bap-logo
Politics

ယူကရိန်းသမ္မတ၏ ဖိတ်ကြားချက်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌသစ် မက်ကာသီ ငြင်းဆို

GP3Of_Tz3k_zRGRS5Qz-k-image

လွန်ခဲ့သော ၂ နှစ် က

မတ်

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌသစ် ကီဗင်မက်ကာသီ (Kevin McCarthy) က သူ့အနေဖြင့် ယူကရိန်းနိုင်ငံသို့ သွားရောက်ရန် အစီအစဉ်မရှိကြောင်းပြောဆိုကာ ယူကရိန်းသမ္မတ ဗလော်ဒီမာ ဇလန်းစကီး၏ ကိဗ်ယက်သို့လာရောက်ရန် ဖိတ်ကြားချက်ကို ငြင်းဆိုလိုက်ကြောင်း သိရသည်။

 

စီအင်အင်သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ယူကရိန်းသမ္မတက ရီပတ်ဘလီကန် တစ်ဦး ဖြစ်သည့် မက်ကာသီအား ယူကရိန်း၏အခြေအနေကို ကိုယ်တိုင်လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

 

"မစ္စတာ မက်ကာသီအနေနဲ့ ကျွန်တော်တို့ ဒီမှာ ဘာတွေဖြစ်နေတယ်၊ ဘယ်လိုလုပ်နေရတယ်ဆိုတာ လာကြည့် သင့်ပါတယ်။ အဲဒီလို လာကြည့်ပြီးမှ ယူဆချက်တွေကို ပြောသင့်တယ်"ဟု ဇလန်းစကီးက အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ရုရှားက ယူကရိန်းကို ကျူးကျော် ဝင်ရောက်ပြီးနောက်ပိုင်း ယူကရိန်းအတွက် စစ်ရေးအကူအညီ ကန်ဒေါ်လာ ၃၂ ဘီလျံခန့် ပေးအပ်ခဲ့ပြီး ဖြစ်သော်လည်း လက်ယာစွန်းရီပတ်ဘလီကန်အချို့က စစ်ရေးအကူအညီ ဆက်လက်ပေးအပ်ရန် ငြင်းဆန်လျှက် ရှိကြောင်း သိရသည်။

 

ယူကရိန်းသမ္မတ၏ ဖိတ်ကြားချက်နှင့်ပတ်သက်၍ မေးမြန်းရာ မက်ကာသီက သူ့အနေဖြင့် ယူကရိန်းသို့ သွားရောက်ရန် မလိုအပ်ကြောင်း၊ အခြားနည်းအခြားဟန်ဖြင့်သာ လိုအပ်သည့်သတင်းအချက်အလက် ရယူသွားမည်ဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။

 

"ကျွန်တော် ပုံမှန်အတိုင်းပဲ သက်ဆိုင်ရာ ရှင်းလင်းပြောကြားချက်တွေကို နားထောင်သွားမှာပါ။ ဒါပေမဲ့ အဲဒီ အခြေအနေတွေကို ကြည့်ရအောင်ဆိုပြီး ယူကရိန်း ဒါမှမဟုတ် ကိဗ်ယက်ကို သွားမှာမဟုတ်ပါဘူး။"

 

မက်သာသီက သူ့အနေဖြင့် ယူကရိန်းဘက်က ထောက်ခံသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလက အောက်လွှတ်တော်ကို ထိန်းချုပ်ထားသည့် ရီပတ်ဘလီကန်များက ကိဗ်ယက်စိတ်တိုင်းကျ တောင်းသလောက် ပေးအပ်လိုခြင်းမရှိကြောင်း သိရသည်။

 

ယူကရိန်းသမ္မတ၏ ဖိတ်ကြားချက်မှာ အမေရိကန်အစိုးရ ဘတ်ဂျက်လိုငွေပြမှု၊ လာမည့်လ အနည်းငယ်အတွင်း ကြွေးမြီကန့်သတ်ချက် ရောက်ရှိလာနိုင်သည့်အခြေအနေများနှင့် နပန်းလုံးခိုက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်သည် ၎င်း၏ ဘတ်ဂျက်အဆိုပြုချက်ကို ကြာသပတေးနေ့တွင် ထုတ်ဖော် ပြသရန် စီစဉ်ထားသည်။

 

အမေရိကန်သမ္မတသည် အခြားသော အမေရိကန်တာဝန်ရှိသူများနှင့် ကွန်ဂရက်အဖွဲ့ဝင်များကဲ့သို့ ယူကရိန်း စစ်ပွဲတစ်နှစ်ပြည့်တွင် စည်းလုံးမှုပြသရန် ပြီးခဲ့သည့်လက ယူကရိန်းသို့ ရှောင်တခင် သွားရောက်ခဲ့သည်။

 

Source – CNA/ပုံ - အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌသစ် ကီဗင်မက်ကာသီ

 

Burma Associated Press

ယူကရိန်း
မက်ကာသီ
ဗလော်ဒီမာ ဇင်လင်စကီး

Share With
bap-logo