Local News
ကန့်ဘလူခရိုင်အတွင်း စစ်ရှောင်များ ပိုတိုးလာကာ ကျေးရွာအချို့ အကြိမ်ကြိမ်မီးရှို့ခံနေရ
လွန်ခဲ့သော ၂ နှစ် က
ကန့်ဘလူ၊ မတ် ၆။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ အရှိန်မြှင့် လာသည်နှင့်အမျှ စစ်ရှောင်အရေအတွက်မှာတိုးလာပြီး၊ အချို့ကျေးရွာများမှာအကြိမ်ကြိမ်မီးရှို့ ခံနေရကြောင်း သိရသည်။
" ကန့်ဘလူမြို့နယ်မှာစစ်ကြောင်းထိုးထားတွေ အရင်ထက်ပိုပြီးစိပ်လာတယ်။ စစ်ရေးတင်းမာမှုတွေ လည်း နည်းနည်းအရှိန်မြှင့်လာတဲ့သဘောမှာရှိတယ်။ အဲဒါကြောင့် ကန့်ဘလူခရိုင်ကို ပြည်သူလူ ထုတွေအနေနဲ့ ပိုအာရုံစိုက်ပေးစေချင်တယ်။ စစ်ရှောင်ဦးရေလည်း သုံးသောင်းနဲ့အထက်မှာ ရှိနေပြီ" ဟု ကျွန်းလှ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူကပြောသည်။
ထို့အပြင် ယင်းတိုက်နယ်ရှိကျေးရွာအချို့ကိုလည်း အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်နေ ကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၄ ရက်တွင်စစ်ကောင်စီတပ်သားများက စစ်ကြောင်း နှစ်ကြောင်းခွဲကာ ကိုးတောင်ဘို့ တိုက်နယ် အတွင်းရှိ အောက်တဲကျေးရွာကို သုံးကြိမ် မြောက်အဖြစ်လည်းကောင်း၊ ပင့်သာတိုက်နယ်အတွင်းရှိ ပင့်သာ (တည်ပင်) ကျေးရွာကိုလေးကြိမ်မြောက်အဖြစ်လည်းကောင်း ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည်။
" အဆက်အသွယ်ရသလောက်က အောက်တဲကိုအခုချိန်ထိမီးရှို့နေတုန်းပဲဆိုပြီးသိရတယ်။ မနေ့က ထိတော့ အိမ် ၂ လုံးပဲလောလောဆယ် ရှို့ထားသေးတယ်လို့ အဆက်အသွယ်ရတဲ့အချိန်တုန်းက ပြောခဲ့တယ်" ဟု ယင်း တာဝန်ခံကထပ်မံ ပြောသည်။
အဆိုပါအောက်တဲကျေးရွာသို့ဝင်ရောက်ခဲ့သည့် စစ်ကြောင်းမှာ ကိုးတောင်ဘို့အထိုင် ခြေလျင် တပ်ရင်း - ၁၃၇ (ပူတာအိုခရိုင်၊ မချမ်းဘော့) မှအင်အား ၆၀ပါဝင်သည့်စစ်ကြောင်းဖြစ်ကြောင်း၊ ယင်းကျေးရွာကို ၂၀၂၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလများတွင် နှစ်ကြိမ်တိုင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်းနှင့် အိမ်ခြေ ၂၄၁ လုံးရှိသည့်အနက် ပြည်သူပိုင်နေအိမ် ၄၀ လုံးမှာ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ် ကြောင်းသိရသည်။
ထို့အတူပင့်သာတိုက်နယ်အတွင်းရှိ ပင့်သာ (တည်ပင်)ကျေးရွာအား စစ်ကောင်စီလက်အောက်ခံ ခြေမြန် တပ်ရင်း ၃၆၈ (ခန့်မှန်း) နှင့် ပျူစောထီးများပါဝင်သည့်အင်အား ၁၅၀ ခန့်က ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပင့်သာရွာသည်လည်း ၂၀၂၂ ခုနှစ် သြဂုတ်လ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများက စစ်ကောင်စီတပ်၏ သုံးကြိမ်တိုင်တိုင်မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရကြောင်းနှင့် အိမ်ခြေ ၆၃၅ လုံးရှိသည့်အနက် ၉၉ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပြီးဖြစ်သည်။
ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များသည် ဆက်တိုက် မီးရှို့ဖျက်ဆီးနေသည့်အပြင် အများပြည်သူပိုင် လယ်ယာသုံးပစ္စည်းများ၊ တိရိစ္ဆာန်များနှင့် ပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းများကို လုယက်သည့်ဖြစ်စဉ်ကို ပိုမိုလုပ်ဆောင်လာကြောင်းသိရသည်။
ယခုနှစ် ဖေဖော်ဝါရီ တစ်လအတွင်း မြန်မာနိုင်ငံတဝန်း နေအိမ် ခြောက်ထောင်ကျော် (၆၁၃၇ လုံး) မီးရှို့ခံရပြီး ယင်းတို့အနက် ဘာသာရေးအဆောက်အဦး ၁၁ ခုနှင့် စာသင်ကျောင်း ၁၁ ခု ပါဝင်သည်ဟု NUG တရားရေးဝန်ကြီးဌာန မှတ်တမ်းများ အရသိရသည်။
မီးရှို့ခံရမှု အများစုသည် စစ်ကိုင်းတိုင်းအတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စုစုပေါင်း နေအိမ် ငါးထောင် ကျော် ( ၅၇၆၇ လုံး ) မီးရှို့ခံခဲ့ရသည်ဟုလည်း အဆိုပါစာရင်းကဆိုသည်။
ဓာတ်ပုံ- ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
Burma Associated Press
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၀ ရက် က