bap-logo
Politics

ရုရှားနိုင်ငံတွင် အီရန် အဆင့်မြင့်သံတမန်နှင့် ဟားမက်စ်ကိုယ်စားလှယ်တို့ တွေ့ဆုံ

ZUtIdU9b4DrL2Lsz8_0zD-image

လွန်ခဲ့သော တစ်နှစ် က

အီရန်အဆင့်မြင့်သံတမန်တစ်ဦးသည် ရုရှားသံတမန်များနှင့် ဆွေးနွေးပြီးနောက် ဟားမက်စ်ကိုယ်စားလှယ် များဖြင့် မော်စကိုတွင် တွေ့ဆုံခဲ့ကြောင်း ရုရှားနှင့် အီရန်မီဒီယာများက သောကြာနေ့တွင် ဖော်ပြထားသည်။ ရုရှား သည် အစ္စရေး-ဟားမက်စ်စစ်ပွဲတွင် လုပ်ပိုင်ခွင့်အာဏာပွဲစားတစ်ဦးအဖြစ် ၎င်း၏ သြဇာအာဏာကို ချဲ့ထွင်ရန် ကြိုးပမ်းသည့်အနေဖြင့် ၎င်းတွေ့ဆုံမှုများ စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု AP သတင်းဌာနက ဖော်ပြထားသည်။

 

ဟားမက်စ်ကိုယ်စားလှယ် Moussa Abu Marzouk နှင့် တွေ့ဆုံစဉ်အတွင်း အီရန် ဒုနိုင်ငံခြားရေးဝန်ကြီး Ali Bagheri Kani က အပစ်အခတ်ရပ်စဲရေး၊ ဂါဇာကမ်းမြှောင် ပိတ်ဆို့မှု ဖယ်ရှားရေးနှင့် လူသားချင်း စာနာမှုအထောက်အပံ့များ ပေးအပ်ရေး လိုအပ်ပုံတို့ကို အလေးပေးပြောကြားခဲ့ကြောင်း မော်စကိုရှိ အီရန် သံရုံးမှ သောကြာနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းထုတ်ပြန်ချက်ကို ရုရှားနိုင်ငံပိုင်သတင်း အေဂျင်စီများက တင်ပြခဲ့ခြင်းဖြစ်သည်။

 

ပါလက်စတိုင်းလူထုကို အီရန်က ထောက်ပံ့အားပေးသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း Abu Marzouk က Baheri Khani ကို ပြောကြားခဲ့သည်ဟု အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက ဖော်ပြ ထားသည်။

 

အစည်းအဝေးမတိုင်မီ ကြာသပတေးနေ့တွင် Abu Marzouk သည် ရုရှားသံတမန်များနှင့် ဆွေးနွေးခဲ့သည်။ ၎င်း၏ မော်စကိုခရီးစဉ်ကို အစ္စရေးက ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့သည် ဂါဇာကမ်းမြှောင်မှ ဓားစာခံများ လွှတ်ပေးရေးနှင့် နိုင်ငံခြားသားများ ထွက်ခွာခွင့်ပေးရေးတို့ကို ဆွေးနွေးခဲ့သည် ဟု ပြောကြားခဲ့သည်။

 

ယူကရိန်းကို ကျူးကျော်စစ် တိုက်ခိုက်နေသော်လည်း ရုရှားသည် ဟားမက်စ်တို့၏ အောက်တိုဘာ ၇ ရက် အစ္စရေးကို ကျူးကျော်တိုက်ခိုက်မှုတွင် ဖျန်ဖြေသူအဖြစ် ပါဝင်ရန် အားထုတ်နေမှုကို ဖော်ပြနေသည်။ အစ္စရေး-ဟားမက်စ်စစ်ပွဲတွင် ရုရှားနိုင်ငံသား ၁၉ ဦး အနည်းဆုံး သေဆုံးခဲ့သည်။

 

အစ္စရေးနှင့် ပါလက်စတိုင်းနှစ်ဘက်လုံးဖြင့် မိတ်ဆွေဖြစ်နေသည့်အတွက် ရုရှားအစိုးရအနေဖြင့် ကြားဝင် ဖျန်ဖြေသူအနေဖြင့် ဆောင်ရွက်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခုလအစောပိုင်းတွင် ကြေညာ ခဲ့သည်။ "တစ်ဘက်တည်းနဲ့ပဲ ဆက်ဆံဆောင်ရွက်မယ်ဆိုတာ ဘယ်သူမှ သံသယမရှိနိုင်ပါဘူးဟုလည်း ၎င်းက ပြောကြားခဲ့သည်။

 

မျှတစွာ ဆက်ဆံမည်ဟု ၎င်း၏ အရေးဆိုခဲ့သော်လည်း ရုရှားက တင်သွင်းခဲ့သော အရပ်သားများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရှုတ်ချသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ချမှတ်ဆုံးဖြတ်မှုတွင် ဟားမက်စ်တို့ကို ဖော်ပြထားခြင်းမရှိပေ။ ၎င်းထုတ်ပြန်ချက်ကို ကောင်စီက ပယ်ချခဲ့သည်။

 

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှား၏ ဟားမက်စ်ကိုယ်စားလှယ်များ မော်စကိုသို့ ဖိတ်ခေါ်ရန် ဆုံးဖြတ် ချက်ကို "အကြမ်းဖက်ဝါဒ အားပေးသည့်လုပ်ရပ်” ဟု ပြင်းထန်စွာ ဝေဖန်ပြောဆိုခဲ့ပြီး ရုရှားမှ ၎င်းကိုယ်စား လှယ်များ နှင်ထုတ်ရေး တောင်းဆိုခဲ့သည်။

 

မော်စကိုအနေဖြင့် ပါဝင်သူအားလုံးနှင့် ဆက်သွယ်မှုထိန်းသိမ်းထားရေး လိုအပ်သည်ဟု ယုံကြည်ကြောင်း ကရင်မလင်ပြောခွင့်ရ Dmitry Peskov က သောကြာနေ့တွင် တုံ့ပြန်ခဲ့သည်။ ရုရှား၊ အီရန်နှင့် ဟားမက်စ်တို့၏ ကိုယ်စားလှယ် အားလုံး ကြာသပတေးနေ့တွင် တွေ့ဆုံခဲ့ခြင်း ရှိ မရှိ ရှင်းလင်းစွာ မသိရပါ။

 

Abu Marzouk က ၎င်းနှင့် ရုရှားသံတမန်များသည် ပါလက်စတိုင်း ပြဿနာနှင့် ဆက်နွယ်သည့်အရေးများ၊ "အမေရိကန်ပုံဖော်နေသည်နှင့် မတူခြားနားသော ဒေသနှင့် လူသားမျိုးနွယ်၏ အနာဂတ်ကို မည်ကဲ့သို့ ပူးတွဲ ဆုံးဖြတ်မည်ဆိုသည်" ကို ဆွေးနွေးခဲ့ကြောင်း သောကြာနေ့တွင် ထုတ်ဝေသော ရုရှားနိုင်ငံပိုင် RIA Novosti သတင်း အေဂျင်စီကို မှတ်ချက်ပေးပြောကြားခဲ့သည်။

 

ရုရှား၏ ဟားမက်စ်တို့ကို ဖိတ်ခေါ်မှုသည် "ရုရှားသည် ဟားမက်စ်တို့ကို အကြမ်းဖက်သမားများအဖြစ် မသတ် မှတ်ဘဲ ဟားမက်စ်လူထု၏ အခွင့်အရေးများကို ကာကွယ်သည့် လွတ်မြောက်ရေးလှုပ်ရှားမှုတစ်ခုအဖြစ်နှင့် တရားမျှတရေး စစ်ပွဲဆင်နွှဲနေသည်ဟုသာ ယူဆကြောင်း တစ်ကမ္ဘာလုံးသို့ သတင်းစကားပြောကြားလိုက်ခြင်း ဖြစ်ကြောင်း" ၎င်းက မှတ်ချက်ပြုခဲ့သည်။

 

ရုရှားအစိုးရက အစ္စရေးနှင့် ဟားမက်စ်အကြား စစ်ပွဲကို မှတ်ချက်ပြုရာတွင် အစ္စရေးနှင့် လွန်ခဲ့သည့် နှစ်များအတွင်း ကုန်သွယ်ရေးနှင့် အခြားအဆက်အသွယ်များ ပုံမှန် တိုးချဲ့နေကြောင်း၊ လုံခြုံရေးပူးပေါင်းမှု ခိုင်မာအောင်လုပ်ဆောင်နေကြောင်း ကာကွယ်ပြောဆိုနေခဲ့သည်။ သို့ရာတွင် ဟားမက်စ်တို့၏ ခရီးစဉ်သည် ရုရှားအစိုးရ၏ ၎င်းအဖွဲ့နှင့်သော်လည်းကောင်း ၎င်းအဖွဲ့ကို ကျောထောက်နောက်ခံပြုနေသည့် အီရန်နင့်သော် လည်းကောင်း အရေးပါသည့် ဆက်ဆံရေးအပေါ် ရှုမြင်ပုံနှင့် ဒေသတွင်း ဩဇာအာဏာထိန်းသိမ်းထားရေး အရေးပါပုံ တို့ကို ထင်ဟပ်ဖော်ပြနေသည်။

 

ဂါဇာမှ စစ်ပွဲသည် ရုရှားအစိုးရအတွက်မဟာဗျူဟာအရ အရေးပါသည်” ဟု ၎င်းက ယူဆထားသည့် ဒေသအတွက် "၎င်းကို၎င်း သံတမန်မိတ်ဖက်အဖြစ် ပါဝင်နိုင်ရေး အခွင့်အလမ်းတစ်ရပ်" ဖြစ်ကြောင်း ဝါရှင်တန် အခြေစိုက် ကာနက်ဂျီနိုင်ငံတကာ ငြိမ်းချမ်းရေးထောက်ပံ့မှု အတွေးအခေါ်ပညာရှင်အဖွဲ့အဆိုအရ သိရသည်။

 

ဆိုဗီယက်ယူနီယံပြိုကျခဲ့ပြီးနောက် ရုရှားနှင့် အစ္စရေးတို့သည် ကုန်သွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းမှု ပုံမှန် ချဲ့ထွင်လာခဲ့ကြပြီး ပူတင် ရုရှားသို့ ကျူးကျော်သော်အခါ ရုရှားအမြောက်အများ အစ္စရေးသို့ ပြောင်းရွှေ့ ခဲ့ကြသည်။ သို့သော် ၎င်းကျူးကျော်မှုသည် ဆက်ဆံရေးကို စမ်းသပ်မှုတစ်ခုဖြစ်ခဲ့ပြီး အစ္စရေးက ယူကရိန်းကို ထောက်ခံအားပေးကြောင်း ပြောဆိုခဲ့သော်လည်း လက်နက်ထောက်ပံ့ရန် ငြင်းဆိုခဲ့သည်။ ပူတင်က ဂျူးလူမျိုး ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်စကီးကို ခေတ်သစ်နာဇီဟု စွပ်စွဲခဲ့သည့်အတွက် အစ္စရေးလူမျိုးအများ အပြားက ဒေါသထွက်ခဲ့ကြသည်။

 

ပူတင်၏ ယူကရိန်းစစ်ပွဲသည်လည်း ရုရှားအစိုးရကို အီရန်နှင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းစေခဲ့သည်။ အီရန်က ရုရှားအစိုးအရအတွက် Shahed ဖောက်ခွဲရေးဒရုန်း ရာပေါင်းများစွာ ပေးအပ်ခဲ့ပြီး ရုရှားစစ်တပ်က ယူကရိန်း စွမ်းအင်ဆိုင်ရာ အဆောက်အအုံများနှင့် အခြား အချက်အခြာအဆောက်အအုံများကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည်။ အီရန်က ရုရှားကို ဒရုန်းစက်ရုံတည်ဆောက်ရေးနည်းပညာများ ပေးအပ်ခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

 

အပြန်အလှန်အားဖြင့် ရုရှားအစိုးရက အဆင့်မြင့် ဂျက်တိုက်လေယာဉ်များနှင့် အခြား ခေတ်မီလက်နက်များ ပေးအပ်ခဲ့ဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။

 

ကြာသပတေးနေ့တွင် Bagheri Khani သည် ရုရှားအစိုးရ၏ အရှေ့အလယ်ပိုင်းသံတမန်အဖြစ် တာဝန် ယူထားသည့် ရုရှားဒုနိုင်ငံခြားရေးဝန်ကြီး Mikhail Bogdanov နှင့် အခြားရုရှားအဆင့်မြင့်သံတမန်များနှင့် တွေ့ဆုံခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့၏ ဆွေးနွေးမှုသည် ဂါဇာမှ ရန်မီးများ ငြိမ်းသတ်ရေး၊ ပါလက်စတိုင်းများအတွက် လူသားချင်းစာနာမှုအထောက်အပံ့များ ပေးအပ်ရေးတို့ကို အာရုံစိုက် ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့သည်။

 

ကိုးကား - AP

ပုံစာ - အောက်တိုဘာ ၂၆ ရက် ၂၀၂၃ ခုနှစ် မော်စကိုမြို့ သုံးနိုင်ငံအစည်းအဝေးတွင် တွေ့ရသော အီရန် ဒုနိုင်ငံခြားရေးဝန်ကြီး Ali Bagheri Kani ရုရှားဒုနိုင်ငံခြားရေးဝန်ကြီးနှင့် ပူတင်၏ အရှေ့အလယ်ပိုင်း အထူးသံတမန် Mikhail Bogdanov ဟားမက်စ်နိုင်ငံတကာ ဆက်ဆံရေးအကြီးအကဲ Mousa Abu Marzouk (Photo: Hamas Telegram channel)

 

Burma Associated Press

ရုရှား
အစ္စရေး
ပါလက်စတိုင်း
ဟားမက်စ်
ဂါဇာ

Share With
bap-logo