bap-logo
Intrenational Crime

မြန်မာပြည်တွင်းစစ်ကြောင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်သွယ်မှု မြင့်တက်စေခဲ့ဟု ထိုင်းအရာရှိပြော

A7T2BNAcPOnEjlj_gD3Kc-image

လွန်ခဲ့သော ၁၅ ရက် က

BAP၊ ဘာသာပြန်။

 

ပြည်တွင်းစစ်ကြောင့် ဒေသတွင်း မူးယစ်ဆေးဝါးကုန်သွယ်မှု မြင့်တက်စေခဲ့သည့်အတွက် ထိုင်းနိုင်ငံတွင် အိမ်နီးချင်းမြန်မာနိုင်ငံမှ တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုမှု မြင့်တက်လာခဲ့ပြီး မက်သာဖက်တမင်းနှင့် ဘိန်းဖြူဖမ်းဆီးမရမိမှုများ အလွန်မြင့်မားခဲ့သည်ဟု ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

 

ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရာတွင် မြောက်ပိုင်းဒေသသည် အဓိက အဖြစ် ကျန်ရှိနေကြောင်း၊ မှောင်ခိုများက တောင်တန်းများကို ဖြတ်သန်း၍လည်းကောင်း၊ မဲခေါင်မြစ်ကို ဖြတ်သန်း၍လည်းကောင်း မက်သာဖက်တမင်းဆေးပြားများနှင့် ခရစ်စတယ်မက်ခေါ် ice များကို သယ်ဆောင်နေကြသည်ဟု မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ် (ONCB) မှ ဒုအထွေထွေ အတွင်းရေးမှူး ချုပ် Apikit Ch. Rojprasert က ပြောသည်။

 

ရာဇဝတ်မှု စုဖွဲ့ကျူးလွန်သည့် ကွန်ယက်များက စစ်သွေးကြွများ၊ သူပုန်များနှင့် မဟာမိတ်ဖွဲ့၍ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် "ဓာတ်ခွဲခန်းအကြီးစားများ" တည်ဆောက်ထား သည်ဟု ထိုင်းအာဏာပိုင်များက ပြောသည်။

 

စစ်အာဏာရှင် ပြောခွင့်ရသူက ယခုသတင်းအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ သို့သော် မြန်မာစစ်အာဏာရှင်တို့က မူးယစ်ဆေးဝါးတိုက်ချက်ရေး အိမ်နီးချင်းနိုင်ငံများနှင့် လုပ်ဆောင်သွားမည်ဟု ယခင်က ပြောခဲ့သည်။

 

"လက်နက်ကိုင်ပဋိပက္ခကြောင့်ဖြစ်လာတာက မူးယစ်ဆေးဝါးကုန်သွယ်မှုကို လက်နက်ဝယ်ယူရာမှာ အဓိက ငွေကြေးရှာဖွေဖို့၊ တိုက်ခိုက်ရေးအင်အားစုတွေကို မောင်းနှင်ဖို့ အသုံးပြုတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။" ဟု Apikit က Reuters နှင့် မေးမြန်းခန်းတွင် ပြောသည်။

 

ကျွန်တော်တို့ မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ ချိတ်ဆက်နေတဲ့ ရာဇဝတ်မှုတွေကို နိုးနိုးကြားကြား သတိထားဖို့၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ အတူတကွ လုပ်ဆောင်ဖို့ လိုပါတယ်။”

 

ထိုင်းနိုင်ငံ မြောက်ပိုင်းပြည်နယ်များဖြစ်သော ချင်းမိုင်၊ ချင်းရိုင်နှင့် မယ်ဟောင်ဆောင်တို့တွင် ၂၀၂၃ ခုနှစ် ဆေးပြား ၃၄၆ သန်း သိမ်းဆည်းရမိမှုနှင့် နှိုင်းယှဉ်လျှင် ယခုနှစ် ပထမ ရှစ်လခွဲအတွင်း မက်ဆေးပြား သိမ်းဆည်းရမိမှုမှာ ၁၇၂ ရာခိုင်နှုန်း တိုးမြင့်လာသည်ဟု ONCB အချက်အလက်များတွင် ဖော်ပြထားသည်။

 

၎င်းပြည်နယ်များတွင် ခရစ်စတယ်မက် သိမ်းဆည်းရမိမှုမှာ ၎င်းကာလအတွင်း ယခင်နှစ်က ၆.၄၈ တန် သိမ်းဆည်းရမိမှုထက် ၃၉ ရာခိုင်နှုန်း တိုးမြင့်လာသည်ဟုလည်း ဖော်ပြထားသည်။

 

ဘိန်းဖြူသိမ်းဆည်းရမိမှုလည်း ပြန်လည် တိုးမြင့်လာပြီး ယခုနှစ်တွင် ၃၂၇ ကီလိုဂရမ် (၇၂၁ပေါင်) သိမ်းဆည်းရမိခဲ့ကာ ၂၀၂၃ ခုနှစ်ထက် ၇ ဆ နီးပါး မြင့်တက်လာခြင်းဖြစ်သည်။

 

- ဈေးကွက်နှုန်းထား ကျဆင်းလာ

 

မြန်မာနိုင်ငံမှ နိုင်ငံရေးမတည်ငြိမ်မှုများက ဓာတုဆေးဝါးထုတ်လုပ်မှုနှင့် မှောင်ခိုရောင်းဝယ်မှု မြင့်တက်၊ ကျယ်ပြန့်လာစေပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်ခြင်းကိုလည်း ပြန်လည်မြင့်တက်လာစေသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံးက ဆိုသည်။

 

သိမ်းဆည်းရမိမှု မြင့်တက်လာသည့်အကြားမှ ထိုင်းနိုင်ငံတွင် မက်ဆေးပြားဈေးနှုန်းများ ဆက်လက်ကျဆင်းနေသည့်အတွက် အာဏာပိုင်များ တားဆီးနိုင်သည်ထက် အဆများစွာ သိမ်းဆည်း ရမိခြင်းမရှိဘဲ လွတ်မြောက်နေဆဲဟု ယူဆရကြောင်း Apikit က ပြောသည်။

 

ထိုင်းနိုင်ငံတွင် မက်ဆေးပြားတစ်ပြား၏ ပျမ်းမျှဈေးနှုန်းမှာ ၂၀၁၇ ခုနှစ်တွင် ၈၀ ဘတ် (ဒေါ်လာ ၂.၄၉)၊ ၂၀၁၃ ခုနှစ်တွင် ၂၀၀ ဘတ် (ဒေါ်လာ ၆.၂၁) ရှိခဲ့ပြီး ယခုအခါ ၂၅ – ၃၀ ဘတ် (ဒေါ်လာ ၀.၇၈-၀.၉၃) သာ ရှိသည်ဟု ၎င်းက ပြောသည်။

 

ထိုင်းနိုင်ငံ၏ မြောက်ပိုင်းနယ်စပ် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး Narit Thanwornwong က မက်ဆေးပြား သန်း ၅၀ ကျော် ထိုင်းနိုင်ငံအတွင်းသို့ မှောင်ခိုဝင်ရောက်ရန် စောင့်ဆိုင်းဆိုင်းနေသည်ဟု ၎င်း၏ တပ်ဖွဲ့က ယုံကြည်ရကြောင်း Reuters ကို ပြောသည်။

 

မြန်မာစစ်အာဏာရှင်ကို တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့ အချို့သာ မူးယစ်ဆေးဝါးမှောင်ခိုမှုတွင် ပါဝင်နေကြောင်း၊ ပဋိပက္ခတွင် မပါဝင်သော အခြားအဖွဲ့အစည်းများမှာ ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတွင် ပါဝင်နေသည်ဟု ၎င်းက ပြောသည်။

 

ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ်သုံးခုတွင် မူးယစ်ဆေးဝါး သိမ်းဆည်းရမိမှုမှာ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာခြင်းဖြစ်ပြီး ခရစ်စတယ်မက် ၂၈၄ ရာခိုင်နှုန်း၊ အမ်ဖက်သမင်း ဆေးပြား ၂၀၁ ရာခိုင်နှုန်း၊ ဘိန်းဖြူ ၇၇ ရာခိုင်နှုန်း တိုးမြင့်သိမ်းဆည်းရမိခဲ့သည်ဟု ONCB အချက်အလက်များက ဖော်ပြထားသည်။

 

(၁ ဒေါ်လာ = ၃၂.၁၉၀၀ ဘတ်)

 

ကိုးကား - Reuters

 

ပုံစာ - ဂျွန်လ ၂၆ ရက် ၂၀၂၀ ခုနှစ် ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ်၊ အကြိမ် ၅၀ မြောက် သိမ်းဆည်းရမိသော မူးယစ်ဆေးဝါး ဖျက်ဆီးပွဲ အခမ်းအနားတွင် သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးပုံးများရှေ့တွင် စောင့်ကြပ်နေသည့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့မှ ရဲအရာရှိတစ်ဦး။ Photo: REUTERS/Athit Perawongmetha/File Photo

 

Burma Associated Press

 

မက်သာဖက်တမင်း
ထိုင်း

Share With
bap-logo