Crime
ချောင်းဦးမြို့နယ်တွင် ဥပဒေမဲ့ သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် PDF ၄ ဦးကို NUG ဖမ်းဆီးအမှုဖွင့်ထား
လွန်ခဲ့သော ၂ နှစ် က
မေ ၄။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ပြီးခဲသည့်နှစ် ဩဂုတ်လက ဥပဒေမဲ့ သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်- PDF ၇ ဦးကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUGက သက်ဆိုင်ရာဌာနများနှင့် ပူးတွဲထုတ်ပြန်သည်။
ချောင်းဦးမြို့နယ်၌ ဒလန်သတင်းပေးဟု ယူဆရသည့် အရွယ်မရောက်သေးသူ ၅ ဦး အပါအဝင် လူငယ် ၇ ဦးကို ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် ဖမ်းဆီးခဲ့ပြီး ဩဂုတ်လ ၃၀ ရက်တွင် ဥပဒေမဲ့ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အသက်မပြည့်သေးသူ အမျိုးသမီး ၃ ဦး အပါအဝင် အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ပြီးနောက် အလောင်းများကို မြေမြှုပ် ဖျောက်ဖျက်ခဲ့သည်ဟုလည်း ဒေသတွင်း မီဒီယာများမှတဆင့် သိရသည်။
အဆိုပါ ပြစ်မှုကျူးလွန်သူ ၄ ဦးကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဩဂုတ်လ ၃၀ ရက်တွင် ချက်ချင်း ဖမ်းဆီးခဲ့ပြီး နောက်ရက်တွင် ကြွင်းကျန်ရစ်သော ရုပ်အလောင်းများကို တူးဖော်၍ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ထို့နောက် စက်တင်ဘာလ ၂၂ ရက်တွင် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ချောင်းဦးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံသို့ လွှဲပြောင်းခဲ့ပြီး မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က အမှုဖွင့်ခြင်း၊ သီးခြားနေရာတွင် ထိန်းသိမ်းထားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်တွင် တိုင်ကြားစာရရှိခဲ့ပြီး တစ်ပတ်အတွင်း ဒေသဆိုင်ရာ ဒေသဆိုင်ရာပြည်သူ့ ကာကွယ် ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ယင်းအမှုကို တရားဥပဒေနှင့်အညီ အရေးယူသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
NUG အနေဖြင့် အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံး ဆောင်ရွက်နေပြီး အရေးယူဆောင်ရွက်မှုကို အသိ ပေးသွားမည်ဖြစ်ကာ တရားဥပဒေစိုးမိုးရေးအတွက် ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ကျောသားရင်သား မခွဲခြားဘဲ တည်ဆဲဥပဒေများနှင့်အညီ အပြစ်ပေးသွားမည်ဟု ကတိပေးထားသည်။