bap-logo
Local News

စစ်ရှောင်ရင်းမွေးသည့် အမွှာကလေး အပါအဝင် ကိုယ်ဝန်ဆောင်နှင့်သက်ကြီး ရွယ်အိုများ အတွက် အကူအညီလိုအပ်နေ

Eeryx6QOdhG8jt8ASHGJS-image

လွန်ခဲ့သော ၂ နှစ် က

စစ်ကိုင်း၊ မတ် ၈။

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ရှောင်ပြည်သူများတွင် ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ် တစ်ရာထက်မနည်းရှိပြီး အကူအညီများလိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေး နေသူများထံမှ သိရသည်။

 

“စစ်ရှောင်ရင်းနဲ့လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အအေးမိ ညောင်းညာလို့ ဖျားနာကြတဲ့ အခြေအနေတွေ ရှိနေပါတယ်” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကဆိုသည်။

 

 

စစ်ဘေးရှောင်ရင်း မွေးဖွားခဲ့သည့် အမွှာကလေးငယ်လည်းရှိနေပြီး မိခင်နို့ရည် မသောက်နိုင်သည့် ယင်းတို့အတွက် နို့ဘူးတစ်ဘူးဖြင့် တစ်ရက်လျှင် နှစ်ကြိမ်သာတိုက်နိုင်သည်ဟုလည်း ကူညီဆောင်ရွက် ပေးနေသူများထံမှသိရသည်။

 

“ကလေးအမွှာပူးလေးဟာ စစ်ရှောင်ရင်း မွေးခဲ့တာဖြစ်ပြီး နေအိမ်ကလည်း မီးလောင်၊ မိဘဖြစ်သူတို့က လည်း ဆင်းရဲကြပြီး အတော်လေးကို ဒုက္ခရောက်နေပါတယ်။ အခြား အရေးပေါ် အကူအညီလို အပ်နေတဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကျန်းမာရေးစောင့်ရှောင့်မှုတွေ လိုအပ်နေလို့ ကူညီပေးဖို့မေတ္တာရပ်ခံပါတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကဆိုသည်။

 

စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည် ဖေဖော်ဝါရီလ ၂၅ ရက်မှစတင်ကာ ခင်ဦးမြို့ အနောက်ဘက်ရှိ ကျေးရွာများဖြစ်သော ကံသာယာ၊ ကံသစ်၊ ငှက်ပျောရွာ၊ ဗအိုးရွာ၊ အင်တိုင်ကြီး၊ စည်ပုတ္တရာစသည့် ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်နေသည့်အတွက် ဒေသခံ ၉,၀၀၀ ကျော် ရှောင်တိမ်းနေရကြောင်း သိရသည်။

 

အာဏာသိမ်းပြီးချိန်မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ အကြမ်းဖက်မှု ကြောင့် ကျေးရွာ ၆၆ ရွာမှ နေအိမ်ပေါင်း ၄၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး ရဲဘော်၊ ပြည်သူ ၂၅၀ ဦး ကျဆုံးပြီးဖြစ်သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှသိရသည်။

 

ပုံစာ  - စစ်ဘေးရှောင်ရင်း မွေးဖွားခဲ့သည့် အမွှာကလေးငယ်နှစ်ဦး (ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး)

 

Burma Associated Press

 

 

 

 

 

ဒုက္ခသည်
ကိုယ်ဝန်ဆောင်
ကလေးသူငယ်
စစ်ကိုင်း
အရပ်သား
အမျိုးသမီးများ

Share With
bap-logo