bap-logo
Local News

ခင်ဦးတွင် လက်နက်ကြီးစထိမှန်မှုကြောင့် ကလေးငယ်နှစ်ဦး သေဆုံး

OGcjHrwrDFR8IvGypZQsy-image

လွန်ခဲ့သော ၂ နှစ် က

စစ်ကိုင်း၊ မတ်လ ၆။



စစ်ကိုင်းတိုင်း၊ ခင်ဦးနယ်ရှိ အလယ်ရှိုကျေးရွာမှ အသက် ၈ နှစ်နှင့် ၁၂နှစ်အရွယ် ကလေးနှစ်ဦးသည် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့ကြောင်းခင်ဦးသတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။



ယင်းကျေးရွာမှ ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ယမန်နေ့က တောထဲတွင်နွားကျောင်းနေစဉ် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီစစ်ကြောင်းစဥ် ကျန်ရှိခဲ့သည့် လက်နက်ကြီးကျည် မတော်တဆ ပေါက်ကွဲကာ‌ အသက်သေဆုံးခဲ့ခြင်းဖြစ်သည်။



"တောထဲမှာကျန်ခဲ့တဲ့ ၇၉ ကျည်ဖူးကိုယူလာခဲ့ပြီး ကျေးရွာအစွန်က နေအိမ်တခုရဲ့ အုတ်ကန်မှာ အဲ့ဒီ ကျည်ဖူးကိုတင်ထားရာကနေ မတော်တဆ လွတ်ကျပေါက်ကွဲပြီး‌နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ တယ်" ဟု ယင်းအဖွဲ့က ဆိုသည်။



ယနေ့မတ်လ ၆ ရက်တွင် စစ်ရှောင်နေသည့် မုံလှကျေးရွာမှအသက် ၈ နှစ်အရွယ် ကလေးငယ် တစ်ဦးလည်း လက်နက်ကြီးထိမှန်ကာ ထပ်မံ သေဆုံးခဲ့ကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။



အဆိုပါဖြစ်စဉ်မှာ ရေဦးနယ်၊ အောင်သာယာပျူရွာရောက်နေသည့် စစ်ကောင်စီအင်အား ၁၀၀ ကျော်ပါသည့် စစ်ကြောင်းသည် တောထဲတွင်တိမ်းရှောင်နေသည့် ပြည်သူများကို လိုက်လံ ပစ်ခတ်ရာမှ ဖြစ်ပေါ်ခဲ့ခြင်းဟု ဆိုသည်။



လက်ရှိစစ်ကြောင်းသည် ခင်ဦးနယ်၊ကလုံကျေးရွာဘက်မှ ကျေးရွာများနှင့် စစ်ရှောင်များနေထိုင်ရာ နေရာများသို့ ဦးတည်ရာမဲ့အဆက်မပြတ် ရမ်းသမ်းကာပစ်ခတ်နေကြောင်းခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုသည်။

 

 

စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည် ဖေဖော်ဝါရီလ ၂၅ ရက်မှစတင်ကာ ခင်ဦးမြို့ အနောက်ဘက်ရှိ ကျေးရွာများဖြစ်သော ကံသာယာ၊ ကံသစ်၊ ငှက်ပျောရွာ၊ ဗအိုးရွာ၊ အင်တိုင်ကြီး၊ စည်ပုတ္တရာစသည့် ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်နေသည့်အတွက် ဒေသခံ ၉,၀၀၀ ကျော် ရှောင်တိမ်းနေရကြောင်း သိရသည်။

 

အာဏာသိမ်းပြီးချိန်မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ အကြမ်းဖက်မှု ကြောင့် ကျေးရွာ ၆၆ ရွာမှ နေအိမ်ပေါင်း ၄၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး ရဲဘော်၊ ပြည်သူ ၂၅၀ ဦး ကျဆုံးပြီးဖြစ်သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှသိရသည်။

 

 

ပုံစာ - 79 လက်နက်ကြီးကျည်ဖူး ပေါက်ကွဲရာမှသေဆုံးခဲ့သည့် ကလေးငယ် ( ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး)

 

Burma Associated Press

သေဆုံး
စစ်ကောင်စီ
ခင်ဦး
စစ်ကိုင်း
ကလေးသူငယ်
လက်နက်ကြီး

Share With
bap-logo