bap-logo
Intrenational Crime

လူသန်းပေါင်းများစွာ ထိခိုက်ခဲ့သည့် ဆိုင်ဘာသူလျှိုပြုလုပ်မှုအတွက် တရုတ်ကို အမေရိကန်နှင့် ယူကေ စွပ်စွဲ

ykD4yZN8b3aoLHkstvGcN-image

လွန်ခဲ့သော ၇ လ က

ဥပဒေပြုအမတ်များ၊ ပညာရှင်များ၊ ဂျာနယ်လစ်များနှင့် ကာကွယ်ရေး စာချုပ်ချုပ်ဆိုထားသူများအပါအဝင် ကုမ္ပဏီများပါဝင်သည့် လူသန်းပေါင်းများစွာကို ဆိုင်ဘာသူလျှိုပြုလုပ်၍ ထိခိုက်စေခဲ့သည်ဟု တရုတ်အစိုးရကို စွပ်စွဲ၍ အမေရိကန်နှင့် ဗြိတိသျှတာဝန်ရှိသူများက စွဲချက်တင်ခြင်း၊ ဒဏ်ခတ်အရေးယူခြင်းများ တနင်္လာနေ့တွင် ပြုလုပ်ခဲ့သည်။

 

အဆင့်မြင့် စဉ်ဆက်မပြတ် ခြိမ်းခြောက်မှု ၃၁ (Advanced Persistent Threat 31) သို့မဟုတ် "APT31” ဟု နှစ်နိုင်ငံလုံးမှ အာဏာပိုင်များက အမည်ပေးထားသော ဟက်ဟာအဖွဲ့သည် တရုတ် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ လက်ရုံးအဖွဲ့ဟု ၎င်းတို့က ပြောသည်။ အရာရှိများက ပစ်မှတ်ထားခံရသူများစာရင်းကို ဖော်ပြရာတွင် အိမ်ဖြူတော်ဝန်ထမ်းများ၊ အမေရိကန် အမတ်များ၊ ဗြိတိသျှ အမတ်များ၊ ကမ္ဘာတစ်လွှားမှ တရုတ်အစိုးရကို ဝေဖန်သူ အစိုးရအရာရှိများ ပါဝင်သည်။

 

ထိခိုက်သူ အနည်းငယ်၏ အမည်များကိုဖော်ပြခဲ့သော်လည်း အမေရိကန်အရာရှိများက ဟက်ကာများ၏ ဆယ်စုနှစ်ကျော် သူလျှိုပြုလုပ်ခြင်းသည် ကာကွယ်ရေး စာချုပ်ချုပ်ဆိုထားသူများ၊ အတိုက်အခံများ၊ အမေရိကန် သံမဏိလုပ်ငန်း၊ စွမ်းအင်လုပ်ငန်းနှင့် အဝတ်အထည်လုပ်ငန်းများအပါအဝင် အမေရိကန်ကုမ္ပဏီအများအပြားကို ထိခိုက်စေခဲ့သည်ဟု ပြောသည်။ ပစ်မှတ်ထားခံရသူများတွင် 5G မိုဘိုင်းကွန်ရက် ကိရိယာများနှင့် ကြိုးမဲ့နည်းပညာလုပ်ငန်းများတွင် ဦးဆောင်နေသူများလည်း ပါဝင်သည်။ အမေရိကန်အရာရှိများနှင့် ဥပဒေပြုအမတ်များ၏ အိမ်ထောင်ဖက်များပင် ပါဝင်သည်ဟု အရာရှိများက ပြောသည်။

 

ကမ္ဘာနှင့်ချီသည့် ဟက်ပြုလုပ် စစ်ဆင်ခြင်းသည် "တရုတ်အာဏာရှင်ကို ဝေဖန်မှုများကို ဖိနှိပ်ရန်၊ အစိုးရအဖွဲ့အစည်းများကို ထိခိုက်စေရန်နှင့် ကုန်သွယ်ရေးလျှို့ဝှက်ချက်များကို ခိုးယူရန်” ဖြစ်သည်ဟု အမေရိကန် ဒုရှေ့နေချုပ် Lisa Monaco က ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

 

အမေရိကန် သန်းပေါင်းများစွာ၏ အလုပ်အကောင့်များ၊ ပုဂ္ဂိုလ်ရေးအကောင့်များ၊ အွန်လိုင်းသိမ်းဆည်းမှုများနှင့် တယ်လီဖုန်းခေါ်ဆိုမှု မှတ်တမ်းများ ထိခိုက်ခဲ့ခြင်းနှင့် ထိခိုက်ရန် အလားအလာရှိသည်ဟု တရားရုံးတွင် တနင်္လာနေ့က ဖွင့်ဖောက်ခဲ့သည့် တရုတ်ဟက်ကာ ခုနှစ်ဦးအပေါ် စွဲချက်တွင် အမေရိကန် အစိုးရရှေ့နေများက ဖော်ပြသည်။

 

ဗြိတိန်နှင့် အမေရိကန်မှ တရုတ်သံတမန်များက စွပ်စွဲချက်များကို မခိုင်လုံဟုဆိုကာ ပယ်ချခဲ့သည်။ လန်ဒန်ရှိ တရုတ်သံရုံးက စွဲချက်များကို "လုပ်ကြံဖန်တီးမှုသက်သက်ဖြစ်ပြီး မသမာသော မှားယွင်းပြောဆိုမှုများ” ဟု ပြောဆိုခဲ့သည်။

 

တရားရေးဌာနက စွဲချက်တင်ခဲ့သော ဟက်ကာခုနှစ်ဦးနှင့် အဆက်အသွယ်ပြုလုပ်ရန် အချက်အလက်များ Reuters က ချက်ချင်း ရှာဖွေ၍ မရနိုင်ခဲ့ပေ။

 

ဟက်ပြုလုပ်မှုများနှင့် ဆက်နွယ်နေသည့် တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ ဟန်ပြကုမ္ပဏီကို ဗြိတိန်နှင့် အမေရိကန်နှစ်နိုင်ငံလုံးက ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ကြေငြာခဲ့သည်။

 

Wuhan Xiaoruizhi သိပ္ပံနှင့် နည်းပညာကုမ္ပဏီနှင့် တရုတ်နိုင်ငံသားနှစ်ဦးကို ဒဏ်ခတ်အရေးယူကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

 

ကျွန်ုပ်တို့နိုင်ငံ၏ ဆိုင်ဘာလုံခြုံရေးကို ယိမ်းယိုင်စေရန်နှင့် အမေရိကန်နိုင်ငံသားများနှင့် ကျွန်ုပ်တို့၏ ဆန်းသစ်ပြောင်းလဲမှုများကို ပစ်မှတ်ထားနေသော တရုတ်နိုင်ငံ၏ ဆက်လက်ပြုလုပ်နေသော ရိုင်းစိုင်းသည့်လုပ်ရပ်များကို ယနေ့ ထုတ်ပြန်ကြေငြာချက်ဖြင့် ဖော်ထုတ်လိုက်သည်။” ဟု FBI ညွှန်ကြားရေးမှူး Christopher Wray က ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြသည်။

 

တရုတ်အစိုးရကျောထောက်နောက်ခံပြုထားသည့် ဟက်ပြုလုပ်မှုများအပေါ် အနောက်နိုင်ငံထောက်လှမ်းရေးအေဂျင်စီများက သတိပေးချက်များ မြင့်တက်နေစဉ်မှာပင် ဆိုင်ဘာသူလျှိုပြုလုပ်ခြင်းနှင့် ဆက်နွယ်နေသည့် တင်းမာမှုများမှာ တရုတ်အစိုးရနှင့် အမေရိကန်အစိုးရအကြား မြင့်တက်နေခဲ့ခြင်းဖြစ်သည်။

 

တရုတ်နိုင်ငံကလည်း အနောက်နိုင်ငံဟက်ပြုလုပ်မှု စစ်ဆင်ရေးများကို မကြာသေးမီနှစ်များအတွင်းက စတင်ပြောဆိုလာခဲ့သည်။ ဥပမာအားဖြင့် ပြီးခဲ့သည့်နှစ်တွင် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီသည် တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးကို အကြိမ်ကြိမ် ထိုးဖောက်ဝင်ရောက်ခဲ့သည်ဟု စွပ်စွဲထားသည်။

 

အမေရိကန်အစိုးရရှေ့နေများက ပစ်မှတ်ထားခံရသည့် ကမ္ဘာတစ်လွှားရှိ တိုက်ခိုက်ခံရသူများ အမည်မဖော်ဘဲ စာရင်းပြုလုပ်ခဲ့သော်လည်း အရေအတွက်အတော်များများမှာမူ‌ ပေါ်လွင်သိသာနေခဲ့သည်။

 

၂၀၂၀ ခုနှစ်တွင် တရုတ်ဟက်ကာများက အမေရိကန် သမ္မတမဲဆွယ်စည်းရုံးမှုများအတွက် လုပ်ကိုင်နေသည့် ဝန်ထမ်းများကို ပစ်မှတ်ထားခဲ့သည်ဟု အစိုးရရှေ့နေများက ပြောသည်။ ဖော်ပြချက်များမှာ ၎င်းအချိန်က Google က ဖော်ပြခဲ့သည့် တရုတ်ဟက်ကာများက မသမာသည့် အီးမေးလ်များကို လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်၏ မဲဆွယ်စည်းရုံးပွဲများသို့ ပေးပို့ခဲ့သည်ဟု ဖော်ပြချက်များနှင့် ကိုက်ညီနေသော်လည်း ထိခိုက်မှုများ စစ်ဆေးတွေ့ရှိခဲ့ခြင်း မရှိပေ။

 

နိုင်ငံရေးသမားတွေ၊ ပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းတွေဆီမှာ စုဆောင်းသူတွေအတွက် ရှားပါး ပထဝီနိုင်ငံရေး အတွင်းရေး အချက်အလက်တွေကနေ ကြီးမားတဲ့ သတင်းအချက်အလက်ရတနာသိုက်တွေအထိ အရင်းအမြစ် ကြွယ်ဝပါတယ်။” ဟု Google ကို ပိုင်ဆိုင်သည့် Alphabet ကုမ္ပဏီ၏ ဌာနခွဲ အမေရိကန် ဆိုင်ဘာလုံခြုံရေး သတင်းအချက်အလက်အဖွဲ့အစည်းမှ လေ့လာဆန်းစစ်ရေးအကြီးအကဲ John Hultquist က ပြောသည်။

 

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့အတိုင်း APT31 လို လုပ်ဆောင်သူတွေဟာ သူတို့ စုဆောင်းဖို့ တာဝန်ပေးခံထားရတဲ့ ပထဝီနိုင်ငံရေးသတင်းအချက်အလက်တွေ ရှာဖွေဖို့ နိုင်ငံရေးအဖွဲ့အစည်းတွေဘက်ကို လှည့်လာကြပါတယ်။” Hultquist က ပြောသည်။

 

ကိုးကား - Reuters

 

ပုံစာ - မတ်လ ၁ ရက် ၂၀၁၇ ခုနှစ်တွင် သရုပ်ဖော်ထားသည့် ဆိုင်ဘာကုဒ်များမှ အလင်းများ ထပ်ဟပ်နေသည့် ကွန်ပျူတာကီးဘုဒ်တစ်ခု။ (REUTERS/Kacper Pempel/Illustration/File Photo)

 

အမေရိကန်
UK
ဆိုင်ဘာသူလျှိုပြုလုပ်မှု
တရုတ်

Share With
bap-logo