Politics
ဖားကန့် အိုးအိမ်စွန့်ခွာမှုတွေကြောင့် HIV/TB ဆေးဝါးထောက်ပံ့မှုတွေ ရပ်ဆိုင်းထားရ
လွန်ခဲ့သော ၄ လ က
BAP၊ စက်တင်ဘာ၂၇။
ကချင်ပြည်နယ်၊ ဖားကန့်မှာ လုံခြုံရေးအခြေအနေ ရုတ်တရတ် ပိုမိုဆိုးရွားလာတာကြောင့် အဲဒီဒေသက HIV//TB ဝေဒနာသည်တွေအတွက် ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာမှုလုပ်ငန်းတွေရပ်ထားရတယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့-MSF က အသိပေးလာပါတယ်။
ထောင်နဲ့ချီတဲ့ပြည်သူတွေ မြို့ကို စွန့်ခွာသွားကြတဲ့အတွက် မြို့ဟာ အခွံနီးပါး ဖြစ်ကျန်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးအပ်တဲ့နေရာတစ်ခုမှ မရှိတော့သလို ဆိုင်အားလုံးနီးပါးလည်း ပိတ်ထားကြတယ်လို့လည်း ဖော်ပြထားပါတယ်။
“ကျွန်ုပ်တို့ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အာမခံမပေးနိုင်တော့တာကြောင့် ဆေးဘက်ဆိုင်ရာ လူသားချင်း စာနာခြင်းဝန်ဆောင်မှုလုပ်ငန်းတွေကို စက်တင်ဘာ လ ၂၀ ရက်နေ့ကစပြီး ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ MSF က ပြောပါတယ်။
ရပ်ဆိုင်းလိုက်တဲ့ ဝန်ဆောင်မှုတွေထဲမှာတော့ HIV/တီဘီ ဆေးဝါးထောက်ပံ့ခြင်း နဲ့ ကုသမှုတို့လို လူထုက များစွာလိုအပ်လျက်ရှိတဲ့ ဝန်ဆောင်မှုတွေ ပါဝင်နေတယ်လို့ အသိပေးထားပါတယ်။
“ရပ်ဆိုင်းမှုရဲ့ နောက်ဆက်တွဲရလဒ်အနေနဲ့ လူထုရဲ့ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ် ဆိုတာကိုလည်း သေသေချာချာ သိရှိပါတယ်။ ကျွန်ုပ်တို့ အဓိက စိုးရိမ်မိတာကတော့ ဒီဒေသနဲ့ အနီးဝန်းကျင်မှာ နေထိုင်ကြပြီး အသက်ကယ် ဆေးကုသမှုတွေအပေါ် မှီခိုနေကြရတဲ့ လူနာတွေအနေနဲ့ အရေးကြီးတဲ့ ဆေးဝါးပြတ်တောက်မယ့်အရေးနဲ့ ရင်ဆိုင်နေကြရတော့မယ့်အချက်ပဲ ဖြစ်ပါတယ်” လို့လည်း MSF က ပြောပါတယ်။
နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအရ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့နေရာတွေနဲ့ ဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ ပဋိပက္ခမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေအားလုံးကို MSF က တိုက်တွန်းထားပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကချင်လွတ်မြောက်ရေးတပ်မတော်-KIA နဲ့ ပြည်သူ့ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့အကြားတိုက်ပွဲတွေဖြစ်နေတာပါ။
စစ်ကောင်စီဘက်ကတော့ မနေ့က စက်တင်ဘာလ ၂၆ ရက် ညမှာ PDF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး ပြောလာပါတယ်။
KIA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကတော့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ဟာ ဘာကြောင့် အာဏာလွှဲပြောင်းယူတာကို ထုချေလွှာတင်တာနဲ့ သန်းခေါင်စာရင်းကောက်မယ်ဆိုတဲ့ ကြေညာချက် သာ ဖြစ်လို့ ခေါ်ပုံခေါ်နည်းလိုအပ်နေတယ်လို့ ပြောဆိုထားပါတယ်။
ပုံစာ- HIV ဝေဒနာခံစားနေရသူတစ်ဦး
Burma Associated Press
Top News
လွန်ခဲ့သော ၃ ရက် က