Article
အရှေ့တောင်အာရှနိုင်ငံများ၏ ဒေသတွင်း ငွေပေးချေမှုစနစ် အသစ်ဖြင့် စီးပွားရေး ဆိုင်ရာ ပေါင်းစည်းလုပ်ဆောင်နိုင်ရန် နီးစပ်လာ
လွန်ခဲ့သော တစ်နှစ် က
အရှေ့တောင်အာရှနိုင်ငံများမှ မကြာသေးခင်ကာလအတွင်း အကောင်အထည်ဖော်လိုက်သည့် ဒေသတွင်း နယ်စပ် ဖြတ်ကျော်အသုံးပြုနိုင်သည့် ငွေပေးချေမှုစနစ်အသစ်သည် ပူးပေါင်းပါဝင်သည့် နိုင်ငံများအတွက် ဘဏ္ဍာရေး ပေါင်းစည်း ဆောင်ရွက်မှုကို တိုးတက်ခိုင်မာစေနိုင်မည်ဖြစ်သည်။ အာဆီယံအဖွဲ့၏ ရည်မှန်းချက်ဖြစ်သော စီးပွားရေးပေါင်းစည်းရန် ရည်မှန်းချက်သို့လည်း ပိုမို နီးစပ်လာစေသည်။
ဌာနေလူထုအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများကို QR ကုဒ် အသုံးပြု၍ ပြည်တွင်းငွေကြေးဖြင့် ပေးချေစေနိုင်သည့် အစီအစဉ်သည် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် စင်ကာပူတို့တွင် သက်ဝင်လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။ ဖိလစ်ပိုင် သည်လည်း မကြာမီ ပူးပေါင်းလာမည်ဟု မျှော်လင့်ရသည်။
၎င်းကဲ့သို့ သိရသည်မှာ သက်ဆိုင်ရာနိုင်ငံအသီးသီး၏ ဗဟိုဘဏ်များထံမှ ဖြစ်သည်။
ယမန်နှစ်က အရှေ့တောင်အာရှ နိုင်ငံ ငါးနိုင်ငံမှ လက်မှတ်ရေးထိုးခဲ့သည့် တရားဝင်သဘောတူညီချက်နောက်ပိုင်း ၎င်း ငွေပေးချေမှု စနစ်သစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
မေလက ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း ခေါင်းဆောင်များက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံး ဒေသတွင်း ငွေပေးချေမှုကို ချိတ်ဆက်ရန် လမ်းပြမြေပုံပေါ်ထွက်လာရေး လုပ်ဆောင်နေသည့် ၎င်းတို့၏ ကြိုးပမ်း အားထုတ်မှုကို ထပ်လောင်းပြောကြားခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများ၏ အများပါဝင်နိုင်သည့် စီးပွားရေးဂေဟစနစ် အကောင်အထည်ဖော်ရန် ရည်ရွယ်သော ၎င်းအစီအစဉ်မှာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှု၊ ငွေလွှဲပြောင်းမှုနှင့် အခြား စီးပွားရေးလုပ်ဆောင်ချက် များကို ထောက်ပံ့အားပေးရန်နှင့် လုပ်ငန်းလွယ်ကူစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
စားသုံးသူ သုံးစွဲမှုများ မြင့်တက်လာရန် မျှော်လင့်ပြီး အထူးသဖြင့် လက်လီလုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကာ အပြန်အလှန်အားဖြင့် ခရီးသွားလုပ်ငန်းကိုလည်း အားကောင်းစေမည်ဖြစ်သည်ဟု လေ့လာအကဲဖြတ်သူများက ပြောကြားသည်။
ဒေသတွင်းချိတ်ဆက်နိုင်စွမ်းသည် အထူးသဖြင့် စီးပွားရေးလုပ်ငန်းများအကြား နယ်စပ်ဖြတ်ကျော် ငွေပေးချေ လွှဲပြောင်းရာတွင် အမေရိကန်ဒေါ်လာကဲ့သို့သော နိုင်ငံခြားငွေကြေးများအပေါ်မှီခိုနေရမှုကို လျှော့ချရန် အရေးကြီးသည့် အချက်ဖြစ်သည်။ အစိမ်းရောင်ကျောဘက်ခြမ်းဟုလည်း ခေါ်ဆိုကြသည့် (မြန်မာတွင် အစိမ်းဟုခေါ်တွင်သကဲ့သို့) သို့မဟုတ် အမေရိကန်ဒေါ်လာ၏ လတ်တလောကာလများအတွင်း ခိုင်မာမှုသည် အာဆီယံနိုင်ငံများ၏ ငွေကြေးကို အားနည်းစေပြီး စီးပွားရေးအရ ထိခိုက်စေခဲ့သည်။ အကြောင်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုသည် အသားတင် စွမ်းအင်နှင့် အစားအသောက်များကို ပြည်ပမှ တင်သွင်းနေရသောကြောင့် ဖြစ်သည်။
“ဒီစနစ်က အမေရိကန်ဒေါ်လာ ဒါမှမဟုတ် တရုတ်ယွမ်ငွေကြေးတွေ ကြားခံအနေနဲ့ မပါဝင်ဘဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။” ဟု The Diplomat မဂ္ဂဇင်း၏ အကြံပေးခြင်းနှင့် လေ့လာသုံးသပ်ရေးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ သံတမန် ထိခိုက်နစ်နာနိုင်မှု အချက်အလက် လေ့လာအကဲဖြတ်သူ Nico Han က ပြောကြားသည်။
“ဒီစနစ်က အမေရိကန်ဒေါ်လာ ဒါမှမဟုတ် တရုတ်ယွမ်ငွေကြေးတွေ ကြားခံအနေနဲ့ မပါဝင်ဘဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။”
ပေါင်းစည်းထားသည့် နယ်စပ်ဖြတ်ကျော် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်သည် “နိုင်ငံတကာအရေးကို စီမံခန့်ခွဲရာ၌ ဒေသတွင်းဆိုင်ရာဝါဒနှင့် အာဆီယံ-ဗဟိုပြုမှု၏ အဓိပ္ပါယ်ကို မြှင့်တင်”နိုင်လိမ့်မည်ဟု သူက ဆက်လက်ပြောကြားသည်။ “အဓိက ကမ္ဘာ့အင်အားကြီးတွေအကြား တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန်မှာ ဒီလုပ်ဆောင်မှုက ပိုပြီး အရေးကြီး လာပါတယ်။” ဟုလည်း ပြောသည်။
လုပ်ဆောင်ပုံ
QR ကုဒ် ငွေပေးချေမှုစနစ်များကို ချိတ်ဆက်ခြင်းအားဖြင့် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်တစ်ခုမှ တစ်ခုသို့ ငွေကြေး ပေးပို့နိုင်မည် ဖြစ်သည်။
ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်များမှာ ဘဏ်အကောင့်ကဲ့သို့ ထိရောက်စွာ လုပ်ဆောင်နိုင်ပြီး တရားဝင် ဘဏ္ဍာရေး အဖွဲ့အစည်းများမှ အကောင့်များနှင့်လည်း ချိတ်ဆက်ထားနိုင်သည်။
ဥပမာအားဖြင့် စင်ကာပူနိုင်ငံသို့ရောက်ရှိနေသော မလေးရှားခရီးသွားတစ်ဦးသည် ၎င်း၏ မလေးရှား ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ထဲမှ မလေးရှားရင်းဂစ်ငွေကြေးဖြင့် ငွေပေးချေမှုပြုနိုင်သည်။ သို့မဟုတ် စင်ကာပူသို့ရောက်ရှိနေသော မလေးရှားအလုပ်သမားတစ်ဦးသည် စင်ကာပူဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ထဲမှ စင်ကာပူဒေါ်လာများကို မလေးရှားမှ လက်ခံမည့်သူ၏ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ထဲသို့ လွှဲပြောင်းပေးပို့နိုင်သည်။
သုံးစွဲခနှင့် ငွေလဲနှုန်းများကို ဗဟိုဘဏ်များမှ အပြန်အလှန်သဘောတူညီထားသည့်အတိုင်း ကောက်ခံသွားမည်ဖြစ်သည်။
ယခုအချိန်တွင် ၎င်းစနစ်ကဲ့သို့ ဒေသတွင်းစနစ်မျိုး အခြား ကမ္ဘာ့ဒေသများတွင် မရှိသေးသော်လည်း ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် နိုင်ငံတကာငွေပေးချေမှုဘဏ်က အနာဂတ်တွင် ကမ္ဘာ့တစ်ဝှမ်းရှိ လက်လီငွေပေးချေမှုစနစ်များကို QR ကုဒ်နှင့် မိုဘိုင်းဖုန်းနံပါတ်များ အသုံးပြု၍ ချိတ်ဆက်နိုင်ရန် မျှော်လင့်ထားသည်။
“အာဆီယံက ဗဟိုဘဏ်တွေရဲ့ အားထုတ်မှုက တီထွင်ဆန်းသစ်မှုရှိပြီး တစ်မူထူးခြားပါတယ်။” ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ စီးပွားရေးသုတေသနနှင့် ဖွံ့ဖြိုးရေး သက်ရောက်မှုဌာနမှ အကြံပေး Satoru Yamadera က ပြောကြားသည်။
“ဥရောပလို တခြားဒေသတွေမှာ အကြွေးဝယ်ကဒ်နဲ့ ငွေလက်ကျန်အတိုင်းသုံးနိုင်တဲ့ကဒ်တွေက လက်လီငွေပေးချေမှုကို ချိတ်ဆက်ရာမှာ လူသုံးများကြပြီး တရုတ်ရဲ့ အဆင့်မြင့် QR ကုဒ် ငွေပေးချေမှုကို လူသိများကြပါတယ်။ ဒါပေမယ့် သူတို့က အာဆီယံရဲ့ QR ကုဒ်လို ချိတ်ဆက်ထားတာ မဟုတ်ကြပါဘူး။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စီးပွားရေးဆိုင်ရာ အကျိုးအမြတ်
QR ကုဒ် ငွေပေးချေမှုသည် ကဒ်ကိုင်ဆောင်သူနှင့် ကုန်သည်တို့ကို အခကြေးငွေ မကောက်ခံပါ။ Visa နှင့် American Express တို့ကဲ့သို့သော ငွေပေးချေမှု ဝန်ဆောင်သူများက သတ်မှတ်ချက်များထက်ပင် ငွေလဲနှုန်း ပိုမိုကောင်းမွန်သည်။
ဝန်ထမ်း ၅၀၀ အောက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(Small-and medium-sized business, SMBs)သာမက ဝန်ထမ်းဦးရေး ၁၀ ဦးအောက် လုပ်ငန်းငယ်များပါ ဒေသတွင်းငွေပေးချေမှုကို ချိတ်ဆက်ခြင်းဖြင့် အောင်မြင်သည့် လုပ်ငန်းများအဖြစ် ပေါ်ထွက်လာမည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။ အာရှဖွံ့ဖြိုးမှုဘဏ်၏ အဆိုအရ အရှေ့တောင်အာရှတွင် ၎င်းကဲ့သို့ ကုမ္ပဏီများမှာ စီးပွားရေးလုပ်ငန်းများ၏ ၉၀ % အထက်ရှိသည်ဟု သိရသည်။
“SMBs တွေဟာ POS(အရောင်းဌာန) စနစ်တွေ ထားရှိရတာ ဒါမှမဟုတ် ကဒ်ကုမ္ပဏီတွေကို ပေးရတဲ့ ငွေလဲလှယ်မှု အခကြေးငွေတွေနဲ့ ပတ်သတ်တဲ့ ကုန်ကျစားရိတ်တွေကို ရှောင်ရှားနိုင်လာမှာ ဖြစ်ပါတယ်။” ဟု Diplomat Risk Intelligence မှ Han က ပြောကြားသည်။
“SMBs တွေဟာ POS(အရောင်းဌာန) စနစ်တွေ ထားရှိရတာ ဒါမှမဟုတ် ကဒ်ကုမ္ပဏီတွေကို ပေးရတဲ့ ငွေလဲလှယ်မှု အခကြေးငွေတွေနဲ့ ပတ်သတ်တဲ့ ကုန်ကျစားရိတ်တွေကို ရှောင်ရှားနိုင်လာမှာ ဖြစ်ပါတယ်။”
ဝင်ငွေနိမ့်ကျပြီး ပစ်ပယ်ခံထားရသည့် တစ်ဦးတစ်ယောက်ချင်းစီမှာလည်း အကျိုးအမြတ် ရရှိလာနိုင်သည်။ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်မှတဆင့် ငွေပေးချေမှုလုပ်ဆောင်ခြင်းဖြစ်ပြီး အသုံးပြုနေကြ ဘဏ်အကောင့်များ မလိုအပ်သည့်အတွက် ဘဏ်နှင့် အလုပ်မလုပ်သည့် လူများလည်း အသုံးပြုနိုင်လာစေသည်။
“ဒီစနစ်က ဘဏ္ဍာရေးတတ်မြောက်ကျွမ်းကျင်မှုနဲ့ ဘဏ်စနစ်လက်လှမ်းမမီတဲ့ လူများအတွက် သက်သာချောင်ချိမှုကို တိုးတက်လာစေနိုင်ချေ ရှိပါတယ်” ဟု Han က မှတ်ချက်ပြုသည်။
အာဆီယံ၏ စနစ်သစ်သည် ကုန်သည်များနှင့် သုံးစွဲသူများအတွက်လည်း ခိုင်မာအားကောင်းသည့် ငွေပေးချေမှု ရာဇဝင်မှတ်တမ်းတစ်ခု တည်ဆောက်စေနိုင်သည့်အပြင် အကြွေးဝယ်ယူမှုအမှတ်ပေးခြင်းအတွက် တန်ဖိုးရှိသော အချက် အလက်များ ပေးအပ်နိုင်မည်ဟု ပြည်သူ့မူဝါဒအကြံပေးအဖွဲ့ Global Counsel မှ အာရှနည်းပညာ လေ့လာအကဲဖြတ်သူ Nicholas Lee က ပြောကြားသည်။
“အထူးသဖြင့် ငွေကြိုသုံးစွဲမှုဆန်းစစ်ချက်တွေကို လက်လှမ်းမီမှု အားနည်းတဲ့ ဘဏ်အကောင့်မရှိသူနဲ့ ဘဏ်စနစ် လက်လှမ်းမမီသူတွေအတွက် ကောင်းကျိုးတွေ ရရှိလာနိုင်ပါတယ်။” ထို့အပြင် “ငွေသားမပါတဲ့ ပေးချေမှုတွေ တိုးမြင့် လာတဲ့အတွက် မူဝါဒချမှတ်သူတွေအနေနဲ့ ငွေပေးချေမှု အချက်အလက်တွေနဲ့ ကုန်သွယ်မှု စီးဆင်းပုံတွေကို ရယူနိုင် တယ်လို့ မှတ်ယူထားတယ်ဆိုရင် ထိထိရောက်ရောက် မှတ်တမ်းယူထားနိုင်ပါတယ်။” ဟု Lee က ပြောသည်။
“အပြန်အလှန်အားဖြင့် ဒါက စီးပွားရေး ကြိုတင်ခန့်မှန်းချက်နဲ့ မူဝါဒချမှတ်တာတွေကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင် နိုင်စေမှာ ဖြစ်ပါတယ်။” ဟူ၍လည်း ၎င်းက ပြောသည်။
ဖြစ်ပေါ်လာမည့် ငွေကြေးဖိအား
ဒေသတွင်း ငွေပေးချေမှု ချိတ်ဆက်နိုင်စွမ်းကို အားကောင်းခိုင်မာစေခြင်းသည် ငွေပေးချေမှု အတားအဆီးများကို လျှော့ချပေးခြင်းနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုကို မြှင့်တင်စေခြင်းတို့ ဖြစ်ပေါ်လာစေနိုင်သကဲ့သို့ အချို့ငွေကြေးများ အထူးသဖြင့် စင်ကာပူဒေါ်လာကဲ့သို့ ငွေကြေးများအပေါ်တွင်လည်း မရည်ရွယ်ဘဲ ဖိအားများ ဖြစ်ပေါ်လာစေနိုင်သည်။
“ဒေသတွင်းမှာ [စင်ကာပူဒေါ်လာ]က လက်တွေ့ သဘောတရားအရ အရံငွေကြေးအဖြစ် ပေါ်ထွက်လာမယ့် ဖြစ်စဉ်ရဲ့ စိန်ခေါ်မှုကိုလည်း အာဆီယံက ရင်ဆိုင်ရနိုင်ပါတယ်။” ဟု Lee က ပြောကြားသည်။
“ထိရောက်အကျိုးရှိတဲ့ ငွေကြေးဖလှယ်မှုအတွက် ငွေပေးချေမှုကွန်ရက်သစ်အပေါ်မှာ မှီခိုဖို့အတွက် [စင်ကာပူဒေါ်လာ]ရဲ့ ခိုင်မာမှုနဲ့ တည်ငြိမ်မှုကြောင့် နိုင်ငံတကာနဲ့ ဒေသတွင်းလုပ်ငန်းတွေက သူတို့ရဲ့ လုပ်ငန်းရင်းနှီးမြှပ်နှံမှုကို [စင်ကာပူဒေါ်လာ] နဲ့ ထိန်းသိမ်းထားဖို့ ရွေးချယ်တာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။” ဟု ၎င်းက ရှင်းပြသည်။
၎င်းကဲ့သို့ ဖြစ်ပေါ်လာလျှင် ဒေသတွင်းရှိ အခြားငွေကြေးများ၏ ဝယ်ယူမှုအင်အား နည်းပါးလာပြီး ဗဟိုဘဏ်များမှ ကြားဝင်ဆောင်ရွက်မှုမရှိပါက တင်သွင်းကုန် ငွေကြေးဖောင်းပွမှု မြင့်တက်လာမည်ဖြစ်သည်။
၎င်းကဲ့သို့ ဖြစ်ပေါ်လာလျှင် ဒေသတွင်းရှိ အခြားငွေကြေးများ၏ ဝယ်ယူမှုအင်အား နည်းပါးလာပြီး ဗဟိုဘဏ်များမှ ကြားဝင်ဆောင်ရွက်မှု မရှိပါက တင်သွင်းကုန် ငွေကြေးဖောင်းပွမှု မြင့်တက်လာမည်ဖြစ်သည်။
၎င်းဖြစ်စဉ်တွင် အာဏာပိုင်များက ၎င်းတို့၏ ငွေကြေးကို ကာကွယ်ရန် ရင်းနှီးမြှပ်နှံမှု ကန့်သတ်ချက်များ ပြဌာန်းရန် လိုအပ်သည်ဟု ယူဆလာနိုင်သည့်အတွက် ဒေသတွင်းငွေပေးချေမှုကွန်ရက်တည်ထောင်ခြင်း၏ အဓိက ရည်ရွယ်ချက်ကို ထိခိုက်ပျက်စီးစေနိုင်မည်ဖြစ်သည်။
စည်းမျဉ်းများပြဌာန်းခြင်းသည်လည်း အခြားသော စိန်ခေါ်မှုဖြစ်သည်။
ဗဟိုဘဏ်များက လုံခြုံရေးနှင့် လိမ်လည်မှုအရေးများကို ဖြေရှင်းရမည်ဖြစ်ပြီး လူအများက ငွေပေးချေမှုစနစ်အသစ်ကို သုံးစွဲလာအောင် ပညာပေးလုပ်ငန်းများလည်း လုပ်ဆောင်ရမည်ဖြစ်သည်ဟု Han က ပြောသည်။
“ဒီအကြောင်းအချက်တွေက အချိန်ယူလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေထဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။” ဟု သူက သတိပေးသည်။
၎င်းကဲ့သို့ ညှိနှိုင်းဆောင်ရွက်မှုများသည် ဒေသတွင်း ခေါင်းဆောင်များ၏ အားကောင်းသော နိုင်ငံရေးဆန္ဒလိုအပ်ပြီး အာဆီယံအဖွဲ့ဝင်များက ၎င်းကဲ့သို့ ရည်မှန်းချက်မြင့်မားသည့် လမ်းကြောင်းကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် အတူတကွ လုပ်ဆောင်နိုင်မည်လားဆိုသည်ကို တွေ့မြင်နိုင်ရန် ကျန်ရှိနေသေးသည်။
ကိုးကား - CNBC
ပုံစာ - ဂျူလိုင်လ ၁၄ ရက် ၂၀၂၃ ခုနှစ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အင်ဒိုနီးရှား သမ္မတ Joko Widodo အမှာစကားပြောကြားနေစဉ်။ (Photo: Murat Gok | Anadolu Agency |
Related Articles
Top News
လွန်ခဲ့သော ၂ ရက် က