bap-logo
Politics

အမေရိကန်၏ မဟာမိတ်ကို 'ဆုံးရှုံးမှုများ’ ခံစားရမည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာ သတိပေး

AklpuhNfjUJn1IVZOx5ao-image

လွန်ခဲ့သော ၆ လ က

တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်နေစဉ်မှာပင် အမေရိကန်နိုင်ငံ၏ မဟာမိတ် ဖိလစ်ပိုင်နိုင်ငံကို 'ဆုံးရှုံးမှုများ’ ခံစားရမည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာ အယ်ဒီတာ့အာဘော်မှ စနေနေ့တွင် သတိပေးခဲ့သည်။

 

ပြီးခဲ့သည့် စနေနေ့တွင် ဖိလစ်ပိုင် ထောက်ပံ့ရေးသင်္ဘော Unaizah May 4 နှင့် ၎င်း၏ ကမ်းခြေစောင့်အစောင့်အကြပ်များမှာ တရုတ်နိုင်ငံ၏ တားမြစ်ပိတ်ဆို့ရန် ကြိုးပမ်းမှုနှင့် ရေပန်းအမြောက်များဖြင့် တိုက်ခိုက်ခံခဲ့ရသည်။ ၎င်းထောက်ပံ့ရေးသင်္ဘောသည် Second Thomas ပင်လယ်ရေတိမ်၊ Spratly ကျွန်းမှ ကျွန်းစုများရှိ စခန်းတစ်ခုသို့ အထောက်အပံ့ပစ္စည်းများနှင့် အလှည့်ကျ မရိန်းတပ်သားများ ပေးပို့ရန် သယ်ဆောင်လာခြင်းဖြစ်သည်။ ရေပန်းအမြောက်များက ထောက်ပံ့ရေးသင်္ဘာကို ထိခိုက်ရပ်တန့်စေခဲ့ပြီး သင်္ဘောပေါ်ရှိသူ အများအပြားကို ထိခိုက်ဒဏ်ရာရစေခဲ့သည်ဟု ဖိလစ်ပိုင်အစိုးရ၏ အဆိုအရ သိရသည်။

 

Second Thomas ပင်လယ်ရေတိမ်ဒေသသည် နိုင်ငံတကာ အသိအမှတ်ပြုထားသည့် ဖိလစ်ပိုင်နိုင်ငံ သီးသန့် စီးပွားရေးဇုန်အတွင်း တည်ရှိပြီး တရုတ်ကမ်းခြေမှ မိုင် ၆၀၀ ကျော် ကွာဝေးသော်လည်း တရုတ်နိုင်ငံက ၎င်းတို့၏ အချုပ်အခြာအာဏာတွင်း တည်ရှိသည်ဟု အဆိုပြုသတ်မှတ်ထား ခြင်းဖြစ်သည်။

 

အာဏာရ ကွန်မြူနစ်ပါတီ၏ ဝါဒဖြန့်ချိရေးဌာနက အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော အမျိုးသားရေးဆန်သည့် The Global Times သတင်းစာသည် တရုတ်၏ လုပ်ရပ်ကို "ကျိုးကြောင်းဆီလျော်သော၊ တရားဝင်သော၊ ၎င်း၏ ရပိုင်ခွင့်ကို ခုခံရန်လိုအပ်သော” လုပ်ရပ်အဖြစ် ခုခံကာကွယ်ခဲ့သည်။

 

၎င်းမှတ်ချက်သဘောထားက တရုတ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Wu Qian "တရုတ်ကမ်းခြေစောင့်များက ဖိလစ်ပိုင် ရေယာဉ်များကို ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းသိမ်း၊ ရပ်တန့်၊ မောင်းထုတ်ခဲ့သည်။ ရပိုင်ခွင့်များကို ချိုးဖောက်ရန် ဖိလစ်ပိုင်နိုင်ငံ၏ ကြိုးပမ်းမှုနှင့် ရန်စမှုကို ပြတ်ပြတ်သားသား ချိုးဖျက်ခဲ့သည်။” ဟုသော တနင်္ဂနွေနေ့က ပြောကြားချက်ကို ပဲ့တင်ထပ် ဖော်ပြခြင်းဖြစ်သည်။

 

"မေလ ၁၉၉၉ ခုနှစ်တွင် Ren'ai Jiao ကမ်းခြေတက် တင့်ကားသင်္ဘောတစ်စီးဖြစ်သော Sierra Madre (LT-57) ကို ဖိလစ်ပိုင်နိုင်ငံက တရားမဝင် ရပ်တန့်စေခြင်းဖြင့် တရုတ်နိုင်ငံ နယ်မြေအချုပ်အခြာအာဏာကို ပြင်းထန်စွာ ချိုးဖောက်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံက မြန်နိုင်သမျှ မြန်မြန် ၎င်းသင်္ဘောကို ဆွဲယူသွားရန် အကြိမ်ကြိမ် ကတိပေးခဲ့သော်လည်း နှစ်ပေါင်း ၂၀ ကုန်လွန်သွားသော်လည်း ဖိလစ်ပိုင် စစ်သင်္ဘောမှာ ၎င်းနေရာမှာပင် ရှိနေသေးသည်။" ဟု တရုတ်သံရုံးပြောခွင့်ရ Liu Pengyu က Newsweek ကို စနေနေ့ နေ့လည်ပိုင်းတွင် အီးမေးလ်မှတဆင့် ပြောသည်။

 

လိုအပ်သည့် ထောက်ပံ့ပေးပို့မှုများ ပြုလုပ်ရန်ဟုဆိုကာ ဖိလစ်ပိုင်နိုင်ငံက Ren'ai Jiao ထိစပ်ရေပြင်ကို အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့ပြီး Ren’ai Jiao ကို တရားမဝင်၊ အမြဲတမ်း သိမ်းပိုက်ရန်အတွက် တရုတ်နိုင်ငံ၏ လူသူမရှိသည့် ကျောက်တန်းများတွင် အမြဲတန်းစစ်စခန်း တည်ဆောက်ရန် ကြိုးပမ်းနေသည်။ ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏ စကားကို မတည်ဘဲ ကတိကဝတ်များကို ဖြည့်ဆည်းရန် ငြင်းပယ်ကာ တရုတ်နိုင်ငံသို့ ပေးထားသည့် ကတိများ အကြိမ်ကြိမ် ချိုးဖောက်ခဲ့ပြီး တောင်တရုတ်ပင်လယ်ရှိ သက်ဆိုင်ပါဝင်သူများ၏ ကျင့်ဝတ်ဆိုင်ရာ ကြေညာချက် အပိုဒ် ၅ ကို ပြင်းထန်စွာ ချိုးဖောက်ခဲ့သည်။ဟု လည်း Pengyu က ပြောသည်။

 

The Global Times က ဖိလစ်ပိုင်နိုင်ငံသည် "အလွန်အန္တရာယ်များသည့် အနေအထား” တွင် ကျရောက်နေကြောင်း၊ အမေရိကန်နိုင်ငံ၏ ကတိကဝတ်များသည် "ကြီးမားသော်လည်း အညံ့စားဖြစ်ကြောင်း ရေးသားခဲ့သည်

 

ဖိလစ်ပိုင်သမ္မတ ဖာဒီန် မားကို့စ် ဂျူနီယာက ကြာသပတေးနေ့တွင် လူမှုမီဒီယာတွင် ဖိလစ်ပိုင်နိုင်ငံသည် "တရုတ်ကမ်းခြေစောင့်တပ်များ၏ အေးဂျင့်များနှင့် တရုတ် ရေကြောင်းစစ်သွေးကြွများ၏ အလျှော့မပေးဘဲ တရားမဝင်၊ အင်အားအသုံးပြု ရန်လို အန္တရာယ်ရှိသည့် တိုက်ခိုက်မှုများကို အချိုးကျ၊ ချင့်ချိန်၊ ကျိုးကြောင်းဆီလျော်သော တန်ပြန်ဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်။” ဟု ပြောဆိုခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံသည် ကျူးလွန်ခံရသည့်ဟန် ဖန်တီးနေကြောင်း The Global Times က စွပ်စွဲပြောကြားခဲ့သည်။

 

The Global Times အယ်ဒီတာအာဘော်ကဏ္ဍတွင် အမေရိကန်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို ထောက်ခံအားပေးနေခြင်းသည် "ပိုမိုအားကောင်းသည့် ပြိုင်ဘက်ကို ဆန့်ကျင်ရာတွင် အတွင်းပိုင်း ခုခံမှုကို ဆီလောင်းမီးထိုးပေးနေခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ချင့်ချိန်ဆုံးဖြတ်မှုကို ဖုန်းကွယ်ထားပြီး ရန်စမှုနှင့် အန္တရာယ်ရှိသည့် အပြုအမူများကို တိုးမြှင့်ပေးနေကြောင်းစွပ်စွဲခဲ့သည်။

 

အမေရိကန်-ဖိလစ်ပိုင် အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက် "Ironclad"ကို တောင်တရုတ်ပင်လယ်အပါအဝင် ပစိဖိတ်သမုဒ္ဒရာ မည်သည့်နေရာထိမဆို တိုးချဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Gilberto Teodoro ကို ဗုဒ္ဓဟူးနေ့တွင် ဖုန်းခေါ်ဆို၍ ထပ်မံ အတည်ပြုခဲ့သည်။

 

The Global Times က ဖိလစ်ပိုင်နိုင်ငံသည် "အလွန်အန္တရာယ်များသည့် အနေအထား” တွင် ကျရောက်နေကြောင်း၊ အမေရိကန်နိုင်ငံ၏ ကတိကဝတ်များသည် "ကြီးမားသော်လည်း အညံ့စားဖြစ်ကြောင်း ရေးသားခဲ့သည်။

 

အမေရိကန်အစိုးရသည် တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နိုင်ငံအတွက် စစ်တိုက်မည် မဟုတ်ချေ။ မတော်တဆ ပဋိပက္ခဖြစ်ပွားသည့် နေ့ရက်သို့ ရောက်လာခဲ့လျှင် ဖိလစ်ပိုင်အစိုးရသာ ဆုံးရှုံးမှုများ ခံစားရမည်ဖြစ်သည်။” ဟု အယ်ဒီတာအာဘော်တွင် ဖော်ပြသည်။

 

အမေရိကန်နိုင်ငံက ရေတပ်၊ ကမ်းခြေစောင့်တပ်များ ဖိလစ်ပိုင်သို့ ပေးပို့ရန် ရှိ၊ မရှိ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကို မေးမြန်းရာ ပြောခွင့်ရသူက "ကျွန်ုပ်တွင် အနာဂတ်စစ်ဆင်ရေးများအတွက် မှတ်ချက်ပေးရန် မရှိပါ။ သို့သော် ၎င်းအန္တရာယ်များပြီး တည်ငြိမ်မှုမရှိသည့် လုပ်ရပ်များအတွက် ကျွန်ုပ်တို့ စိုးရိမ်သည်မှာ ထင်ရှားပါသည်။ ကျွန်ုပ်တို့၏ ရှေးအကျဆုံး မဟာမိတ်များအနက် တစ်ဦးဖြစ်သူဘက်မှ ဆက်လက် ရပ်တည်သွားပါမည်။ အမေရိကန်ပြည်ထောင်စုသည် အဟန့်အတား၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကတိပြုထားပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မဟာမိတ်များနှင့် မိတ်ဖက်များအားလုံးကို ညီတူညီမျှ ကတိကဝတ်ပြုပါသည်။” ဟု စနေနေ့တွင် Newsweek သို့ အီးမေးလ်ဖြင့် ပြောသည်။

 

တရုတ်သတင်းစာက ဖိလစ်ပိုင်နိုင်ငံကို နှစ်နိုင်ငံတင်းမာမှုအတွက် အပြစ်တင်ခဲ့ပြီး "တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်လာခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြတ်နိုးသူများ မြင်တွေ့လိုသည်များ မဟုတ်ချေ။ ထို့ကြောင့် သက်ဆိုင်ပါဝင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် လိုအပ်သည်။” ဟု ရေးသားခဲ့သည်။

 

တရုတ်နိုင်ငံသည် ဖိလစ်နိုင်ငံအပေါ် အမြဲတမ်း ကြီးမားသော ထိန်းသိမ်းမှုနှင့် စိတ်ရှည်သည်းခံမှုတို့ ကျင့်သုံးခဲ့သည်။” နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် "ကျိုးကြောင်းဆီလျော်မှုနှင့် တည်ကြည်လေးနက်မှု အရေးပေါ်လိုအပ်သည့် အရေးတကြီး လမ်းဆုံလမ်းခွသို့ ရောက်ရှိနေသည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မည်သည့်လမ်းကြောင်းကို ရွေးချယ်မည်ဆိုသည်ကို သတိပြုလုပ်ဆောင်ရမည်။” ဟု The Global Times ကရေးသားခဲ့သည်။

 

Newsweek က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို အီးမေးလ်ဖြင့် မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကိုလည်း အီးမေးလ်ဖြင့် မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့သည်။

 

ကိုးကား - Newsweek

 

ပုံစာ - ဖိလစ်ပိုင် ရေတပ်သင်္ဘော "Unaizah May 4” သည် Second Thomas ပင်လယ်ရေတိမ်သို့ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့စဉ် တရုတ်ကမ်းခြေစောင့်များနှင့် စစ်သွေးကြွသင်္ဘောတစ်စီးတို့၏ ကြားဖြတ်မှုကို ခံခဲ့ရသည်။ (EZRA ACAYAN/GETTY IMAGES)

 

Burma Associated Press

 

တရုတ်
အမေရိကန်
ဖိလစ်ပိုင်

Share With
bap-logo