Politics
နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေ ပြင်မည်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ပြော
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၂၄
မြန်မာ့အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းတို့ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်မည်ဟု ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ထုတ်ပြန်ခဲ့သည်။
နိုင်ငံအတွင်းနိုင်ငံရေးပါတီ များပြားနေပြီး ပါတီအလိုက် ပြည်သူကိုကိုယ်စားပြုနိုင်မှု အားနည်းနေကြောင်း ၎င်းကဆိုပြီး ပါတီများ ပိုမိုကျစ်လစ်စွာဖြင့် ထောက်ခံသူပြည်သူများကို စုစုစည်းစည်း ကိုယ်စားပြုနိုင်ရန် အဆိုပါဥပဒေကို သုံးသပ်ပြီး ပြင်ဆင်ပြဌာန်းရန်လိုကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်သည့် နိုင်ငံရေးပါတီများ မပါဝင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းအပြင် ၎င်းတို့နှင့် ဆွေးနွေးခဲ့သော EAO အဖွဲ့များနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု စနစ်တည်ဆောက်ရေးမူအားဖြင့် သဘောတူထားပြီးဖြစ်ကြောင်း၊ ပြည်သူများ ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ရွေးကောက်ပွဲကို ပြည်သူများအားလုံးပါဝင်သည့် လွတ်လပ်၍တရားမျှတပြီး အကြားအလပ်မရှိ ကျင်းပနိုင်ရန် လိုကြောင်းလည်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားသည်။
စစ်ကောင်စီက ယခုနှစ်တွင် ကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြု စနစ်ထဲမှ (Close List PR) စနစ်ကျင့်သုံးမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
နိုင်ငံတကာအသိုင်းအဝိုင်းကမူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူ နိုင်ငံရေးသမား များ ဖမ်းဆီးခံထားရခြင်းကြောင့် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲ တရားမျှတမှု ရှိနိုင်မည်မဟုတ်ကြောင်း ဝေဖန်ထားကြသည်။
Burma Associated Press