မင်းတပ်၊ ဇန်နဝါရီ ၂၄။
ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်းသို့ ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် တရက်ထဲတွင် လေကြောင်း တိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) ထံမှ သိရသည်။
စစ်ကောင်စီမှ ယခုနှစ် ဇန်နဝါရီ ၆ ရက်မှစတင်ကာ မင်းတပ်မြို့နယ်အတွင်းသို့ မြေပြင်၊ ဝေဟင် စစ်ကြောင်း များဖြင့် တိုက်ခိုက်ခဲ့ပြီး၊ ကလေးသူငယ်များကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ခရီးသွား လူငယ်များကိုဖမ်းဆီး သတ်ဖြတ်ခြင်း၊ အရပ်သား ပြည်သူများကို ပေါ်တာဆွဲခြင်း၊ ဘာသာရေး အဆောက်အဦးများနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင် အသုံးအဆောင်ပစ္စည်းများ ခိုးယူခြင်းများကို ကျူးလွန်နေကြောင်းသိရသည်။
" စစ်ကောင်စီလေတပ်က မင်းတပ်မြို့နယ်အတွင်းကို ဇန်နဝါရီလ ၇ ၊ ၈ ၊ ၂၁ နဲ့ ၂၃ ရက်စတဲ့ ၄ ရက် အတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၈ ကြိမ်ပြုလုပ်ခဲ့ပါတယ်" ဟု ယင်းအဖွဲ့က ဆိုသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူများခိုနားရာ ဘုန်းတော်ကြီး ကျောင်းများ၊ ပြည်သူပိုင် နေအိမ်များနှင့် ပြည်သူပိုင်ပစ္စည်းများထိခိုက်ပျက်စီးခဲ့သည့်အပြင်၊ စစ်ဘေးရှောင်ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ထို့အပြင် ယင်းတိုက်ခိုက်မှုအပြီးတွင်လည်း ဒဏ်ရာရလူနာများ ဆေးဝါးကုသနေသည့် ဘုန်းတော် ကြီး ကျောင်းများ၊ ဆေးခန်းများနှင့် စစ်ဘေးရှောင်စခန်းများကိုဦးတည်ကာလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဥပဒေများကို ဆန့်ကျင်သည့် လုပ်ရပ်များဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်း ဖြစ်သည်ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့ (မင်းတပ်) ကထုတ်ပြန်ပြောဆိုထားသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) အနေဖြင့် စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန် စွာ ကန့်ကွက် ရှုတ်ချပြီး၊ ဖြစ်နိုင်သည့်နည်းလမ်းပေါင်းစုံဖြင့် တုံ့ပြန်တော်လှန်သွားမည် ဟုဆိုသည်။
Photo Credit- CDF-Mindat