bap-logo
Politics

အရာတော်နယ်က PDF စခန်းတစ်ခု စီးနင်းခံရပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားသုံးဦးသတ်ဖြတ်ခံရ

DeDkGZy3lM6nENSS4_pMe-image

လွန်ခဲ့သော တစ်နှစ် က

အရာတော်၊ အောက်တိုဘာ ၁၇။

 

စစ်ကိုင်းတိုင်း၊ အရာတော်နယ် အနောက်တောင်ခြမ်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ PDF စခန်းတစ်ခုကို စီးနင်းခဲ့ပြီး အမျိုးသမီးတစ်ဦးပါအဝင် ကာကွယ်ရေး ရဲဘော်လေးဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကပြောပါတယ်။

 

စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၄ ရက်က စတင်ကာ အင်အား ၇၀ ကျော်နဲ့ လေးရက်ကြာ စစ်ကြောင်းထိုးနေတာလို့လည်း ဆိုပါတယ်.

 

အောက်တိုဘာ ၁၅ ရက်က ကျွန်းဖိုပင်ကျေးရွာမှာ ရဲဘော် အမျိုးသားတစ်ဦးနဲ့ အောက်တိုဘာ ၁၆ ရက်မှာ အောင်သာကုန်းကျေးရွာက PDF စခန်းတစ်ခုနဲ့ ရဲဘော်အမျိုးသမီးတစ်ဦး၊ အမျိုးသား နှစ်ဦးတို့ သတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ဆိုပါတယ်။

 

"စစ်ကြောင်းထိုးနေတဲ့အချိန်မှာ ရဲဘော်တွေက စခန်းကို ဝင်မစီးလောက်ဖူးလို့ထင်ပြီး သူတို့က နေလိုက်တာ။ အရပ်ဝတ်နဲ့ ပြည်သူအယောင်ဆောင်ပြီးလာတော့ စခန်းကိုအရင်ဝိုင်းတာ။ အဲဒီကျမှ ကာကွယ်ရေး တပ်တွေက ပစ်ပြီးထွက်ပြေးတာ၊ မပြေးနိုင်သူတွေကတော့ မိသွားတယ်။ မိသွားထဲအထဲက အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး အသတ်ခံလိုက်ရတယ်။ နောက်တစ်ဦး ကတော့ စစ်ကြောင်းကို ကင်းသွားထောက်နေရင်း သူတို့နဲ့တွေ့ပြီး ပစ်သတ်ခံလိုက်ရတာ“လို့ ဒေသခံ ကာကွယ်ရေးရဲဘော်တစ်ဦးက BAP ကို ပြောပါတယ်။

 

အဆိုပါ စီးနင်းခံလိုက်ရတဲ့ စခန်းဟာ အောင်သာကုန်းကျေးရွာအနီးက မုံရွာခရိုင် တပ်ရင်း - ၂၇ တပ်ခွဲ (၄) ရဲ့ စခန်းဖြစ်တယ်လို့ သိရပြီး စခန်းစီးနင်းခံလိုက်ရပြီးနောက် ဖမ်းဆီးခံလိုက်ရတဲ့ ရဲဘော် တွေကို စစ်ကောင်စီ တပ်သားတွေက ညှဉ်းပန်းနှိပ်စက်ပြီးမှ သတ်ဖြတ်သွားခဲ့တာ ဖြစ်တယ်လို့ အဆိုပါ သတင်းရင်းမြစ်က ဆက်ပြော ပါတယ်။

 

စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားတာကတော့ အောက်တိုဘာ (၁၅)ရက်က အရာတော် မြို့နယ် ကျွန်းဖိုပင်ကျေးရွာအနီးမှာ PDF အမျိုးသားတစ်ဦးအလောင်းနဲ့အတူ လက်လုပ် သေနတ် တစ်လက်၊ (၉ -မမ) ကျည် ငါးတောင့်၊ ပွိုင့်-(၃၀)ကျည် နှစ်တောင့်၊ ရီမုတစ်ခု သိမ်းဆည်းရရှိတယ်လို့ဆိုပါတယ်။

 

ဒါ့အပြင် အောက်တိုဘာ(၁၆)ရက် နံနက်ပိုင်းမှာလည်း အရာတော်မြို့နယ် အောင်သာကုန်းကျေးရွာ အနီးမှာ PDF အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးအလောင်းတွေနဲ့အတူ လက်လုပ်သေနတ် အရှည်တစ်လက်၊ (၁၂ ဗို့ကျည်) ရှစ်တောင့်၊ လက်လုပ်စိန်ပြောင်း ဗုံးသီး လေးလုံး၊ လက်လုပ် လက်ပစ်ဗုံး တစ်လုံး၊ လူနေတဲ နှစ်လုံး၊ ပြောက်ကျားအင်္ကျီ သုံးထည်၊ PDF တံဆိပ်ပါ အင်္ကျီသုံးထည်နဲ့ ဆိုင်ကယ်တစ်စီး ရရှိတယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ် လူမှုကွန်ယက်တွေမှာ ရေးသားထားပါတယ်။

 

ဒီကနေ့ အောက်တိုဘာ ၁၇ ရက်မှာတော့ စစ်ကောင်စီတပ်တွေက အရာတော် - ကျောက္ကာ - မုံရွာ လမ်းဘေးက ဝါးတန်းကျေးရွာနဲ့ ဆည်ကြီးတောကျေးရွာတွေမှာ စစ်ကြောင်းထိုး မွှေနှောက်နေ တာကြောင့် အနီးဝန်းကျင်က ဒေသခံပြည်သူ အများအပြား စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

 

ဒါ့အပြင် အရာတော်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးရာမှာ ဓားစာခံ လူသားဒိုင်းအဖြစ် ဒေသခံ ၂၀ ဦး ထက်မနည်းကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီတပ်က အရာတော်မြို့နယ် အနောက်တောင်ခြမ်းကို စစ်ကြောင်းထိုးမွှေနှောက်နေတာ ကြောင့် အရာတော် - မုံရွာ လမ်းပိုင်းကို ပြည်သူတွေအနေနဲ့ လတ်တလော အသုံးမပြုကြသေးဖို့ ကိုလည်း ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

 

ပုံစာ - အရာတော်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ် (ပုံဟောင်း)

 

Burma Associated Press

အရာတော်
ပြည်သူ့ကာကွယ်ရေးတပ်မတော်
သတ်ဖြတ်ခဲ့
အရပ်သား
စစ်ကိုင်း

Share With
bap-logo