bap-logo
Politics

အရပ်သားသတ်ဖြတ်မှုနှင့် ဖမ်းဆီးမှု မြန်မာစစ်တပ် တိုးမြှင့်လုပ်ဆောင်နေဟု ကုလအစီရင်ခံ

w9gB4t42KId92oomN8dBX-image

လွန်ခဲ့သော ၃ နာရီ က

BAP၊ ဘာသာပြန်။

 

အတိုက်အခံများကို ဖိနှိပ်ရန်နှင့် ပဋိပက္ခတိုးပွားလာ၍ စစ်သားစုဆောင်းရန် ရည်ရွယ်၍ မြန်မာစစ်အုပ်စုက သတ်ဖြတ်မှုများနှင့် ဖမ်းဆီးမှုများ မြှင့်တင်လုပ်ဆောင်နေပြီး ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း လူပေါင်း သောင်းချီ၍ ဖမ်းဆီးခံခဲ့ရသည်ဟု ကုလအစီရင်ခံစာတစ်စောင်က အင်္ဂါနေ့တွင် ပြောသည်။

 

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ၏ အစီရင်ခံစာသည် ကျူးလွန်ခံရသူနှင့် မျက်မြင်သက်သေ ရာဂဏန်းကို အဝေးမှ မေးမြန်းချက်များပေါ် တစ်စိတ်တစ်ပိုင်း အခြေခံထားပြီး စစ်အာဏာသိမ်းစဉ်ကစ၍ အရပ်သား ၅,၃၅၀ သေဆုံးခဲ့သည်ဟု ဆိုသည်။

 

ယခု ကုလအစီရင်ခံစာအတွက် စာရင်းကောက်ယူထားသော ဧပြီလ ၂၀၂၃ ခုနှစ်နှစ် ဂျွန်လ ၂၀၂၄ ခုနှစ် အကြားတွင် ၂,၄၁၄ ဦးသေဆုံးခဲ့ပြီး ရာဂဏန်းခန့်မှာ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကာ ယခင်အစီရင်ခံစာတွင် ကောက်ယူရရှိမှု ထက် ၅၀% ပိုမို များပြားလာသည်။

 

မြန်မာစစ်တပ်ပြောခွင့်ရသူကို မှတ်ချက်ပေးရန် ခေါ်ဆိုခဲ့သော်လည်း တုန့်ပြန်ခြင်း မရှိပါ။

 

အစီရင်ခံစာတွင် နိုင်ငံအဝှမ်း ထိန်းသိမ်းခံရသူပမာဏကိုလည်း ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက် လူပေါင်း ၂၇,၄၀၀ နီးပါး အဖမ်းခံရပြီး ၎င်းအရေအတွက်တွင် နောက်ဆုံးအစီရင်ခံစာကာလအတွင်း ဖမ်းဆီးခံရသူ ၉,၀၀၀ ကျော်လည်း ပါဝင်သည်ဟု ဖမ်းဆီးခံရသူများ၏ အမည်များကို ကိုးကား ဖော်ပြထားသည်။ ၎င်းတို့အနက် အများအပြားမှာ စစ်တပ်လေ့ကျင့်ရေးကျောင်းများတွင် ရှိနေမည်ဟု ယူဆရကြောင်းလည်း ဖော်ပြထားသည်။

 

အာဏာပိုင်များ၏ ဖမ်းဆီးခံထားရသူများတွင် "နိုင်ငံရေးအတိုက်အခံပြုလုပ်ခြင်းအတွက် အပြစ်ပေးသည့် ပုံစံတစ်မျိုးအဖြစ်” မိဘကို ရှာမတွေ့၍ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ကလေးသူငယ်များလည်း ပါဝင် သည်ဟု အစီရင်ခံစာက ဆိုသည်။

 

ဖမ်းဆီးထိန်းသိမ်းခံရသူများကို မတရားဖိနှိပ်မှုများမှာ နှိပ်စက်ညှဉ်းပန်းမှုအဆင့်အထိ ရောက်သော ဖြစ်စဉ်များကို အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည်။ အစားအစာနှင့် ရေ ဖြတ်တောက်ခြင်း၊ မြွေနှင့် အင်းဆက်ပိုးမွှားများဖြင့် ကြောက်ရွံ့စေခြင်း၊ ဝါးတုတ်များဖြင့် ရိုက်နှက်ခြင်း၊ မော်တောဆိုင်ကယ် ချိန်းကြိုးဖြင့် ရိုက်နှက်ခြင်းတို့ ပါဝင်သည်။

 

အာဏာသိမ်းစဉ်ကစ၍ ဖမ်းဆီးထားသူ အနည်းဆုံး ၁,၈၅၃ ဦး သေဆုံးခဲ့ပြီး ကလေးသူငယ် ၈၈ ဦး ပါဝင်သည်ဟု ကုလ အခွင့်အရေးရုံး ပြောခွင့်ရ Liz Throssell က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 

ဒီလူတွေကို ဖမ်းဆီးထိန်းသိမ်းထားစဉ် မတရားဖိနှိပ် စစ်ဆေးမေးမြန်းမှုခံရတဲ့အတွက်နဲ့ အခြား တလွဲဆက်ဆံမှုများကြုံရတဲ့အတွက်သော်လည်းကောင်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့အတွက်သော်လည်းကောင်း သေလုမျောပါးဖြစ်သွားကြတယ်လို့ အတည်ပြုနိုင်ပါတယ်။” ဟု သူမက ပြောသည်။

 

မြန်မာနိုင်ငံမှ အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC)သို့ လွှဲပြောင်းရေး မဟာမင်းကြီး Turk က ထပ်မံ အကြံပြုတိုက်တွန်းခဲ့သည်။

 

ကိုးကား - Reuters

 

ပုံစာ - ဂျူလိုင်လ ၁၉ ရက် ၂၀၁၉ ခုနှစ်က မြန်မာရဲတပ်ဖွဲ့ဝင်များ ရခိုင်ပြည်နယ် မောင်တောမြို့တွင် စောင့်ကြပ်နေစဉ်။ REUTERS/Ann Wang/File Photo

 

Burma Associated Press

 

အသတ်ခံရ
မြန်မာ
အာဏာသိမ်း
နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး

Share With
bap-logo