါတယ်။

 

ကိုလိုနီခေတ် ၁၉၂၆ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တဲ့ မြန်မာနိုင်ငံအတွင်းက စျေးတွေထဲမှာ အကြီးဆုံးစျေး ဖြစ်ပြီး ရိုးရာလက်မှုပန်းချီကားဆိုင်တွေ၊ ကျောက်မျက်ရတနာ၊ အလှကုန်ပစ္စည်း၊ အထည်အလိပ်မျိုးစုံ ရောင်းချနေတဲ့ စျေးတခု ဖြစ်ပါတယ်။

 

Burma Associated Press

ဗိုလ်ချုပ်အောင်ဆန်းဈေး
ရန်ကုန်
အာဏာသိမ်းမှု

Share With
bap-logo