bap-logo
Articles

‘ကျွန်တော်က မန္တလေးသူပါ’

7Z7vwKFrDHyRqDH4HMExz-image

လွန်ခဲ့သော ၅ လ က

-        မြန်မာရှေ့တန်းတွင်တိုက်ခိုက်နေသည့် ဆယ်ကျော်သက် အမျိုးသမီးစစ်သည် တစ်ဦး၏ ပြောကြားချက်

 

မြန်မာဒီမိုကရေစီလိုလားသူ တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုမှ အသက် ၁၈ နှစ်အရွယ် တပ်သားသစ် တစ်ဦးသည် စစ်အာဏာရှင်တပ်ဖွဲ့ကို ဒရုန်းတိုက်ခိုက်မှုပြုရန် ပြင်ဆင်နေသည်။

 

မိုးမိုးသည် ဗုဒ္ဓဘာသာအများစုနေထိုင်ရာ ကျားမရေးရာအစဉ်အလာများ ပြောင်းလဲသွားသည့် မြန်မာနိုင်ငံမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် အမျိုးသားများနှင့်အတူ လေ့ကျင့်၊ နေထိုင်၊ တိုက်ပွဲ ဝင်နေသည့် အမျိုးသမီးရာဂဏန်းများစွာအနက် တစ်ဦးအပါအဝင်ဖြစ်သည်။

 

သူမသည် မြန်မာနိုင်ငံမှ ရှားရှားပါးပါး ဒီမိုကရေစီကာလအတွင်း ကြီးပြင်းလာခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းလိုက်သောအခါ စစ်အာဏာရှင်အုပ်ချုပ်မှု အဆုံးသတ်ရေး ဖွဲ့စည့်းခဲ့သည့် PDF အဖွဲ့ ဒါဇင်ပေါင်းများစွာအနက် တစ်ခုအတွင်းသို့ ဝင်ရောက်ပူးပေါင်းလိုက်သည်။

 

မိုးမိုးသည် အစောပိုင်း၌ စစ်တပ်ဆန့်ကျင်ဆန္ဒပြရေး စီစဉ်ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုတွင် ပါဝင် ခဲ့သော်လည်း စစ်အာဏာရှင်တို့၏ အသေအကြေဖြိုခွင်းမှုများ လနှင့်ချီလာသောအခါ တိုက်ခိုက် ရေးသမားတစ်ဦးဖြစ်လာရန် ဆုံးဖြတ်ချက်ချခဲ့သည်။

 

ကျွန်တော် စစ်တပ်ရဲ့ တရားမျှတမှုမရှိတာကို သည်းမခံနိုင်ဘူး

 

ကျွန်တော် စစ်တပ်ရဲ့ တရားမျှတမှုမရှိတာကို သည်းမခံနိုင်ဘူး။” ဟု လူဦးရေထူထပ်သည့် မန္တလေးနှင့် နယ်စပ် ရှမ်းပြည်နယ်တွင် ဒရုန်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် သူမက ပြောသည်။

 

သူတို့က အပြစ်မဲ့ ပြည်သူတွေကို သတ်တယ်လေ။ ဒီလို တပ်ဖွဲ့ထဲဝင်ရတဲ့ အဓိက အကြောင်းက ဒေါသထွက်လွန်းလို့ပဲ။”

 

မိုးမိုးသည် အဖွဲ့၏ ပြောက်ကျားဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ လက်မောင်းတွင် အနီရောင် ဒေါင်းတံဆိပ်ကို တပ်ဆင်ထားသည်။ မန္တလေး PDF ထဲတွင် သူမ၏ သူငယ်ချင်းများရှိပြီး သူမကို အတူတိုက်ခိုက်ရန် ဖိတ်ခေါ်ခဲ့သည်ဟု ပြောသည်။

 

ကျွန်တော့်ကို မန္တလေးမှာ မွေးတာ။ ကျွန်တော်က မန္တလေးသူပါ။ ဒီတော့ မန္တလေး PDF ကို ဝင်တာပေါ။” ဟု ပြောသည်။

 

မိုးမိုးသည် လုံခြုံရေးအရ နာမည်ဝှက်အသုံးပြုထားပြီး အခြား အမျိုးသမီးများနှင့်အတူ စစ်တပ်ကို ဒရုန်းနှင့် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

 

စစ်တပ်ပစ်မှတ်တစ်ခုအပေါ် ဗုံးတစ်လုံး တိုက်ရိုက်ချလိုက်နိုင်ရင် အဲဒီနေ့ တစ်နေ့လုံး နေရတာ ကျေနပ်တယ်။ ဒါကပဲ ကျွန်တော့်ကို စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးတာပဲ။” ဟု သူမက ပြောသည်။

 

ကျွန်တော် ဘာလုပ်နိုင်တယ်ဆိုတာ ကောင်းကောင်းပြဖို့ ဒရုန်းစစ်ဆင်ရေးတွေ ပိုလိုချင်တယ်။”

 

ဒရုန်းစစ်ဆင်ရေးအကြီးအကဲ အမျိုးသားစစ်သည် စိုးသူရဇော်က အမျိုးသမီးစစ်သည်များသည် လေးစားလောက်သည့် အရည်အချင်းများရှိကြောင်း သက်သေပြနေကြသည်ဟု ဆိုသည်။

 

ကျွန်တော်တို့ အမျိုးသမီးတွေရဲ့ စွမ်းရည်ကို ယုံကြည်တယ်။ အမျိုးသမီးစစ်သည်တွေရဲ့ စွမ်းရည်တွေကို ဘယ်လို အကောင်းဆုံး အသုံးပြုရမလဲဆိုတာ ကျွန်တော်တို့ စဉ်းစားတဲ့အခါမှာ ဒရုန်းတပ်ဖွဲ့နဲ့ အသင့်တော်ဆုံးပဲလို့ ဆုံးဖြတ်ခဲ့ကြတယ်။” ဟု ၎င်းက ပြောသည်။

 

'အိမ်ပြန်ခဲ့ပါ။'

 

မန္တလေး PDF မှ အမျိုးသမီးများသည် ကင်းလှည့်ခြင်း၊ ဆေးတပ်သားစသည်ဖြင့် အခြားတာဝန်မျိုးစုံ ကိုလည်း ထမ်းဆောင်နေကြသည်။

 

တိုက်ပွဲဝင်ဘောင်းဘီ၊ တီရှပ်များ ဝတ်ဆင်ထားသော အမျိုးသမီးတပ်ဖွဲ့ဝင်အသစ်များသည် နည်းပြ၏ စူးရှသော ဝီစီမှုတ်သံထွက်ပေါ်လာသောအခါ မြေလမ်းတစ်လျှောက် မနက်ပိုင်းအပြေး လေ့ကျင့်ရေး ဆင်းကြသည်။

 

ထို့နောက် ထမင်းနှင့် အသားဟင်းတို့ စားဖိုဆောင်တွင် မစားသောက်မီ ၎င်းတို့သည် အိပ်ထမတင်၊ ထိုင်ထစသည့် အပင်ပန်းခံနိုင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ကြသည်။

 

အမျိုးသမီးများသည် မန္တလေး PDF အဖွဲ့ ရန်ပုံငွေရရှိရေးနှင့် ကျွေးမွေးရေးအတွက် အုပ်ချုပ်မှုလုပ်ငန်းများလည်း လုပ်ဆောင်ကြရသည်။

 

လပ်တော့နှင့် စာရွက်များ ပြန့်ကျဲနေသော ရုံးစားပွဲတစ်လုံးတွင် အမျိုးသမီးတစ်စု အလုပ်များ နေကြစဉ် လေကြောင်းအန္တရာယ် လေ့ကျင့်ပြင်ဆင်မှု ခရာတွတ်သံကြားလိုက်ရ၍ ဖိုင်များကို လက်ထဲတွင် ကိုင်လျက် နီးစပ်ရာ ကတုတ်ကျင်းသို့ ခိုလှုံရန် ပြေးကြရသည်။

 

အခြားအမိုးအကာအောက်တွင်မူ အမျိုးသမီးများသည် အဖွဲ့၏ အဖိုးတန်လက်နက်များ အကောင်းအတိုင်းရှိစေရေးအတွက် ရိုင်ဖယ်များကို အဖြုတ်အတပ်ပြုလုပ်ပြီး အဝတ်စများနှင့် ဆီများအသုံးပြု သန့်ရှင်းရေးလုပ်နေကြသည်။

 

မကြာသေးခင်ရက်သတ္တပတ်များအတွင်း မန္တလေး PDF သည် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်သုံးဖွဲ့၏ ရှမ်းပြည်နယ်မှ တိုက်ပွဲများအတွင်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

 

တိုက်ပွဲများ များပြားလာသည့်အတွက် မန္တလေး PDF မှ အမျိုးသမီးဆေးအဖွဲ့များလည်း အလုပ်များလာ ကြသည်။

 

အိပ်ရာတစ်ခုပါဝင်ပြီး အိမ်ပြင်ပတွင် ပုလင်းအနည်းငယ်ပါရှိသည့် တွန်းလှည်းတစ်ခု ရှိသော ကျန်းမာရေးဌာနတစ်ခုတွင် ဆရာဝန်တစ်ဦးနှင့် သူနာပြုတစ်ဦးတို့က ဒဏ်ရာရ တိုက်ခိုက်ရေးသမား တစ်ဦးကို ပတ်တီးလဲလှယ် ဆေးထည့်ပေးနေသည်။

 

နေ့လည်ဘက်တွင် ကင်းလှည့်ရန် တာဝန်ကျသူနှစ်ဦးက လက်နက်များကို စွဲယူကာ အလင်းရောင် ဖျော့လာသည့် တောအုပ်အတွင်း ဝင်သွားကြသည်။

 

သူတို့သည် ပြောက်ကျားဝတ်စုံပြည့် ဝတ်ဆင်ထားကြပြီး နှုတ်ခမ်းနီနှင့် ၎င်းတို့၏ လက်မောင်း တံဆိပ်အနီများမှာ လိုက်ဖက်ညီနေကြသည်။

 

ညဘက်တွင် မီးပုံအနီးစုဝေးကြပြီး အိမ်နှင့် ဖုန်းပြောသူက ပြောကြသည်။

 

၎င်းအချိန်သည် မိုးမိုးအတွက် အထူးသဖြင့် ကျန်ရစ်ခဲ့သူများအကြောင်း စဉ်းစားလေ့ရှိသည့် အချိန် ဖြစ်သည်

 

တခါတလေတော့ အိမ်ကို လွမ်းတယ်

 

"တခါတလေတော့ အိမ်ကို လွမ်းတယ်။" မိုးမိုးက ပြောသည်။

 

ဒါပေမယ့် အမေနဲ့ စကားပြောရတိုင်း ကျွန်တော့်အမေက 'ငါ့သမီး၊ ငါတို့ အဆင်ပြေတယ်။ တော်လှန်ရေးပြီးမှ အိမ်ပြန်လာခဲ့နော်။’ လို့ ကျွန်တော့်ကို ပြောတယ်။”

 

အမေ့စကားကို သတိရမိတာနဲ့ ကျွန်တော် အဆင်ပြေသွားပါတယ်။”

 

ကိုးကား - AFP

 

ပုံစာ - မြန်မာ့ PDF တပ်ဖွဲ့များတွင် အမျိုးသားများနှင့်အတူ အမျိုးသမီး ရာပေါင်းများစွာ လေ့ကျင့်၊ နေထိုင်၊ တိုက်ခိုက်နေကြသည်။ (Photo: STR)

 

မန္တလေး PDF
အမျိုးသမီးများ

Share With
bap-logo