bap-logo
Politics

မြင်သာမှုမရှိသည့် ဘဏ္ဍရေးစနစ်တွင် အိန္ဒိယ၏ 'ထီဘုရင်’က ထိပ်တန်း နိုင်ငံရေးအလှူရှင်ဖြစ်နေ

EnlzlqqdgtVc4bRVXaxNE-image

လွန်ခဲ့သော ၆ လ က

အာဏာပိုင်များက လိမ်လည်မှုနှင့် ငွေကြေးခဝါချမှုတို့ဖြင့် စွပ်စွဲထားသော အိန္ဒိယ၏ "ထီဘုရင်”နှင့် ၎င်း၏ ကုမ္ပဏီသည် မြင်သာမှုမရှိဘဲ စိစစ်မှု တစ်စိတ်တစ်ပိုင်းသာ ရှိသည့် ဘဏ္ဍာရေးထောက်ပံ့မှုစနစ်အတွင်းမှ ထိပ်တန်း နိုင်ငံရေးအလှူရှင်အဖြစ် ထွက်ပေါ်လာခဲ့သည်။

 

Santiago Martin Future Gaming and Hotel Services သည် အိန္ဒိယရူပီး ၁၃.၆၈ ဘီလီယံ (ဒေါ်လာ ၁၆၅ သန်း) ကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း လှူဒါန်းခဲ့သည်ဟု ကြာသပတေးနေ့က အချက်အလက်များတွင် ဖော်ပြထားသည်။ ၎င်းပမာဏသည် အခြားသော အကြီးဆုံးအလှူရှင်ထက် ၄၀ % ပိုမိုများပြားပြီး အမည်မဖော်ပြဘဲ၊ အကန့်အသတ်မရှိ နိုင်ငံရေးပါတီများသို့ လှူဒါန်းနိုင်သည့် ယခုအခါ ဖျက်သိမ်းပြီးဖြစ်သော ဘဏ္ဍာရေးထောက်ပံ့မှုစနစ်အောက်မှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်တရားရုံးချုပ်၏ အမိန့်အရ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် သတင်းအချက်အလက်များတွင် ဝန်ကြီးချုပ် မိုဒီ၏ Bharatiya Janata Party သည် အလှူငွေအများဆုံး ရရှိခဲ့သည်ဟု ဖော်ပြထားပြီး မည်သည့် အလှူရှင်မှ ပေးလှူခဲ့သည်ကိုမူ အသေးစိတ် မဖော်ပြထားပေ။

 

Future Gaming ကုမ္ပဏီက ၎င်း၏ လှူဒါန်းမှုနှင့် ပတ်သတ်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို မတုန့်ပြန်ခဲ့ပေ။ တရားရုံးက "ရွေးကောက်ပွဲဆိုင်ရာ ငွေတိုက်စာချုပ်များ” စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်း တွေ့ရှိခဲ့သော်လည်း လှူဒါန်းမှုများမှာ မသင့်လျော်ဟု မဖော်ပြခဲ့ပေ။

 

ဖျက်သိမ်းလိုက်သည့် ဘဏ္ဍာရေးစနစ်က ဆယ်ကျော်သက်အရွယ်တွင် ထီလက်မှတ်ရောင်းချခဲ့သူ၊ ထီလုပ်ငန်းမှသည် အိမ်ခြံမြေလုပ်ငန်းများအထိ တည်ထောင်ခဲ့သူ အသက် ၅၉ နှစ်အရွယ်ရှိ Martin အနိမ့်အမြင့်များသည့် ရာဇဝင်နောက်ကြောင်းကို အာရုံစိုက်လာစေခဲ့သည်။

 

ပေါ်လွင်ထင်ရှားပြီး စကားပြောညက်ညောကာ နိုင်ငံရေးနယ်ပယ်တစ်ဝှမ်း မိတ်ဆွေများ ဖွဲ့ထားသည့် Martin သည် နိုင်ငံရေးသမားများအတွက် လက်ဖွာလေ့ရှိကာ ၎င်း၏ စီးပွားရေးနယ်ပယ်ကြီးထွားလာသည့်နှင့်အမျှ ဈေးကြီးသည့် လက်ဆောင်များလည်း ပေးတတ်သည်ဟု ဒေသတွင်းသတင်းများက ဖော်ပြကြသည်။

 

လွန်ခဲ့သည့်နှစ်များအတွင်း အကောက်ခွန်အာဏာပိုင်များ၊ ရဲနှင့် စုံစမ်းထောက်လှမ်းရေးအေဂျင်စီများက ၎င်းနှင့် ပတ်သတ်သည့်အမှုများကြောင့် ၎င်း၏ စီးပွားရေးပိုင်ဆိုင်မှုများကို ရှာဖွေ၊ သိမ်းဆည်းခဲ့ကြသည်။ ဥပဒေစိုးမိုးရေးညွှန်ကြားမှုဌာနက သိမ်းဆည်းထားသော ၎င်း၏ ပိုင်ဆိုင်မှုများနှင့် ပတ်သတ်၍ ၎င်း၏ အယူခံဝင်မှုကို အိန္ဒိယဘဏ္ဍာရေးရာဇဝတ်မှုအေဂျင်စီက ယမန်နှစ်တွင် ပယ်ချခဲ့သည်။

 

Future Gaming နှင့် အခြားသော Martin နှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ ၁၅ ခုကို ငွေကြေးခဝါချမှုဖြင့် ဥပဒေစိုးမိုးရေးညွှန်ကြားမှုဌာနက စက်တင်ဘာလတွင် စွဲဆိုခဲ့သည်။

 

အစိုးရကထုတ်ဝေသည့် ထီရောင်းချရငွေများကို အပြည့်အဝ မအပ်နှံဘဲ အလွဲသုံးစားလုပ်မှုဖြင့် စွဲဆိုခဲ့ကြောင်း” နှင့် မရောင်းချရသည့် ထီလက်မှတ်များကို ထိန်းသိမ်းထားပြီး ထီဆုရယူခြင်းဖြင့် ထီဥပဒေကို ချိုးဖောက်ကြောင်း၊ အချက်အလက်များ ပြုပြင်ခဲ့ကြောင်း အေဂျင်စီက ပြောသည်။

 

Martin နှင့် ၎င်း၏ လုပ်ငန်းအဖွဲ့အစည်းက မှားယွင်းလုပ်ဆောင်မှုမရှိကြောင်း ငြင်းဆိုခဲ့သည်။ ၎င်းတို့အစုအဖွဲ့နှင့် လုပ်ငန်းများသည် ဥပဒေကို လိုက်နာကြောင်း၊ Martin သည် မတ်လ ၂၀၀၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယ၏ အခွန်အများဆုံးပေးဆောင်သူဖြစ်ကြောင်း ၎င်း၏ လုပ်ငန်းစုဖြစ်သော Martin Group က အောက်တိုဘာလတွင် ပြောသည်။

 

အလုပ်သမားဘဝမှ အထက်လွှာ ဝင်ဆံ့သူအဖြစ်သို့

 

၎င်း၏ မိသားစုကို ထောက်ပံ့ရန် ဆက်ကျော်သက်လုပ်သားအဖြစ် မြန်မာနိုင်ငံ၌ လုပ်ကိုင်ခဲ့ပြီးနောက် Martin သည် ၁၉၈၀ ခုနှစ်များတွင် အိန္ဒိယသို့ ပြန်လာခဲ့ကာ တောင်ပိုင်းမှ Coimbatore မြို့တွင် စီးပွားရေးလုပ်ငန်း စတင်ခဲ့သည်ဟု ၎င်း၏ အကျိုးအမြတ်မယူသော Martin Charitable Trust အဆိုအရ သိရသည်။

 

ညတွင်းချင်းချမ်းသာနိုင်ရေး ဆင်းရဲသားများ၏ အိပ်မက်အဖြစ် ၎င်း၏ နှစ်လုံးထီသည် ဒေသတွင်း၌ လူသိများလာခဲ့သည်။ Martin က အခြားပြည်နယ်များသို့ပါ လုပ်ငန်းများ ချဲ့ထွင်ခဲ့ပြီး ဘူတန်နှင့် နီပေါနိုင်ငံတွင်ပါ တစ်ဦးတည်း လက်ဝါးကြီးအုပ်ထားသည့် လက်မှတ်များကို ဖြန့်ချိခဲ့သည်ဟု ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

Tamil Nadu ပြည်နယ် ဝန်ကြီးချုပ် ရေးသားပြီး ရုရှားစာရေးဆရာ Maxim Gorky "မိခင်" ဟူသည့်ဝတ္ထုပေါ်တွင် အခြေခံထားသည့် ရူပီး သန်း ၂၀၀ (ဒေါ်လာ . သန်း) တန် ရုပ်ရှင်တစ်ကားကိုလည်း ၎င်းက ၂၀၁၁ ခုနှစ်တွင် ထုတ်လုပ်ခဲ့သေးသည်။

 

၎င်းနှစ်တွင် ပြည်နယ် အာဏာရပါတီ ရှုံးနိမ့်ခဲ့ပြီး Martin ကံကြမ္မာ အလှည့်အပြောင်း ဖြစ်လာခဲ့သည်။

 

အနောက်မြောက်ပိုင်းပြည်နယ် Sikkim တွင် ရူပီး ၄၅ ဘီလီယံ တန်ဖိုးကျော် ငွေမရှင်းထားသည့် ထီလက်မှတ်များ ဆက်လက် လည်ပတ်မှုအပါအဝင် ၎င်းနှင့် ၎င်း၏ ဆက်စပ်သူများကို အိန္ဒိယဖက်ဒရယ်ရဲတပ်ဖွဲ့က ထီလိမ်လည်မှု ၃၂ ခုဖြင့် စွပ်စွဲခဲ့သည်။

 

မြေသိမ်းမှုများ၊ ထီ လိမ်လည်မှုနှင့် တရားမဝင် ရောင်းချမှုများအတွက် စွဲချက်များအပါအဝင် အမှုပေါင်း ၁၄ ခုနှင့် ဆက်စပ်၍ ၎င်းနှင့် နိုင်ငံရေးသမားအများအပြား ရှစ်လကြာ အကျဉ်းကျနေခဲ့သည်။ ၎င်းကို မည်သည့်အမှုနှင့်မျှ ပြစ်ဒဏ်ချမှတ်ရခြင်း မရှိသေးဘဲ အချို့အမှုများမှာ ဆိုင်းငံ့ထားဆဲဖြစ်ကာ ၂၀၁၂ ခုနှစ်တွင် အာမခံဖြင့် လွတ်လာခဲ့သည်။

 

၎င်း၏ ဒုက္ခများ စုပြုံလာစဉ် Martin မိသားစုမှာ စင်မြင့်အလယ်တွင် နေရာယူလာခဲ့သည်။ ၎င်း၏ ဇနီးမှာ ၂၀၁၄ ခုနှစ် မိုဒီ၏ ဝန်ကြီးချုပ်အဖြစ် အောင်မြင်သော မဲဆွယ်စည်းရုံးပွဲများတွင် စင်မြင့်ထက်၌နေရာယူခဲ့ပြီး Martin အကြီးဆုံးသားဖြစ်သူ Charles သည် မိုဒီ၏ ပါတီသို့ နောက်တစ်နှစ်တွင် ဝင်ရောက်ခဲ့သည်။

 

(အမေရိကန် ၁ ဒေါ်လာ = ၈၂.၈၈၃၀ အိန္ဒိယရူပီး)

 

ကိုးကား - Reuters

ပုံစာ - စက်တင်ဘာလ ၈ ရက် ၂၀၁၁ ခုနှစ် အိန္ဒိယနိုင်ငံ Coimbatore တရားရုံးတွင် ရဲများက ခေါ်ဆောင်လာသည့် အိန္ဒိယစီးပွားရေးသမား Santiago Martin (Photo: REUTERS/Stringer)

 Burma Associated Press

အိန္ဒိယ
ထီဘုရင်
နိုင်ငံရေးအလှူရှင်

Share With
bap-logo